ချဲလ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့စဉ် ကတည်းက ၊ တောင့်တင်းတဲ့ ကွင်းလယ် အင်အားကို ပိုင်ဆိုင်ခဲ့ပြီး ၊ လက်ရှိ ကွင်းလယ်မှာ ကမ္ဘာ့ အဆင့် ကစားသမား ၃ဦး ဖြစ်တဲ့ အန်ဂိုလို ကန်တေ ၊ ဂျော်ဂျင်ဟိုနဲ့ မတ်တီယို ကိုဗာဆစ် တို့ကို ပိုင်ဆိုင်ထားပါတယ် ။

ပြင်သစ် ဝါရင့် ကွင်းလယ်လူ အန်ဂိုလို ကန်တေ ဟာ အခုနောက်ပိုင်း ဘောလုံး ရာသီတွေမှာ ကြံ့ခိုင်မှု ရာနှုန်းပြည့် အနေအထား မရှိနေတဲ့ အတွက် ၊ ပွဲတချို့တဝက်သာ ကစားပေးထားနိုင်ပြီး ၊ ချဲလ်ဆီး ကွင်းလယ်မှာ ဂျော်ဂျင်ဟို – ကိုဗာဆစ် အတွဲက ကစားရတာ ပိုများလာပါတယ် ။

လက်ရှိမှာ ၎င်းတို့ ၂ဦးရဲ့ တွဲဖက်မှု ဟာ ပွဲပေါင်း ၁၅၀ ကျော်လာပြီ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်းမှာလည်း ချဲလ်ဆီး ဟာ အက်သလက်တီကို အသင်းမှ စပိန် ကွင်းလယ်လူ ဆာအူးလ် နီဂွက်ဇ် ကိုပါ အငှား တရာသီနဲ့ ခေါ်ယူ အားဖြည့်ထားတာကြောင့် ၊ ကွင်းလယ် အင်အား ပိုတောင့်တင်းလာပါတယ် ။

သို့ပေမယ့် ဆာအူးလ် ဟာ အင်္ဂလန် ဘောလုံး ကစားဟန်နဲ့ အခုမှ ပထမဆုံး အကြိမ် နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ဖူးတာကြောင့် ၊ ချဲလ်ဆီးရဲ့ ပထမ ဦးစားပေး ကွင်းလယ်လူ ၂ဦး ဖြစ်တဲ့ ဂျော်ဂျင်ဟိုနဲ့ ကိုဗာဆစ် တို့ကို ကျော်ဖို့ ရုန်းကန်နေရပါတယ် ။

တဖက်မှာ ကိုဗာဆစ်နဲ့ ဂျော်ဂျင်ဟို တို့ဟာ ဖန်တီးမှုအား ၊ ဂိုးသွင်းနှုန်းအား အရမ်း နိမ့်ပေမယ့် ၊ ပွဲတပွဲရဲ့ အရှိန် ကို လိုသလို အတင်အချ လုပ်တဲ့ နေရာ ၊ ကွင်းလယ်ကို ဘောလုံး ပိုင်ဆိုင်မှု အသားပေးပုံစံနဲ့ ထိန်းချုပ်တဲ့ နေရာတွေမှာ အထူး အားကိုးရတဲ့ အတွဲအဖက်လည်း ဖြစ်ပါတယ် ။

ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ကတော့ ဒီ အတွဲအဖက် အပေါ် ချီးကျူးစကား ဆိုတဲ့ အနေနဲ့ The 5th Stand app နဲ့ တွေ့ဆုံခဲ့ရာမှာ ” ဂျော်ဂျီနဲ့ ကိုဗာ အတွဲ ဟာ အရမ်း အားထားရပြီး ၊ ထိပ်တန်း အဆင့် ကွင်းလယ်လူတွေ ဖြစ်ကြပါတယ် ။ သူတို့ ၂ယောက် အကြားမှာ အရမ်း ကောင်းတဲ့ နားလည်မှု ရှိပါတယ် ။ ”

” အန်ဂိုလို ၊ ကိုဗာ ၊ ဂျော်ဂျီတို့လို အံ့သြဖွယ် ကမ္ဘာ့ အဆင့် ကွင်းလယ်လူ ၃ဦးကို ကျွန်တော်တို့ ပိုင်ဆိုင်ခွင့် ရထားပါတယ် ။ ၃ယောက်လုံး ဟာ မျှတတဲ့ အစုအဖွဲ့ ဖြစ်ပြီး ၊ ဒါကြောင့်လည်း ကျွန်တော်တို့ဟာ ကစားကွက်မှာ ကွင်းလယ်လူ ၂ဦး တည်ပြီး ကစားလို့ ရတာပါ ။ ဒါက ကျွန်တော်တို့ လိုချင်တဲ့ အရာပါ ။ ”

” နောက်ပြီး ကျွန်တော်တို့ဟာ ဆာအူးလ်နဲ့ ရူဘင် လော့ဖ်တပ်စ်ချိခ် တို့ကို ကွင်းလယ် အစုအဖွဲ့မှာ ထပ်ပြီး ပေါင်းထည့်နိုင်ထားပါတယ် ။ သူတို့ကြောင့် ကွင်းလယ်မှာ ရွေးချယ်စရာတွေ များလာပါတယ် ။ သူတို့ဟာ ကျွန်တော်တို့ လိုချင်တဲ့ ပွဲအကြောင်း နားလည်မှု ရှုထောင့်မှာ တိုးတက်မှု ရှိလာကြပါပြီ ။ ”

” နောက်ပိုင်း ပွဲတွေမှာ ကွင်းလယ်မှာ မားမားမတ်မတ် ရပ်တည်ပေးနေတဲ့ ကိုဗာ ကို မြင်ရတာ ကျွန်တော့ အတွက် အားရစရာ ကောင်းပါတယ် ။ ဂျော်ဂျီ အတွက်တော့ ပွဲဆက် ကစားနေရတာကြောင့် မလွယ်ပါဘူး ။ သူဟာ ရာသီကြို ပြင်ဆင်မှု ကာလမှာ မပါဝင်နိုင်ခဲ့သလို ၊ ကစားရတဲ့ ပွဲတိုင်းမှာလည်း ပြိုင်ဖက်တွေရဲ့ ပစ်မှတ်ထား ဖြတ်ထုတ်မှုကို အကြိမ်ကြိမ် ခံခဲ့ရပါတယ် ။ ”

” ဒါပေမယ့် ဂျော်ဂျီ ဟာ ကျွန်တော်တို့ရဲ့ ကွင်းလယ် စုဖွဲ့မှုကို ကျစ်လျစ်စေဖို့ အရေးပါပါတယ် ။ ဘာမှတော့ ထွေထွေထူးထူး မပြောင်းလဲသွားပါဘူး ။ ဒီလို ကွင်းလယ်လူတွေကို ပိုင်ဆိုင်ရတဲ့ အတွက် ကျွန်တော်တို့ ဝမ်းသာ ပျော်ရွှင်နေသလို ၊ ကိုဗာ – ဂျော်ဂျီ အတွဲကလည်း အခုလို ပွဲအရေအတွက် အတိုင်းအတာ တခု အထိ ရောက်လာတာ အရမ်း ကောင်းပါတယ် ။ ဒီ အချက် က သူတို့ အတွဲဟာ အသင်း အတွက် ဘယ်လောက် အရေးပါလဲ ဆိုတာ ထင်ဟပ်စေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR