မနေ့ည က ကစားခဲ့တဲ့ စတမ်းဖို့ဒ်ဘရစ်ချ်မှ ယခု တပတ် ပရီးမီးယားလိဂ် Big Match မှာ လက်ရှိ ချန်ပီယံ မန်စီးတီး အသင်း ဟာ ဒီရာသီ ပုံစံကောင်း တောက်လျှောက် ပြသနေတဲ့ ချဲလ်ဆီး အသင်း ကို ဘရာဇီး တိုက်စစ်မှူး ဂါဘရီရယ် ဂျေဆုစ်ရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့ပါတယ် ။

ဒီပွဲမှာ မန်စီးတီး ဟာ ပွဲစတယ် ဆိုတာနဲ့ ထုံးစံ အတိုင်း ဘောလုံး ပိုင်ဆိုင်မှုကို အသားပေးသွားခဲ့တယ် ဆိုပေမယ့် ၊ ကစားအားနဲ့ ဘောလုံး ခြေထဲက လွတ်သွားပြီးချင်း ပြိုင်ဖက်ဆီက ဘောလုံး မရမက ရအောင် ပြန်လိုက်ကစားတဲ့ ပုံစံတွေက ချီးကျူးစရာ ကောင်းခဲ့ပါတယ် ။

ဒါ့အပြင် အိမ်ရှင် အသင်းကို တပွဲလုံးမှာ ဂိုးပေါက် တည့်မတ်မှု မရှိအောင် ခံစစ် က တားဆီး ပြနိုင်ခဲ့သလို ၊ တိုက်စစ်အားနဲ့ အခွင့်အရေး ဖန်တီးမှု အပိုင်းမှာလည်း ချဲလ်ဆီးထက် မန်စီးတီးတို့ အပြတ်အသတ် သာလွန် ကောင်းမွန်ခဲ့ပါတယ် ။ အဆုံးသတ်သာ သေချာခဲ့မယ် ဆိုရင် မန်စီးတီးတို့ ၃ဂိုးပြတ်လောက် အနိုင်ရခြေ ရှိခဲ့ပါတယ် ။

 

မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာ ဟာ ယခု တကြိမ် မတိုင်မီ ၊ နောက်ဆုံး ၃ကြိမ်ဆက် မဟာပြိုင်ဖက် တသင်း ဖြစ်တဲ့ ချဲလ်ဆီးကို အရေးနိမ့်ခဲ့တာကြောင့် ၊ ပွဲမစခင်ကတည်းက ၎င်း အသုံးပြုခဲ့တဲ့ ပွဲထွက်စာရင်း ကို ကြည့်ရုံနဲ့ အိမ်စာ သေသေချာချာ လုပ်လာခဲ့ပြီး ၊ ချန်ပီယံလိဂ် ဖိုင်နယ်ကလို ကြောင်တောင်တောင် နည်းစနစ်တွေ လုံးဝ မသုံးသွားခဲ့ပါဘူး ။

ဒီအတွက်ကြောင့် ဒီတကြိမ်မှာ မန်စီးတီးတို့ ခြေရည်အသာနဲ့ အနီးကပ် ပြိုင်ဖက် တသင်းကို သူတို့ရဲ့ အိမ်ကွင်း ပရိသတ်ရှေ့မှောက်မှာ အနိုင်ရခဲ့တာ ဖြစ်ပါတယ် ။ ပွဲအပြီးမှာတော့ တလုံးသော အနိုင်ဂိုးရှင် ဂါဘရီရယ် ဂျေဆုစ် က ပွဲမတိုင်ခင် ဂွာဒီယိုလာရဲ့ နည်းစနစ် ပြင်ဆင်မှုကို အခုလိုပဲ ရှင်းလင်းခဲ့ပါတယ် ။

 

BT Sport နဲ့ တွေ့ဆုံခဲ့တဲ့ ပွဲပြီး အင်တာဗျူးမှာ ဂျေဆုစ် က ” ဒါဟာ တခြား ကလပ်တွေကို မက်ဆေ့ချ်ပေးခဲ့တဲ့ ပွဲမျိုး မဟုတ်ပါဘူး ။ ကျွန်တော်တို့ဟာ အမြဲတမ်း ကစားပုံ ကောင်းဖို့ ကြိုးစားပါတယ် ။ တခါတလေမှာ ထင်ထားသလို ကစားပုံ မကောင်းခဲ့တာတွေလည်း ရှိခဲ့ပါတယ် ။ “

” ဒါပေမယ့် ဒီနေ့ ပွဲမှာတော့ ကျွန်တော်တို့ဟာ ပြိုင်ဖက်ကို ထိန်းချုပ်နိုင်ခဲ့သလို ၊ တိုက်စစ် အတွက် အခွင့်အရေး ဖန်တီးမှုတွေလည်း အများအပြား လုပ်နိုင်ခဲ့ပါတယ် ။ ဒီပွဲ အတွက် ကျွန်တော်တို့ဟာ ခါတိုင်း ပွဲတွေကအတိုင်း ပြင်ဆင်မှုမျိုး လုပ်ခဲ့ပြီး ၊ ဒါဟာ ကမ္ဘာ့ အကောင်းဆုံး အသင်း တသင်းနဲ့ ရင်ဆိုင်ရတာ ဖြစ်လို့ ခက်ခဲနိုင်မှန်း သိခဲ့ကြပါတယ် ။ အဆုံးမှာ ကျွန်တော်တို့ ကစားပုံကောင်းကောင်းနဲ့ နိုင်ခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ဂျေဆုစ် က သူ့ရဲ့ သွင်းဂိုးနဲ့ ပတ်သက်ပြီးလည်း ” ဒီကန်ချက် အတွက် ကျွန်တော် ခန္ဓာကိုယ်ကို သေသေချာချာ လှည့်ပြီး ထိန်းကန်နိုင်ခဲ့မယ်လို့ ဘယ်တော့မှ မထင်ခဲ့ပါဘူး ။ ဘာလို့လဲ ဆိုတော့ တခါတလေမှာ ဒီလို ပုံစံ ကန်ချက်မျိုး က ဟန်ချက် ထိန်းနိုင်ဖို့ ခက်ခဲလို့ပါ ။ ဒါပေမယ့် ကျွန်တော် ကန်နိုင်ခဲ့ပါတယ် ။ “

” ဟုတ်ပါတယ် ။ ကန်ချက် က ပြိုင်ဖက် ကစားသမားနဲ့ ထိပြီး လမ်းကြောင်းပြောင်း ဂိုးဝင်ခဲ့လို့ ကံနည်းနည်းကောင်းခဲ့တယ်လည်း ဆိုနိုင်ပါတယ် ။ ဒါပေမယ့် ဂိုးရခဲ့တဲ့ အတွက် ကျွန်တော် ပျော်ရွှင်ပါတယ် ။ အရေးကြီးဆုံး အရာကတော့ တသင်းလုံး ကစားပုံ ကောင်းခဲ့ပြီး ၊ အနိုင် ၃မှတ် ရခဲ့ခြင်းပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာ ကလည်း ချဲလ်ဆီးလို အသင်းမျိုးကို စတမ်းဖို့ဒ်ဘရစ်ချ် အထိ လာရောက် ကစားပြီး အနိုင်ရခဲ့တာ ဂုဏ်ယူစရာ ကောင်းတဲ့ အကြောင်းကို ” ဒါဟာ လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်ပြီး ၊ သူတို့ကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ အနိုင် ကစားရတာ ကျွန်တော်တို့ အတွက် ဂုဏ်ယူဖို့ ကောင်းပါတယ် ။ ဒါဟာ စပါယ်ရှယ် အခိုက်အတန့် တခုပါ ။ “

” အသင်းသားတွေရဲ့ စိတ်ဓာတ်အားကလည်း လုံးဝ အံ့သြဖွယ် ကောင်းခဲ့ပါတယ် ။ ကျွန်တော်တို့ဟာ ဒီနေ့လို ပွဲမျိုးတွေ ၊ ဗိုလ်လုပွဲတွေကို ရှုံးချင် ရှုံးနိုင်ပါတယ် ။ ဒါပေမယ့် ရဲရင့် ပြတ်သားမှုနဲ့ အမြဲတမ်း ကစားနိုင်တာကိုတော့ လူတွေ ငြင်းလို့ ရမှာ မဟုတ်ပါဘူး ။ ဒီလို ကစားရခက်တဲ့ ပြိုင်ဖက်ကွင်းတွေ အထိ ကစားအား ကောင်းကောင်းနဲ့ ကစားပေးတတ်တဲ့ အသင်းသားတွေ အတွက် ကျွန်တော် ဂုဏ်ယူပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR