မနေ့ညက ကစားခဲ့တဲ့ ယခုတပတ် ချန်ပီယံလိဂ် Matchday 2 ပထမနေ့ရဲ့ အကောင်းဆုံး ပွဲဖြစ်တဲ့ ပီအက်စ်ဂျီ – မန်စီးတီး ပွဲမှာ အိမ်ရှင် ပီအက်စ်ဂျီ အသင်း ဟာ ကွင်းလယ်လူ အိုင်ဒရီဆာ ဂွီယီ ၊ တိုက်စစ်မှူး လီယွန်နယ် မက်ဆီ တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၂ – ၀ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ၊ ပြီးခဲ့တဲ့ ရာသီက ရှုံးကြွေးကို ဆပ်နိုင်ခဲ့ပါတယ် ။

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်း အသင်းဟောင်း ဘာစီလိုနာ ကနေ ပြင်သစ်မြေသို့ စတင် အခြေချဖို့ ရောက်ရှိလာတဲ့ မက်ဆီ ဟာ အရှေ့ပွဲတွေမှာ ဂိုးမသွင်း ၊ ဖန်တီးမှု မလုပ်နိုင်ခဲ့ပေမယ့် ၊ ဆရာဟောင်း ပက်ဂွာဒီယိုလာ ကိုင်တွယ်နေတဲ့ မန်စီးတီးနဲ့ အတွေ့မှာတော့ လှပတဲ့ သွင်းဂိုး တဂိုးကို သွင်းယူနိုင်ခဲ့ပါတယ် ။

တဖက်နဲ့ တဖက် တိုက်စစ် အပြန်အလှန် ဖွင့်ကစားခဲ့လို့ ၊ အကြိတ်အနယ် ရှိပြီး ပရိသတ်တွေ မျှော်မှန်းထားတဲ့ အတိုင်း ဖျော်ဖြေမှု အပြည့် ပေးခဲ့တဲ့ ပွဲကြီးတပွဲလည်း ဖြစ်ခဲ့ပါတယ် ။ ပီအက်စ်ဂျီ ကတော့ ဒီနိုင်ပွဲကြောင့် ဒီရာသီ ပြိုင်ပွဲစုံ ရှုံးပွဲ မရှိသေးတဲ့ မှတ်တမ်းကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပေမယ့် ၊ မန်စီးတီး ကတော့ ရာသီအဖွင့်ပွဲ တော့တင်ဟမ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ၊ ဒုတိယ အကြိမ် ရှုံးပွဲ ကြုံတွေ့ခဲ့ရပြီ ဖြစ်ပါတယ် ။

ပွဲအပြီးမှာ မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာ ကတော့ ၎င်းတို့ဟာ တဦးချင်း စွမ်းဆောင်ရည်မှာ ပြိုင်ဖက်ကင်းတဲ့ တပည့်ဟောင်း လီယွန်နယ် မက်ဆီ ကို အချိန်ပြည့် ထိန်းသိမ်းနိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း ဝန်ခံခဲ့သလို ၊ အသင်းသစ် အတွက် ပထမဆုံး ဂိုးရခဲ့တဲ့ မက်ဆီ အတွက်လည်း အနာဂတ် သာယာ ဖြောင့်ဖြူးစေဖို့ အခုလိုပဲ မက်ဆေ့ချ် ပေးခဲ့ပါတယ် ။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ဂွာဒီယိုလာ က ” လီယို ကို မိနစ် ၉၀ အပြည့် ထိန်းချုပ်ဖို့ ဆိုတာ မဖြစ်နိုင်မှန်း ကျွန်တော်တို့ သိထားပြီးသားပါ ။ ဒါ့အပြင် သူဟာ ဒီနေ့ပွဲမှာလည်း ဘောလုံး ထိန်းထားတဲ့ အချိန် အများကြီး မရှိခဲ့ပါဘူး ။ သူဟာ မကြာသေးခင်ကမှ ဒဏ်ရာက ပြန်လာတာ မှန်ပေမယ့် ၊ ဘောလုံးနဲ့ အတူ ဆွဲပြေးလာတဲ့ အခါတိုင်း သူ့ကို ပင်နယ်တီ ဧရိယာထဲမှာ တားဆီးလို့ မရပါဘူး ။ ”

” နောက်ပြီး ကျွန်တော်တို့ဟာလည်း ပြိုင်ဖက်ကို အခွင့်အရေး အများအပြား မပေးမိဖို့ အတတ်နိုင်ဆုံး လျှော့ချနိုင်ခဲ့ပါတယ် ။ ရှုံးပွဲ ကြုံတွေ့ခဲ့ပေမယ့် သူတို့ ဒီနေ့ပွဲမှာ အများကြီး မထိုးနှက်နိုင်ခဲ့ပါဘူး ။ ဒါပါပဲ ။ ဟုတ်ပါတယ် ။ တန်ပြန်တိုက်စစ် တွေက ရလာတဲ့ နေရာလွတ်တွေမှာတော့ သူတို့ ဝင်ပြေးလို့ ရပါတယ် ။ ”

” ပြိုင်ဖက် အသင်းရဲ့ တိုက်စစ် အတွဲ ဟာ နေမာ – ဆွာရက်ဇ် – မက်ဆီ ခေတ် ၊ အွန်နရီ – အီတူး – မက်ဆီ ခေတ်က အရှိန်အဝါမျိုး ပိုင်ဆိုင်ထားပါတယ် ။ ကျွန်တော်တို့ အတွက် က စတမ်းဖို့ဒ်ဘရစ်ချ် က ပွဲအတိုင်း တပုံစံတည်း ကစားနိုင်ခဲ့ပါတယ် ။ ဒါပေမယ့် ဂိုးရဖို့ အနည်းငယ် ပိုအားထုတ်ဖို့ ၊ တိကျတဲ့ အဆုံးသတ်မှုမျိုး ပြသနိုင်ဖို့ လိုအပ်ခဲ့ပါတယ် ။ ”

” ဒီတော့ အရှေ့မှာ ပြောခဲ့သလိုပဲ ၊ ကျွန်တော်တို့ဟာ သူတို့ကို မိနစ် ၉၀ အပြည့် ထိန်းချုပ်ဖို့ မလွယ်တာကြောင့် ၊ နောက်ဆုံး ဖြစ်နိုင်တဲ့ ရွေးချယ်မှု ၂ခု က မိနစ် ၉၀ အပြည့် ခံစစ်မှာပဲ ပိတ်ဆော့ပြီး သူတို့ ဂိုးမသွင်းဖို့ ဆုတောင်းမလား ၊ ဒါမှမဟုတ် ၊ ဘောလုံး ကိုင်ပြီး ၊ ကိုယ့်ဖက်က တခုခု စွမ်းဆောင်နိုင်ဖို့ ကြိုးစား အားထုတ်မလားပဲ ရှိပါတယ် ။ ”

 

” လီယို အတွက် အစစ အရာရာ အကောင်းဆုံး ဖြစ်ပါစေလို့ ကျွန်တော် ဆုတောင်းပါတယ် ။ ပဲရစ်မှာ သူ့ရဲ့ ဘဝ ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်တယ် ဆိုရင် ကျွန်တော်လည်း ပျော်ပါတယ် ။ သူဟာ ဒီကို ရောက်လာဖို့ အကြောင်းအရင်း များစွာနဲ့ ဆုံးဖြတ်ချက် ချခဲ့ရတာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဒါ့အပြင် ဂွာဒီယိုလာ က ကွင်းလယ်မှာ အထူး ခြေစွမ်းပြခဲ့တဲ့ ပီအက်စ်ဂျီ ကွင်းလယ်လူ မာကို ဗာရက်တီနဲ့ ပတ်သက်ပြီးလည်း ” ကျွန်တော်တော့ သူ့ကို သဘောကျသွားပါပြီ ။ သူဟာ ယှဉ်မရအောင် ကောင်းတဲ့ ကစားသမား တဦးပါ ။ ဘာလို့လဲ ဆိုတော့ ဖိအားတွေ အောက်မှာတောင် သေသပ်တဲ့ ထိချက်တွေနဲ့ ကျွန်တော်တို့ အသင်းရဲ့ ကွင်းလယ်လူတွေကို ကျော်ပြီး ပေးပို့မှုတွေ လုပ်နိုင်ခဲ့လို့ပါ ။ ”

” သူဟာ အရပ်အမောင်း တောင့်တင်းတဲ့ ကစားသမား တယောက် မဟုတ်ပေမယ့် ၊ သူ့ရဲ့ ရွေ့လျားမှုနဲ့ ကစားပုံကို ကြည့်ရင် သူဟာ အဝေးဘောတွေ ပေးမယ့် ကစားသမားမျိုးတော့ မဟုတ်ပါဘူး ။ ဒါပေမယ့် ကစားပုံ တည်တဲ့ နေရာမှာ သူ့ကို ခင်ဗျား အားကိုးလို့ ရပါတယ် ။ အထူးသဖြင့် ပထမပိုင်းမှာ သူ့ရဲ့ ကစားပုံ အထူး ကောင်းမွန်ခဲ့ပါတယ် ။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ သူ့ကို ကယ်ဗင် ( ဒီဘရိုင်း ) နဲ့ အနီးကပ် ထိန်းချုပ်နိုင်ခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR