ရီယိုဖာဒီနန်က မနေ့ညက ပီအက်ဂျီနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ အိမ်ရှင်အသင်းတို့ ပွဲချိန် ၁၀ မိနစ်မှာ သွင်းယူခဲ့တဲ့ အဖွင့်ဂိုး အတွက် မန်ချက်စတာစီးတီး ကစားသမား ၂ ဦး ဖြစ်တဲ့ ရူဘင်ဒီယက် နဲ့ အေမရစ်လာပေါ့ဒ် တို့ကို ဝေဖန်ပြစ်တင် သွားခဲ့ပါတယ်။ ပြင်သစ် ချန်ပီယံရဲ့ အဖွင့်ဂိုးကို အန်ဒီရီစာဂီယီက Top corner ထဲကို အပြင်း ကန်သွင်းယူပေးခဲ့တာ ဖြစ်ပြီး ဒီသွင်းဂိုးမှာ မက်ဆီ နဲ့ အမ်ဘက်ပေ တို့က ပါဝင် ပက်သက်ခဲ့ကြပါတယ်။

ဒါဟာ ဂီယီနဲ့ ချန်ပီယံလိဂ် ၂၃ ပွဲမှာ ပထမဦးဆုံး သွင်းဂိုး ဖြစ်သလို အဖွင့်ပွဲစဉ်မှာ ကလပ်ဘရုကို ၁ ဂိုးစီသာ သရေကစားနိုင်ခဲ့တဲ့ ပီအက်ဂျီဟာ ပရီးမီးယားလိဂ် ချန်ပီယံနဲ့ ပွဲစဉ်မှာတော့ အကောင်းဆုံး ရုန်းထွက် နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဖာဒီနန်က လာပေါ့ဒ်ဟာ အမ်ဘက်ပေရဲ့ ညာတောင်ပံ ကနေ ဖြတ်ချိုးပေးလိုက်တဲ့ ဘောလုံးကို ပိတ်ဆို့ရန် ပျက်ကွက်ခဲ့သလို ရူဘင်ဒီယက် ကလည်း အဆိုပါ ဂိုးကို ဒီထက် ပိုကောင်းတဲ့ ပုံစံနဲ့ တားဆီးနိုင်ခဲ့သင့်တယ်လို့ ဝေဖန်ခဲ့ ပါတယ်။

ဖာဒီနန်ကက “အကယ်လို့များ ကျွန်တော်သာ ရူဘင်ဒီယက်ရဲ့ နေရာမှာ ဆိုရင် အမ်ဘက်ပေရဲ့ ဖြတ်တင်ဘောကို ဒီထက် လျှင်လျှင်မြန်မြန် သွားရောက် ပိတ်ဆို့ဖို့ အတွက် အော်ဟစ် ညွှန်ကြား သွားမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီအခြေအနေကို ထိန်းချုပ်ဖို့ အတွက် ပင်နယ်တီ ဧရိယာထဲမှာ လုံလောက်တဲ့ မန်စီးတီး ကစားသမား အရေအတွက် ရှိနေလို့ ဖြစ်ပါတယ်။ အမ်ဘက်ပေရဲ့ ဖြတ်ချိုးပေးလိုက်တဲ့ ဘောလုံးကို သူ ပိတ်ဆို့ရန် ပျက်ကွက် သွားခဲ့တာကြောင့် ဒီဆုံးဖြတ်ချက်ဟာ အရာအားလုံးကို သက်ရောက်မှု ရှိသွားစေခဲ့ကာ အားလုံး တစ်စစီ လိုက်ကောက် ရသလို ဖြစ်သွားခဲ့ပါတယ်။” လို့ ဆိုသွားပါတယ်။

အဲဗာတန်နဲ့ မန်စီးတီး နောက်ခံလူဟောင်း လက်စ်ကော့က “လာပေါ့ဒ်ဟာ မက်ဆီ ပြေးလာမယ် ဆိုတာကို မြင်ထားပါတယ်။ ကျွန်တော် ကတော့ ဒီယက်သာ ဒီအခြေအနေကို ဒီထက် ပိုကောင်းအောင် ထိန်းချုပ်နိုင်ခဲ့မယ် ဆိုရင် သူ့အနေနဲ့ အမ်ဘက်ပေရဲ့ ဖြတ်တင်ဘောကို ဖြေရှင်းဖို့ အတွက် လာပေါ့ဒ်ကို တောင်ပံ အနည်းငယ် ထွက်ကစားဖို့ ပြောလို့ ရနိုင်မှာပါ။” လို့ ပြန်ပြောခဲ့ပါတယ်။

စီးတီးဟာ မက်ဆီ သွင်းယူပေးခဲ့တဲ့ ပီအက်ဂျီရဲ့ ဒုတိယမြောက် သွင်းဂိုး မတိုင်မီ ချေပဂိုးရဖို့ အတွက် အခွင့်အရေး များစွာ ရရှိခဲ့ကာ စတားလင်း နဲ့ ဘာနာဒိုဆေးဗား တို့ရဲ့ အားထုတ်မှုတွေ တိုင်ထိထွက်ခဲ့သလို ဂိုးသမား ဒွန်နာရွမ်းမား ကလည်း အကောင်းဆုံး လက်စွမ်းပြ ကာကွယ်မှုတွေ လုပ်ခဲ့ပါတယ်။

ဒီပွဲစဉ် အပြီးမှာ ပက်က “နောက်ဆုံးမှာတော့ ကျွန်တော်တို့ ကစားပုံ ပိုကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ ခံစစ်ကို ကောင်းကောင်း ကစားနိုင်ခဲ့ပြီး သူတို့ကတော့ ခံစစ်ကို အထိုင်ချကာ တန်ပြန်တိုက်စစ်ဆင် ကစားတာကြောင့် သူတို့ရဲ့ ကစားသမား အရည်အသွေးအရ အမြဲတမ်း အန္တရာယ် ရှိပါတယ်။ ကံမကောင်းစွာနဲ့ သူတို့ ဂိုးသွင်းတာကို ကျွန်တော်တို့ မထိန်းချုပ်နိုင်ခဲ့ပါဘူး။ ဒါဟာ ဘောလုံး ဖြစ်ပါတယ်။ ကျွန်တော် ဘာမှ ထပ်ပြောစရာ မရှိပါဘူး။ ဒါပေမယ့် ကျွန်တော့်ရဲ့ အသင်းကို အထူး ချီးကျူးချင်ပါတယ်။”

SM