အလီမက်ကွိုက်စ်က လက်ရှိမှာ မန်ချက်စတာစီးတီး အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ရန် လီဗာပူး နဲ့ ချဲလ်ဆီး တို့ထက် အနည်းငယ်လေး ရေပန်းစားတယ်လို့ ဆိုလိုက်ပါတယ်။ သောမတ်တူချယ်ရဲ့ အသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေပြီး လီဗာပူးထက် တစ်မှတ်အသာ ၊ မန်စီးတီးထက် ၂ မှတ်အသာ ရနေပါတယ်။

လီဗာပူးနဲ့ မန်စီးတီး တို့ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အန်ဖီးမှာ စိတ်လှုပ်ရှားဖွယ် ၂ ဂိုးစီ သရေကျသွားခဲ့ပြီး တစ်မှတ်စီသာ ခွဲယူနိုင်ခဲ့ကြပါတယ်။ ပက်ဂွာဒီယိုလာရဲ့ အသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ စပါးကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပေမယ့်လည်း အဲဒီနောက်ပိုင်း လိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိသေးဘဲ ပြီးခဲ့တဲ့လက ချဲလ်ဆီးကို စတန်းဖို့ဒ်ဘရစ်ချ်မှာ ၁-၀ နဲ့ ခြေစွမ်းပြ အနိုင်ရထားခဲ့ပါတယ်။

စီးတီးဟာ နွေရာသီက ဘာစီလိုနာကို ထွက်ခွာသွားခဲ့တဲ့ ဆာဂျီယိုအဂွေးရိုးရဲ့ နေရာကို ပြန်လည် အစားထိုးရခြင်း မရှိသေးပေမယ့်လည်း စကော့တလန် လက်ရွေးစင်ဟောင်း ဖြစ်သလို talkSPORT ရဲ့ Pundit တစ်ဦး ဖြစ်တဲ့ မက်ကွိုက်စ် ကတော့ စီးတီးဟာ ဒီရာသီ အမှတ်ပေးဖလား အတွက် ပြိုင်ပွဲတွေထက် အနည်းငယ် အသာရနေတယ်လို့ ခံစားမိနေပါတယ်။

မက်ကွိုက်စ်က “ကျွန်တော့် အနေနဲ့ ရိုးရိုးသားသား ဝန်ခံသွားရမယ့် အရာ ရှိပါတယ်။ ကျွန်တော်ဟာ အမှတ်ပေးချန်ပီယံ ဖြစ်မယ့် အသင်းနဲ့ ပက်သက်ပြီး အပတ်တိုင်း စိတ်က ပြောင်းလဲနေပါတယ်။ ဒါပေမယ့် မန်ချက်စတာစီးတီးတို့ အသင်းကြီးတွေနဲ့ ရင်ဆိုင်ရာမှာ ပြသခဲ့တဲ့ ခြေစွမ်း အပေါ် ကျွန်တော် အမှန်တကယ် သဘောကျ နေပါတယ်။

မန်ချက်စတာစီးတီးမှာ အဆုံးသတ် သေချာတဲ့ အထောင် တိုက်စစ်မှုး စစ်စစ် မရှိတဲ့ အပေါ်မှာတော့ ကျွန်တော် စိုးရိမ်နေဆဲ ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ ဒီအပိုင်းမှာ မန်ချက်စတာစီးတီး ပရိတ်သတ်တွေ ထက်တောင် စိုးရိမ်နေသလို ပါပဲ။ စီးတီးဟာ လီဗာပူး နဲ့ ချဲလ်ဆီး တို့ကို ရင်ဆိုင် ကစားခဲ့တဲ့ အဝေးကွင်း ပွဲစဉ် ၂ ပွဲမှာ ပြိုင်ဘက်တွေကို ဘောလုံး ပိုင်ဆိုင်မှု အသာစီးနဲ့ လွှမ်းမိုး ကစားခဲ့ပါတယ်။

 

ပြီးတော့ စီးတီးဟာ ပီအက်ဂျီနဲ့ အဝေးကွင်း ပွဲစဉ်မှာလည်း ဒီလိုမျိုး ကစားနိုင်ခဲ့ပေမယ့် ထူးထူးဆန်းဆန်းပဲ ရှုံးနိမ့်ခဲ့ပါတယ်။ ကျွန်တော် ကတော့ မန်စီးတီးဟာ ဒီရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဖလား အတွက် လီဗာပူး နဲ့ ချဲလ်ဆီး တို့ထက် အနည်းငယ်လေး အသာ ရနေတယ်လို့ ယူဆနေပါတယ်။” လို့ ဆိုသွားပါတယ။်

နိုင်ငံတကာ ပွဲစဉ်တွေ အပြီးမှာတော့ မန်ချက်စတာစီးတီးဟာ ဘန်လေကို အိမ်ကွင်းမှာ လက်ခံ ကစားရမှာ ဖြစ်ပြီး လီဗာပူးက ဝက်ဖို့ဒ်ကို အဝေးကွင်း နဲ့ ချဲလ်ဆီးက ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

SM