ဂန်းနား ဂန္တဝင် သီယာရီ အွန်နရီ ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ အကောင်းဆုံး တိုက်စစ်မှူးသုံးဦး ကို ရွေးချယ် ပေးလိုက်ပြီး ထိပ်ဆုံးမှာ မန်ယူနိုက်တက် ကို တစ်ကျော့ပြန် ရောက်ရှိလာတဲ့ ရော်နယ်ဒို ကို ထားရှိ သွားခဲ့ပါတယ် ။

ပေါ်တူဂီ အသင်း ခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒို ဟာ မန်ယူနိုက်တက် ၊ ရီးရဲလ်မက်ဒရစ် ၊ ဂျူဗင်တပ်စ် တို့မှာ ကစားပြီး ချန်ပီယံလိဂ်ဖလား ၅ ကြိမ် ၊ ဘောလွန်းဒီအော်ဆု ၅ ကြိမ် အထိ ရယူ နိုင်ခဲ့ပါတယ် ။

ရော်နယ်ဒို ဟာ မန်ယူနိုက်တက်ကို တစ်ကျော့ပြန် ပြောင်းရွှေ့လာချိန်မှာလည်း ဂိုးတွေသွင်းယူ နေဆဲ ဖြစ်ပြီး ပရီးမီးယားလိဂ် ၃ ဂိုး အထိ သွင်းယူ ထားနိုင်ပါတယ် ။ အာဆင်နယ် အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမား အွန်နရီ က ရော်နယ်ဒို ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ အကောင်းဆုံး နံပါတ် ၉ ဖြစ်ကြောင်း ဆိုပါတယ် ။

” ခင်ဗျားတို့ အနေနဲ့ ရော်နယ်ဒို ကို ချီးကျူး ဂုဏ်ပြုမှုတွေ အများကြီး လုပ်ရမှာပါ ၊ ဘာကြောင့်လဲ ဆိုရင် သူ နိုင်ငံ အသင်းအတွက် လုပ်ပြခဲ့တာတွေ အခု မန်ယူနိုက်တက် မှာ လုပ်ပြနေတဲ့ အရာတွေကြောင့်ပါပဲ ။ ”

” သူ အရင်တုန်းက ရီးရဲလ် ၊ ဂျူဗီ ၊ မန်ယူနိုက်တက် မှာ လုပ်ပြ ခဲ့တာတွေကြောင့် နံပါတ် ၉ အကြောင်း ပြောရင် ရော်နယ်ဒို ကို တစ်လေးတစ်စား ထည့်ပြောရမှာပါပဲ ။ သူက ချန်ပီယံလိဂ် ရဲ့အကောင်းဆုံး တိုက်စစ်မှူးပါ ။ ”

ဆက်လက်ပြီး အွန်နရီ က ရီးရဲလ်မက်ဒရစ် တိုက်စစ်မှုး ဘန်ဇီးမား နဲ့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါစကီး တို့ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲ ရဲ့ ဒုတိယ နဲ့ တတိယ အကောင်းဆုံး တိုက်စစ်မှူးတွေ ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ် ။

” ဘန်ဇီးမား က ပြီးပြည့်စုံတဲ့ တိုက်စစ်မှူး တစ်ဦးလို့ ကျနော်ကတော့ ထင်ပါတယ် ၊ သူက အရာအားလုံး လုပ်နိုင်သူပါ ၊ ရော်နယ်ဒို ထွက်ခွာ သွားချိန်မှာ မေးခွန်းတွေ အားလုံးကို အလုပ်နဲ့ သက်သေပြပြီး သူ ဖြေသွား ခဲ့ပါတယ် ၊ နောက်ပြီး သူ ချန်ပီယံလိဂ်ဖလားတွေ အများကြီး ရခဲ့ပါတယ် ၊ ဒါကြောင့် သူ့ကို နံပါတ် ၂ နေရာမှာ ထားတာပါ ။ ”

” လီဝန်ဒေါစကီး ကလည်း ထိပ်တန်း အဆင့်မှာ အချိန်အကြာကြီး ရှိနေသူပါ ၊ သူက ကျနော်မြင်ဖူးသမျှ ထဲမှာ အကောင်းဆုံး အဆုံးသတ်သူ တစ်ဦး ဖြစ်ပါတယ် ၊ဒါပေမယ့် သူက ချန်ပီယံလိဂ် ဖလား တစ်ကြိမ်ပဲ ရထားပါတယ် ၊ သူ့ရှေ့မှာ ရှိနေသူတွေက ချန်ပီယံလိဂ်ဖလား အများကြီး ရထားသူတွေပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM