ချဲလ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၆ မှာ အနီးကပ် ပြိုင်ဖက် မန်စီးတီး အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ ၀ – ၁ ရလဒ်နဲ့ အရေးနိမ်ခဲ့တာကြောင့် ၊ ဒီရာသီ ပထမဆုံး ရှုံးပွဲကို ကြုံတွေ့ခဲ့ရပြီ ဖြစ်ပါတယ် ။

ထိုပွဲမှာ ချဲလ်ဆီး အသင်း နည်းပြ သောမတ်စ် တူချယ်ရဲ့ ပွဲချဉ်းကပ်ပုံ အနည်းနဲ့ အများ မှားယွင်းမှု ရှိခဲ့သလို ၊ မန်စီးတီးရဲ့ တရစပ် ဖိအားပေးမှုကြောင့်လည်း ချဲလ်ဆီး အသင်းသား အများစု ဟာ ပထမပိုင်း နဲ့ ဒုတိယပိုင်း အစတွေမှာ ခံစစ်ဇုန် အတွင်း အချိန်ကုန်ခဲ့ရပါတယ် ။

အဖွင့်ဂိုး ပေးခဲ့ရပြီးနောက် ၊ တူချယ် ဟာ လူစားလဲမှု ၂ခုနဲ့ နည်းစနစ် ပြောင်းလဲမှု အနည်းငယ် ပြုလုပ်ခဲ့ပေမယ့် ၊ ကျစ်လျစ်မှုနဲ့ တုန့်ပြန်မှု ကောင်းခဲ့တဲ့ မန်စီးတီး ခံစစ်ကြောင့် ဂိုးပေါက် တကြိမ်မှ တည့်မတ်ခဲ့ခြင်း မရှိပဲ ရှုံးပွဲ တွေ့သွားခဲ့တာ ဖြစ်ပါတယ် ။

ဒီ ရှုံးပွဲကြောင့် ချဲလ်ဆီး ဟာ အဆင့် ၃ နေရာသို့ ပြန်ဆင်းပေးခဲ့ရပေမယ့် ၊ ပွဲချောင်တဲ့ လီဗာပူးတို့ အမှတ် အပြည့် မယူနိုင်ခဲ့တာကြောင့် ၊ ဇယားထိပ်နဲ့ တမှတ်သာ ကွာဟလျက် ရှိပါတယ် ။ မနက်ဖြန်ညမှာတော့ ချဲလ်ဆီး အသင်း ဟာ ချန်ပီယံလိဂ် အုပ်စု ဒုတိယပွဲ အဖြစ် အုပ်စုတွင်း အတောင့်တင်းဆုံး ပြိုင်ဖက် ယူဗင်တပ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ် ။

တူရင်မြေမှာ ကစားရမယ့် ဒီ ပွဲကြပ် တပွဲမှာ မန်စီးတီးနဲ့ အရှုံး ရလဒ် ကို အမြန်ဆုံး ကုစားဖို့ လိုကြောင်း အသင်းဖော်တွေကို တိုက်တွန်းတဲ့ အနေနဲ့ ချဲလ်ဆီး အသင်းရဲ့ ဒိန်းမတ် လက်ရွေးစင် ခံစစ်မှူး အန်ဒရီယာစ် ခရစ်တန်ဆန် ဟာ ကလပ် တရားဝင် ဝက်ဘ်ဆိုက်နဲ့ တွေ့ဆုံခဲ့ရာမှာ အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။

ခရစ်တန်ဆန် က ” ဒါဟာ အရှုံး ရလဒ် ကို ကုစားဖို့ အတွက် ပြီးပြည့်စုံမှု ရှိတဲ့ အချိန်ကောင်း တရပ်ပါပဲ ။ ဒီရာသီ ပထမဆုံး ရှုံးပွဲ တွေ့သွားခဲ့တာ ကျွန်တော်တို့ အတွက် ဆိုးရွားခဲ့ပေမယ့် ၊ နောက်ပွဲတွေက ရှေ့မှာ အသင့် စောင့်ကြိုနေပြီး ၊ လာမယ့်ပွဲဟာလည်း ပွဲကြပ် တပွဲ ဖြစ်ပါတယ် ။ “

” ဒါပေမယ့် အရှုံး ရလဒ်ကနေ နိုးထဖို့ အခွင့်အရေးကောင်း တခု ဖြစ်တဲ့ ဒီပွဲကို ကျွန်တော်တို့ အမှန်တကယ် ယှဉ်ပြိုင်လိုကြပါတယ် ။ နောက်ထပ် အသင်းကောင်း တသင်းကို ရင်ဆိုင်ပြီး အနိုင်ယူရာကနေ အရှုံး ရလဒ် ကို ပြန်ကုစားတာလောက် ကောင်းတဲ့ အနေအထား မရှိပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ခရစ်တန်ဆန် က မန်စီးတီးနဲ့ ပွဲအကြောင်းနဲ့ ပတ်သက်ပြီးလည်း ” အဲဒီပွဲမှာ ကျွန်တော်တို့ဟာ အသင်းလိုက် ခံစစ် ကစားပုံ ကျစ်လျစ်မှု ရှိခဲ့တယ်လို့ မထင်ပါဘူး ။ ကျွန်တော်တို့ဟာ အရင်ပွဲတွေမှာ ၃ယောက်တန်း ခံစစ် ကစားသည်ဖြစ်စေ ၊ ၅ယောက်တန်း ခံစစ် ကစားသည် ဖြစ်စေ ၊ ခံစစ် ကျစ်လျစ်မှု ကို ပြသနိုင်ခဲ့ပါတယ် ။ “

” အိမ်ကွင်းမှာ ကစားရတဲ့အခါတိုင်း ၊ ခင်ဗျား ဟာ နိုင်ပွဲ ရချင်မှာပါ ။ ဒါပေမယ့် ကျွန်တော်တို့ဟာ ပြိုင်ဖက် က အဖွင့်ဂိုး စသွင်းပြီးတဲ့အခါမှသာ ၊ ပြန်ပြီး နိုးထနိုင်ခဲ့တာပါ ။ အချိန်က နှောင်းသွားခဲ့ပါပြီ ။ ကျွန်တော်တို့ဟာ ဒီပွဲရဲ့ နောက်ပိုင်း ပွဲချိန်တွေမှာ တောင့်တင်းတဲ့ ကစားဟန်ကို ပြသနိုင်ခဲ့ပေမယ့် ၊ သူတို့က ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့ပါတယ် ။ “

” ဘယ်လိုပဲဖြစ်ဖြစ် ဒီပွဲဟာ ခက်ခဲခဲ့မှာ သေချာပါတယ် ။ ကျွန်တော်တို့ဖက်က အစစအရာရာ လျော့ရဲနေခဲ့တယ်လို့ ခံစားခဲ့ရပါတယ် ။ အထူးသဖြင့် ပထမပိုင်းမှာပေါ့ ။ ပထမပိုင်း အတွင်း ဘောလုံး ရတဲ့ အချိန်တိုင်း တိုက်စစ်ကို ပံ့ပိုးပေးဖို့ ရွေးချယ်စရာ မရှိခဲ့ပါဘူး ။ “

” တိုက်စစ်ကို လိုက်ပါတဲ့ နေရာမှာလည်း ပြင်းထန်မှု မရှိခဲ့ပါဘူး ။ ဘောလုံး ထိန်းသိမ်းတဲ့ နေရာ ၊ ဘောလုံး ခြေထဲ ရှိတဲ့ နေရာ စသဖြင့် ဟိုဟိုဒီဒီ အနည်းငယ်စီ အားနည်းခဲ့ပါတယ် ။ စိတ်ပျက်စရာ ရှုံးပွဲ တပွဲ ဖြစ်ခဲ့ပေမယ့် ၊ နောက်ပွဲတွေကိုပဲ ကျွန်တော်တို့ ရှေးရှုရပါတော့မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR