ဒီနေ့နံနက်မှာတော့ လီဂူးဝမ်းထိပ်သီး PSG အသင်းဟာ ချန်ပီယံလိဂ် အုပ်စု ဒုတိယ ပွဲစဥ်အဖြစ် ပါ့စ် ဒက်စ် ပရင့်စ် ကွင်းထဲ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီး အသင်းကို ဧည့်ခံ ကစားခဲ့ပြီး 2 – 0 ဆိုတဲ့ ရလဒ်နဲ့အတူ အဖိုးတန် နိုင်ပွဲ ရယူသွားနိုင်ခဲ့ ပါတယ် ။

အဆိုပါ နိုင်ပွဲကြောင့် PSG တို့ဟာ အုပ်စု A အမှတ်ပေး ဇယားကို ဦးဆောင်ထားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ် ။ ဒီပွဲမှာတော့ PSG အသင်းအတွက် သွင်းဂိုးတွေကို အီဒရစ်ဆာ ဂူယေး နဲ့ လီယွန်နယ် မက်ဆီ တို့က ကိုယ်စီ သွင်းယူပေးခဲ့ကြ ပါတယ် ။

ဒါဟာ ပြင်သစ်မြေမှာ ခြေစွမ်းပြနိုင်ဖို့ အခက်တွေ့ နေခဲ့ရတဲ့ မက်ဆီ အတွက်တော့ လီယွန်နယ် မက်ဆီ အတွက် ပထမဆုံး သွင်းဂိုး ဖြစ်သွားခဲ့ရ ပါတယ် ။ ဒီဂိုးကိုတော့ ကိုင်လီယံ အမ်ဘက်ပီက ဘောလုံး နောက်ပြန်ချပေးရင်း ဖန်တီးခဲ့တာ ဖြစ်ပြီး မက်ဆီရဲ့ အဆုံးသတ်ကလည်း တကယ့်ကို့ ကောင်းမွန်လွန်းခဲ့ရ ပါတယ် ။

အဆိုပါ ပွဲစဥ် အပြီးမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစားသမားဖြစ်သလို တစ်ချိန်က မက်ဆီရဲ့ ပြိုင်ဖက်ကောင်း တစ်ဦးဖြစ်ခဲ့ဖူးတဲ့ ရီယို ဖာဒီနန်က အာဂျင်တိုင်းသားရဲ့ အဆုံးသတ် စွမ်းရည်ကို အထူးအမွှမ််းတင် သွားခဲ့လိုက်ပြီး ဂိုးရရှိနိုင်ရေးမှာ အရေးပါခဲ့တဲ့ နောက်ခံလူ ဟာခီမီကို ချီးကျူးသွားခဲ့လိုက်ပါတယ် ။

” လျင်မြန်မှု ၊ ခွန်အား ၊ ဟန်ချက် နဲ့ ဘောလုံးကို ဂိုးပိုက်ထဲ ကန်ထည့်လိုက်တဲ့ နည်းစနစ်တွေက တကယ့်ကိုထူးကဲလွန်းခဲ့ ပါတယ် ။ ဟာခီမီ ပြေးလွှားသွားခဲ့ပုံက အရမ်းကို ကောင်းခဲ့ပါတယ်။ အဲ့တာကြောင့်ပဲ ပြိုင်ဖက်ခံစစ်မှူးတွေကို နေရာယူ ခက်ခဲသွားစေခဲ့တယ်လေ ”

” အကယ်လို့ ခင်ဗျားတို့ အသင်းမှာ ပြိုင်ဖက် ခံစစ်ပိုင်းကို ဒုက္ခပေး မွှေနှောက်နိုင်တဲ့ ဟာခီမီလို ကစားသမား ရှိနေမယ်ဆိုရင် အဲ့တာက မက်ဆီလို ကစားသမားအတွက် စိတ်ကြိုက်ပေါက်ကွဲနိုင်ဖို့ နေရာလွတ်တွေကို ဖြစ်ပေါ်စေနိုင်ပါလိမ့်မယ် ” လို့ ဖာဒီနန် က ချီးကျူး သွားခဲ့လိုက်ပြီး မိုက်ကယ် အိုဝင်ကပါ ဆက်လက် ချီးကျူးလိုက်ပါတယ် ။

 

” ဒီဂိုးမှာ နှစ်သက်စရာ အကြောင်းအရာတွေ အများကြီး ရှိနေပါတယ် ။ ကျွန်တော်ကတော့ လူထပ် ကစားပေးခဲ့တဲ့ ဟာခီမီ ရဲ့ ကစားပုံကို အထူးပဲ မြတ်နိုးမိပါတယ် ။ သူဟာ နေရာလွတ်တွေကို ဖြစ်စေနိုင်ခဲ့တယ်လေ ။ နေရာလွတ်တွေမှာ မက်ဆီဟာ အချိန်မရွေး နေရာယူပြနိုင်ခဲ့ပါတယ် ”

 

” မက်ဆီကလည်း ဒီလို ဂိုးသွင်းပြနိုင်ဖို့ မျှော်လင့်နေခဲ့ပုံ ပါပဲ ။ သူဟာ ပွဲကြီးပွဲကောင်းတွေရဲ့ အထူး ကစားသမား တစ်ဦးပါပဲ ။ ဘယ်လို အကြောင်းပြချက်ကြောင့်ပဲ ဖြစ်ပါစေ ၊ သူဟာ ပက် ဂွာဒီယိုလာ ရဲ့ မန်စီးတီး အသင်းဖက်ကို ဂိုးတွေ သွင်းနိုင်မယ့် ပုံစံ ပေါ်လွင်နေခဲ့ ပါတယ် ”

” ဒီနေ့က PSG ရဲ့ ပြီးပြည့်စုံတဲ့ စွမ်းဆောင်ရည် မြင်တွေ့ရတဲ့ နေ့ပါပဲ ။ သူတို့ အဖွင့်ဂိုး ရရှိခဲ့ပြီး ဟာခီမီ မကြာခန လူထပ် ကစားပေးနိုင်ခဲ့တဲ့နောက် မက်ဆီက ပြိုင်ဖက် ဂိုး ဧရိယာထဲ မကြာခန ဝင်ရောက်ခွင့် ရသွားခဲ့ ပါတယ် ။ အဲ့ဒီမှာ သူနဲ့ တွဲဆော့ဖို့ နေမာ ၊ အမ်ဘက်ပီ တို့ ရှိနေခဲ့တယ်လေ ”

” ဒါက အလှတရား တစ်ခုကို ဖြစ်ပေါ်သွားစေခဲ့ ပါတယ် ။ ဒီနေ့ သူတို့ ကစားပုံ မှန်ကန်နေခဲ့ကြ ပါတယ် ။ မက်ဆီရဲ့ အဆုံးသတ် ပိုင်နိုင်ပုံကို မြင်တွေ့ခဲ့ရခြင်းအရ သူဟာ ဂိုးတွေ အများကြီး ဆက်သွင်းနိုင်လိမ့်မယ်လို့ ပိုင်သေခန့်မှန်းလို့ ရနေပါပြီ ” လို့ အိုဝင်က ကြိုတင် ဟောကိန်းထုတ်သွားခဲ့လိုက်ပါတယ် ။

#Sports_Myanmar