မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာတော့ ချန်ပီယံလိဂ် အုပ်စု ဒုတိယ ပွဲစဥ် အဖြစ် အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ ဗီလာ ရီးယဲ အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး 2 – 1 ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူခဲ့ကာ အဖိုးတန် ရမှတ် 3 မှတ် စုဆောင်းသွားနိုင်ခဲ့ပါတယ် ။

ဒီပွဲစဥ်ရဲ့ ပထမပိုင်းမှာတော့ သွင်းဂိုးတွေ မမြင်ခဲ့ရပေမဲ့ ပွဲချိန် ဒုတိယပိုင်း 53 မိနစ်မှာ အယ်လ်ကာဆာ ၊ 60 မိနစ်မှာ အဲလက်စ် တဲလက်စ် တို့ ဂိုးသွင်းပြီး တစ်ဖက် တစ်ဂိုးစီ သရေ ရလဒ် ထွက်ပေါ် နေခဲ့ချိန်မှာတော့ ပွဲစဥ်ဟာပိုပြီး စိတ်ဝင်စားဖွယ် ဖြစ်သွားခဲ့ရပါတယ် ။

ယူနိုက်တက်အတွက် ကာဗာနီ ဝင်လာချိန်မှာတော့ သရဲနီ တို့ရဲ့ တိုက်စစ် ကစားပုံ ပိုအားရစရာ ကောင်းခဲ့ပြီး နာကျင််ချိန်ပို နောက်ဆုံးမိနစ်မှာ လင်ဂတ်ရဲ့ ဖန်တီးပေးမှုက တစ်ဆင့် ရော်နယ်ဒို ဂိုးသွင်းယူ နိုင်ခဲ့ခြင်းက အိမ်ရှင်တို့ကို အဖိုးတန် နိုင်ပွဲ ရရှိသွားစေခဲ့တာပဲ ဖြစ်ပါတယ် ။

ဒီနိုင်ပွဲကြောင့် ပြီးခဲ့တဲ့ ပွဲစဥ် 4 ပွဲမှာ 3 ပွဲ အထိ ရှုံးနိမ့်ခဲ့တဲ့ အတွက် ဖိအားတွေအောက် ကျရောက်ခဲ့ရတဲ့ ဆိုးလ်ရှား စိတ်သက်သာရာ ရရှိသွားခဲ့ရပါတယ် ။ အဆိုပါ ပွဲစဥ်မှ ပြောစရာ ဖြစ်ခဲ့ရတဲ့ အချက် 5 ချက်ကို ဖော်ပြပေးလိုက််ပါတယ် ။

(1) ဗီလိန်မှ ဟီးရိုး အဖြစ်သို့…

ယူနိုက်တက် အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဒေးဗစ် ဒီဂီယာဟာ ပြီးခဲ့တဲ့ ရာသီက ဗီလာရီးယဲ အသင်းကို ယူရိုပါလိဂ် ဖိုင်နယ်မှာ ရင်ဆိုင်ခဲ့ရချိန် ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာ တစ်ကြိမ်မှ မဖမ်းနိုင်ခဲ့တဲ့အပြင် ပင်နယ်တီ ကန််သွင်းမှုပါ လွဲချော်ခဲ့ပြီး ဗီလိန် ဖြစ်ခဲ့ပါသေးတယ် ။

ဒါပေမဲ့ ဒီနေ့ပွဲမှာတော့ ဒီဂီယာဟာ စပိန်သားတွေရဲ့ ဂိုးဖြစ်နိုင်တဲ့ ကန်ချက် 3 ကြိမ်လောက်ကို အထူး လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တဲ့ အပြင် ဂိုးပေါက် ကာကွယ်မှု 6 ကြိမ် အထိ လုပ်ပြကာ ပွဲစဥ်ရဲ့ ဟီးရိုး ဖြစ်သွားနိုင်ခဲ့ပါတယ် ။ တကယ့်ကို စိတ်ကျေနပ်စရာ စွမ်းဆောင်ရည်ပါပဲ ။

ဒီနှစ် ဒီဂီယာ ပြသနေခဲ့တဲ့ ၊ တည်ငြိမ်တဲ့ လက်စွမ်းတွေက ပွဲထွက်ခွင် ရရှိနိုင်ဖို့ စောင့်မျှော်နေခဲ့တဲ့ ဂိုးသမားလေး ဒင်းန် ဟန်ဒါဆန် အတွက်တော့ စိတ်မကောင်းစရာဖြစ်နေမှာ အသေအချာပါပဲ ။

(2) ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တဲ့ ဒန်ဂျူးမား

ဒီနေ့ပွဲမှာတော့ နှစ်ဖက်အသင်း ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားသွားနိုင်ခဲ့တဲ့ ကစားသမားကတော့ ဘုန်းမောက်မှ ဗီလာ ရီးယဲ အသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့ အသက် 24 နှစ်အရွယ် တောင်ပံတိုက်စစ် ကစားသမားဖြစ်သူ ဒန်ဂျူးမားပဲ ဖြစ်ပါတယ် ။

ဒီနေ့ပွဲမှာတော့ ဒန်ဂျူးမားဟာ ဘစ်ဆာကာ မပါတဲ့ ယူနိုက်တက် ခံစစ်ကို အတော်လေး ဒုက္ခပေးနိုင်ခဲ့ပြီး ဒါးလော့ ၊ လင်ဒီလော့ တို့ကို စိတ်ပျက်ဖွယ် ပွဲစဥ် တစ်ပွဲ ပေးသွားနိုင်ခဲ့ပါတယ် ။ ဒါ့အပြင် သူ့ရဲ့ ဂိုးပေါက် ကန်ချက်တွေက ဒီဂီယာကိုလည်း အလုပ်များသွားစေခဲ့ပါတယ် ။

ဒီပွဲမှာတော့ ဗီလာ ရီးယဲရဲ့ တစ်လုံးတည်းသော သွင်းဂိုးကိုလည်း ဒန်ဂျူးမား ကပဲ ဖန်တီးပေးသွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ နယ်သာလန် လက်ရွေးစင်ဟာ ဒီနှစ်တော့ ထိပ််သီးကလပ်တွေ စောင့်ကြည့်သင့်တဲ့ ကစားသမားမျိုး ဖြစ်နေခဲ့ပါပြီ ။

(3) သံသယရှိနေသူတွေကို အသံမတိတ်စေနိုင်ခဲ့တဲ့ ဒါးလော့

အာရွန် ဝမ် ဘစ်ဆာကာလို ခံစစ် ကစားပုံ ကောင်းလွန်းတဲ့ ကစားသမားမျိုး ရှိနေတဲ့ အသင်းမှာ ပွဲထွက်ခွင့် ရနိုင်ဖို့ ဆိုတာက ဒါးလော့ အတွက်တော့ တကယ့်ကို ခက်ခဲတဲ့ စိန်ခေါ်မှု တစ်ခုပါပဲ ။ အခုတော့ ဘစ်ဆာကာ အနီကဒ်ထိပြီး မပါဝင်နိုင်ချိန်မှာ ဒါးလော့ဟာ ရှားရှားပါးပါး ပွဲထွက်ခွင့် ရရှိနိုင်ခဲ့ပါတယ် ။

ဒါပေမဲ့ ဒီပွဲမှာတော့ သူဟာ ဒန်ဂျူးမား ကို ထိန်းပြနိုင်ဖို့ အတော်လေး ရုန်းကန်နေခဲ့ရတဲ့ အပြင် တိုက်စစ် ကစားပုံ ​ကောင်းမွန်တဲ့ ကစားသမား ဖြစ်သူဟာ တိုက်စစ်ပိုင်းကိုလည်း မျှော်လင့်ထားသလောက် ပံ့ပိုး ကူညီပေးနိုင်ခြင်း မရှိခဲ့ပါဘူး ။

ယခင်ကတော့ ယူနိုက်တက် ပရိသတ်တွေက အငှားချည််းပဲ ထွက်နေခဲ့ရတဲ့ ကစားသမားဟာ ဒီနွေမှာ အသင်းပြောင်းလိမ့်မယ်လို့ ထင်မှတ်ခဲ့ကြပါသေးတယ် ။ ဒါပေမဲ့ အသင်းမှာပဲ ဆက်ရှိခဲ့တဲ့ ဒါးလော့ဟာ အခွင့်အရေး ရရှိခဲ့ချိန် ဒန်ဂျူးမားလို ပြိုင်ဖက်ကြောင့် အစွမ်းပြခွင့် ကင်းမဲ့သွားခဲ့ရပါတယ် ။

(4) မျှော်လင့်ထားတာထက် ပိုကောင်းပြခဲ့တဲ့ တဲလက်စ်

ဒါးလော့နဲ့ တူညီတဲ့ အဖြစ်အပျက်မျိုး ပိုင်ဆိုင်ထားတဲ့ နောက််ထပ် ကစားသမား တစ်ဦးကတော့ အဲလက်စ် တဲလက်စ်ပဲ ဖြစ်ပါတယ် ။ သူဟာလည်း လုခ်ရှောကို ​ကျော်ပြီး ပွဲထွက် ကစားခွင့် ရရှိနိုင်ဖို့ ရုန်းကန် နေခဲ့ရတဲ့ ကစား သမား တစ်ဦး ဖြစ်နေခဲ့ရပါတယ် ။

ဒါပေမဲ့ ရှော ဒဏ်ရာ ရရှိချိန် ပွဲထွက်ခွင့် ရရှိခဲ့တဲ့ တဲလက်စ်ဟာ ခံစစ် ကစားပုံရော တိုက်စစ် ကစားပုံပါ ထိုက်သင့်တာထက် ပိုကောင်းအောင် ကစားပြနိုင်ခဲ့ပြီး အဖိုးတန် ခြေပဂိုးကိုလည်း မြေမကျ ကန်ချက်နဲ့ အတူ ရယူပေးနိုင်ခဲ့ပါတယ် ။ ဘရာဇီးသား အတွက်တော့ အမှတ်တရပွဲစဥ် ၊ အမှတ်တရ သွင်းဂိုး ဖြစ်နေမှာ အသေအချာပါပဲ ။

(5) အခွင့်အရေး ရဆဲပဲ… သို့သော်

ဂျေဒန် ဆန်ချို ဆိုတာ ယူနိုက်တက် ပရိသတ်တွေရော ၊ အသင်းကပါ အရမ်း လိုချင်နေခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ခဲ့ပါတယ် ။ အဲ့လို ဖြစ်အောင်လည်း ဒေါ့မွန် အသင်းမှာ ပြသခဲ့တဲ့ သူ့ရဲ့ ခြေစွမ်း ၊ စွမ်းဆောင်ရည်တွေက ထူးကဲလွန်းနေခဲ့ ပါတယ် ။

ဒါပေမဲ့ ယူနိုက်တက်မှာတော့ သူ့ရဲ့ ​အမိုက်စား ​ခြေစွမ်းတွေက အခုထိ ထွက်ပေါ် မလာသေးပါဘူး ။ ဒါ့ကြောင့်လည်း သူ့ရဲ့ ပွဲကစားခွင့် မိနစ်တွေဟာ ရရှိသင့်တာထက် နည်းပါး နေခဲ့ရတာပဲ ဖြစ်ပါတယ် ။ ဒီပွဲမှာလည်း သူဟာ ပွဲထွက် ကစားခွင့် ရရှိခဲ့ပြန်ပြီး ပရိသတ်တွေရဲ့ မျှော်လင့််ချက် များစွာ ထားရှိမှုကို ခံခဲ့ရပါတယ် ။

ဒါပေမဲ့ သူဟာ အခုထိ ခြေးစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရဆဲ ပါပဲ ။ ဆက်တိုက် ပုံစံကောင်းတွေ ပြသနေတဲ့ ဂျက်စီ လင်ဂတ် ၊ မကြာခင် ပြန်လာတော့မယ့် မားကပ်စ် ရပ်ရှ်ဖို့ တို့ကြောင့် ပုံမှန် ပွဲထွက်ခွင့် ရနိုင်ဖို့ ဆန်ချို အမြန်ဆုံး တိုးတက်ဖို့ လိုအပ်နေပါပြီ ။

#Sports_Myanmar