အန်သိုနီယို ကွန်တီ က ချဲဆီး ဟာ လူကာကူ ကို ကောင်းကောင်း အသုံးချပြနိုင်ပြီ ဆိုတဲ့ ပြောဆိုမှုတွေ ကို ယုံကြည်ခြင်း မရှိသလို ၊ သောမတ် တူချယ် ကလဲ လူကာကူ ရဲ့ အကောင်းဆုံး ပုံစံတွေကို ဆွဲထုတ်ပြနိုင်ခြင်း မရှိသေးဘူးလို့ ဆိုလိုက်ပါတယ်။

ဘယ်လ်ဂျီယံ တိုက်စစ်မှုးဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ကာလ ကမှ လန်ဒန် ကလပ်ဆီ ပေါင် 98 သန်း နဲ့ ပြန်လည် ပြောင်းရွှေ့လာခဲ့သူ ဖြစ်ကာ ၊ ပထမဆုံး ပါဝင် ကစားပေးခဲ့တဲ့ 4 ပွဲမှာ 4 ဂိုး သွင်းယူပေးနိုင်ခဲ့ ပါတယ်။

 

သို့သော်လဲ လူူကာကူ နဲ့ အတူ အင်တာ မီလန် မှာ လက်တွဲခဲ့တဲ့ နည်းပြ ကွန်တီ ကတော့ သူ့ရဲ့ တပည့်ကျော်ဟောင်းဆီ က ဒီထက်ပိုကောင်းတဲ့ ခြေစွမ်းတွေ ထွက်ပေါ်လာနိုင်သေးတယ်လို့ ယုံကြည်နေသလို ၊ ချဲဆီး အနေနဲ့လဲ လူကာကူ ဂိုးပေါက် ပြန်တွေ့ဖို့ အတွက် မတူညီတဲ့ ပုံစံမျိုး နဲ့ ချဉ်းကပ် အသုံးပြုသင့်တယ်လို့ အကြံပြုလိုက်ပါတယ်။

မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ ချဲဆီး ဟာ ယူဗင်တပ် ကို 1-0 ရလာဒ် နဲ့ ရှုံးနိမ့်ပြီးနောက် ၊ လူကာကူ ဟာ လဲ 3 ပွဲ ဆက်တိုက် ဂိုးပေါက် ပျောက်တဲ့ မှတ်တမ်းတစ်ခုကို ပိုင်ဆိုင်သွားခဲ့ပါတယ်။

“ ကျနော့် အမြင်မှာတော့ လူကာကူဟာ ဒီထက်ပိုကောင်းအောင် ကစားပြနိုင်ပါသေးတယ်။ သူ့မှာ ရှိတဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေ နဲ့ ဆိုရင် ပိုလို့တောင် ဖြစ်နိုင်ချေတွေ များပါတယ်။

သူ့ရဲ့ လက်ရှိ ခြေစွမ်းက ထိပ်တန်းအဆင့်မျိုးကို ရောက်နေပါပြီ။ ဒါပေမယ့် ဘောလုံးသမား တယောက်ဟာ ကစားသမား ဘဝကနေ အနားမယူခင် အချိန်ထိ စွမ်းဆောင်ရည်တွေ တိုးတက်နေအောင် အမြဲတမ်း ကြိုးစားရမှာပါ။

ပွဲ တပွဲ အတွင်းမှာ ဆိုရင် လူကာကူ အနေနဲ့ အလှည့်အပြောင်း လုပ်ပြရမယ့် အခိုက်အတန့်တွေ ရှိပါတယ်။ ဒါပေမယ့် အဲဒီထက် ပိုတဲ့ အကြောင်းအရာ တခုက သူ့ဟာ ရင်ဆိုင်ကစားရတာ ခက်ခဲလွန်းတဲ့ တိုက်စစ်မှုးမျိုးပါ။ ပြိုင်ဘက်ကို နေရာမျိုးစုံကနေ ဒုက္ခပေးနိုင်ပါတယ်။

ကိုယ့် အသင်းမှာ အဲဒီလို တိုက်စစ်မှုးမျိုး ရှိနေရင် ၊ နည်းပြ တယောက် အနေနဲ့ အကျိုးရှိရှိ နဲ့ ကို အသုံးချနိုင်ရမှာပါ။ ချဲဆီး ကတော့ လူကာကူ ရဲ့ စွမ်းဆောင်ရည်တွေ အားလုံးကို ထုတ်ပြီး အသုံးမပြုနိုင်သေးဘူးလို့ မြင်ပါတယ်။

မနှစ်က ဘောလုံးရာသီမှာ ဆိုရင် သူတု့ိ အသင်းဟာ တိုက်စစ်မှုးကောင်း မရှိတဲ့ အတွက် အဲဒီနေရာအတွက် အလှည့်ကျထုတ်ပြီးပဲ ကစားသွားတာပါ။ အခု လူကာကူ ကို ခေါ်ယူလိုက်တာ ၊ အဲဒီ လိုအပ်ချက် တခုတည်းအတွက်ပဲ ကစားခိုင်းနေသလိုပါပဲ။

တကယ်လို့ ချဲဆီး ဘက်ကသာ လူကာကူ ကို ဘယ်လို နည်းလမ်းပေါင်းစုံ နဲ့ အသုံးပြုလို့ ရမလဲ ဆိုတဲ့ ရှုထောင့်ကနေ စဉ်းစားကြည့်လိုက်မယ် ဆိုရင် ၊ သူတို့ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲလို နေရာမှာတောင် အနိုင်ယူပြဖို့ ခက်ခဲတဲ့ အသင်းမျိုး ဖြစ်လာနိုင်ပါတယ်” လို့ သုံးသပ်သွားခဲ့ ပါတယ်။

ကွန်တီ ဟာ အင်တာ မီလန် အတွက် ဆယ်နှစ် အကြာ ဝေးကွာနေခဲ့တဲ့ စီးရီးအေ ဖလားကြီးကို ပထမဆုံး အကြိမ် ပြန်လည် သိမ်းပိုက် ပြနိုင်ခဲ့သလို ၊ လူကာကူ ကိုယ်တိုင်လဲ သူ့လက်အောက်မှာ 24 ဂိုး အထိ သွင်းယူ ပြနိုင်ခဲ့ ပါတယ်။ ဆက်လက်ပြီး အီတလီ သားကြီး က

“ ကိုယ့် ဘောလုံးသမားတွေ ရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်နိုင်မှ နည်းပြကောင်း တယောက်လို့ သတ်မှတ်ပေးရတာ ဖြစ်ပါတယ်။ ကျနော် ကတော့ လူကာကူ နဲ့ ပတ်သက်ရင် လွန်ခဲ့တဲ့ 2 နှစ် အတွင်းမှာ အကောင်းဆုံး လုပ်ပြနိုင်ခဲ့တယ် ထင်ပါတယ်။

သူက အရမ်းကို ထူးခြားတဲ့ တိုက်စစ်မှုးမျိုးပါ။ 18 ကိုက် အတွင်းမှာ သူ့ကို နေရာယူခိုင်းထားမယ် ဆိုရင် အရမ်းကို အန္တရာယ်များပါတယ်။ သို့သော်လဲ ကွင်းလယ် ကနေ ဘောလုံးဆွဲပြေးပြီး တိုက်စစ်လမ်းကြောင်း ဦးတည်ခိုင်းရင်လဲ သိပ်ကို လျှင်မြန်တဲ့သူပါ။

တိုက်စစ်မှုးတွေထဲမှာ အဲဒီနှစ်ချက် စလုံးနဲ့ ကိုက်ညီတဲ့ သူဆိုတာ အရမ်းကို ရှားပါတယ်။ သူကတော့ ဘောလုံးကို ကွင်းလယ် ဆင်းပြီးတောင် သယ်နိုင်တယ်လေ။ ဒီလို စွမ်းဆောင်ရည်မျိုးကို ဟာလန်း မှာလဲ ကျနော် မြင်မိပါတယ်။

လူကာကူ နဲ့ ပတ်သက်လို့တော့ ကျနော် ချဲဆီး နည်းပြရာထူးမှာ ရှိနေခဲ့စဉ် အချိန် ကတည်းက သူ့ရဲ့ ဝက်စ်ဘရွန်းက ကစားပုံတွေကို စောင့်ကြည့်ဖြစ်ခဲ့တာပါ” လို့ ပြန်လည် ရှင်းပြသွားခဲ့ ပါတယ်။

SPORTS MYANMAR