ပီတာခရောက်ချ်နဲ့ မိုက်ကယ်အိုဝင် တို့ဟာ မနေ့ညက ပေါ်တိုကို အဝေးကွင်းမှာ ၅-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အသင်းရဲ့ သွင်းဂိုး ၄ ဂိုးမှာ ပါဝင် ပက်သက်ခဲ့တဲ့ ကွင်းလယ်လူ ကာတစ်ဂျုံးရဲ့ ခြေစွမ်းကို အထူးချီးကျူး သွားခဲ့ကြပါတယ်။ လီဗာပူးဟာ မိုဆာလား ၊ ဖာမီနို ( ၂ ဂိုးစီ) ၊ မာနေး တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ပေါ်တူဂီမှာ အနိုင်ရရှိခဲ့ကာ ၂ ပွဲကစား ၆ မှတ်နဲ့ အုပ်စု ထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။

လီဗာပူးရဲ့ front three သွင်းဂိုးတွေနဲ့ ဟီးရိုးတွေ ဖြစ်ခဲ့ကြပေမယ့်လည်း ကာတစ်ဂျုံးဟာ ဆာလား နဲ့ ဖာမီနို တို့ရဲ့ သွင်းဂိုး အားလုံးမှာ အဓိက ပါဝင် ပက်သက်ခဲ့ပြီး ဂိုးဖန်တီးမှု ၂ ကြိမ် ရရှိခဲ့ပါတယ်။ အသက် ၂၀ အရွယ် ကွင်းလယ်လူရဲ့ ခြေစွမ်းကို အသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန် သာမကဘဲ လီဗာပူး ကစားသမားဟောင်းတွေ ဖြစ်ကြတဲ့ bt sports မှာ pundit အဖြစ် လုပ်ကိုင်နေကြတဲ့ အိုဝင်နဲ့ ခရောက်ချ် တို့ကလည်း ချီးကျူးသွားခဲ့ကြပါတယ်။

ခရောက်ချ်က “ကာတစ်ဂျုံးဟာ ဒီညမှာ အတော် ကောင်းအောင် ကစားသွားခဲ့ပါတယ်။ သူဟာ တကယ့်ကို ထူးချွန်တဲ့ ဘောလုံးစွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ အပြင် အချိန်ကိုက် ပြေးလွှားမှုတွေ မောင်းနှင်မှုတွေ လုပ်နိုင်တဲ့ သူပါ။ သူဟာ ဒီညမှာ လီဗာပူးရဲ့ ကစားပုံမှာ အဓိက အစိတ်အပိုင်း အဖြစ် ပါဝင် ကစားသွားခဲ့ပါတယ်။” လို့ ချီးကျူးခဲ့ပါတယ်။

အိုဝင်က “သူဟာ ပွဲထွက် ကစားသမား နေရာအတွက် ကီတာ နဲ့ တီယာဂို တို့ကို ၁၀၀% စိန်ခေါ်နိုင်မှာပါ။ ဒါပေမယ့် ဟာဗေးအယ်လီယော့ ဒဏ်ရာ မရမီ သူဟာ ပွဲကစားခွင့် နည်းပါးနေခဲ့ပြီး အသင်းရဲ့ ကွင်းလယ်မှာ ဒဏ်ရာ ပြသနာ တစ်ခု နှစ်ခု ကြုံခဲ့ရပြီးနောက် သူဟာ လီဗာပူးရဲ့ အကျီကို ပြန်လည် ဝတ်ဆင်ခွင့် ရခဲ့ပါတယ်။ ဒါပေမယ့် ဂျော်ဒန်ဟန်ဒါဆန် ပြောခဲ့သလိုပဲ သူဟာ အမြဲတမ်း အသင့် ဖြစ်နေသူပါ။ လက်ရှိအချိန်ဟာ လီဗာပူးမှာ နေရာ တစ်နေရာ ဆုပ်ကိုင်ဖို့ အတွက် သူ့အတွက် အချိန်ကောင်းပါပဲ။

အသင်းရဲ့ ကံမကောင်းတဲ့ ဒဏ်ရာပြသနာတွေဟာ သူ့အတွက်တော့ အကူအညီ ဖြစ်သွားစေခဲ့ပါတယ်။ အခွင့်အရေး ရလာတဲ့ အခါမှာ ကာတစ် အနေနဲ့ ဒီညလိုမျိုး ကစားသွားရမှာ ဖြစ်ပြီး သူဟာ အသင်းရဲ့ သွင်းဂိုး ၅ ဂိုးမှာ ၄ ဂိုးထိ ပါဝင် ပက်သက်ခဲ့ပါတယ်။ ကာတစ်ဂျုံးဟာ ကွင်းလယ် တိုက်စစ်နေရာမှာ ကစားရင် ပိုမို ကောင်းမွန်တယ်လို့ မက်မာနာမန်က ပြောလေ့ ရှိခဲ့ပါတယ်။

သူဟာ ဒီညမှာ ဒါကို သက်သေပြသွားခဲ့ပါတယ်။ သူဟာ လူငယ် ကစားသမား ဘ၀ တစ်လျှောက်လုံး တိုက်စစ်ပိုင်းမှာ ကစားခဲ့သူ ဖြစ်ပြီး ပြိုင်ဘက်တွေကို လိမ်ခေါက် ကျော်ဖြတ်ကာ ဂိုးတွေ အများကြီး သွင်းယူခဲ့ပါတယ်။ သူ ဒီညမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဒီညရဲ့ သွင်းဂိုး ၅ ဂိုးမှာ သူဟာ ၄ ဂိုး ပါဝင်ပက်သက်ခဲ့ပါတယ်။ တကယ့်ကို နှစ်သက်စရာ ခြေစွမ်းပါပဲ။” လို့ ဆိုလိုက်ပါတယ်။

SM