ပြင်သစ် လက်ရွေးစင် အသင်းနည်းပြ ဒီဒီယာ ဒက်ချမ့်စ် ဟာ ယမန်နေ့ ညက ကစားခဲ့တဲ့ UEFA Nations League ဆီမီး ဖိုင်နယ် ပွဲစဉ်က တိုက်စစ်မှူးလေး ခီလီယံ အမ်ဘာပေ ရဲ့ ခြေစွမ်း အပေါ် ချီးကျုး ပြောဆို သွားခဲ့ ပါတယ် ။

ပြင်သစ် ဟာ အီတလီ မြေပေါ်မှာ ဘယ်လ်ဂျီယံ အသင်းနဲ့ ယှဉ်ပြိုင် ကစား ခဲ့တာ ဖြစ်ပြီး ပထမပိုင်းမှာ ၂ – ၀ နဲ့ ရှုံးနိမ့် နေခဲ့ ပါတယ် ။

ဒါပေမယ့် ပြင်သစ် ဟာ ဒုတိယပိုင်းမှာ ကစားပုံ သိသိ သာသာ တိုးတက် လာခဲ့ပြီး ဘယ်လ်ဂျီယံ ဘက်ကို ဆက်တိုက် ဖိကစားသွားကာ ဘန်ဇီးမား ၊ ဘာပေ တို့က ချေပဂိုးတွေ ဆက်တိုက် သွင်းပေးခဲ့ ကြပါတယ် ။

ဘယ်လ်ဂျီယံ ကတော့ ဒုတိယပိုင်းမှာ တန်ပြန် တိုက်စစ်တွေနဲ့သာ ပြန်လည် ထိုးနှက် နိုင်ခဲ့ ပါတယ် ။

ပွဲပြီးဆုံးခါနီး ၅ မိနစ် ကတော့ အလှည့်အပြောင်း တွေနဲ့ ပရိသတ်တွေကို ရင်ခုန်စိတ်လှုပ်ရှား စေခဲ့ ပါတယ် ။

၂ ဂိုးစီ သရေ ရလဒ် နဲ့ ပြီးဆုံးကာ အချိန်ပို ဆက်ကစားရတော့မယ်လို့ ထင်မှတ် ထားချိန် မှာ လူကာကူ က ဘယ်လ်ဂျီယံ အတွက် တတိယမြောက် ဂိုးကို ပိတ်သွင်းရယူခဲ့ ပါတယ် ။

ဒါပေမယ့် VAR ဆုံးဖြတ်ချက် အရ လူကာကူ လူကျွံ နေခဲ့တာကြောင့် ဒီဂိုးကို မပေးခဲ့ ပါဘူး ။

မိနစ် အနည်းငယ် အကြာမှာတော့ သီယို ဟာနန်ဒက်စ် က ပြင်သစ် အတွက် အနိုင်ဂိုး ကို ဧရိယာ ထိပ် ကနေ ဘယ်ခြေနဲ့ ကန်သွင်းပြီး ရယူပေးသွားခဲ့ ပါတယ် ။

ပွဲ အပြီးမှာတော့ ပြင်သစ် ဟာ ဘယ်လ်ဂျီယံ ကို ၂-၀ နဲ့ ရှုံးနိမ့် နေရာကနေ ၃-၂ နဲ့ အနိုင် ပြန်ကစားကာ နေးရှင်းလိဂ် ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ ပါတယ် ။

ပြင်သစ် တိုက်စစ်မှူးလေး ဘာပေ ဟာ ပြီးခဲ့တဲ့ ယူရို ပြိုင်ပွဲ တုန်းက ဆွစ်ဇာလန် နဲ့ ပင်နယ်တီ အဆုံး အဖြတ်မှာ ပင်နယ်တီ လွဲချော် ခဲ့ပြီး ပြင်သစ် ရဲ့ ထွက်ခွာရမှု အတွက် အဓိက တာဝန် ရှိသူ ဖြစ်ခဲ့ရ ပါတယ် ။

အဆိုပါ ပြိုင်ပွဲ အပြီးမှာ ဘာပေ ရဲ့ မကောင်းသတင်းတွေ ပျံ့နှံ့ ခဲ့ပြီး တိုက်စစ်မှူးလေး အပေါ် ဝေဖန် ပြောဆိုမှုတွေ များလာခဲ့ ပါတယ် ။

ဒါပေမယ့် ယမန်နေ့ ညက ပွဲမှာတော့ ဘာပေ ဟာ ဘန်ဇီးမား ၊ ဂရစ်ဇ်မန်း တို့နဲ့ တွဲဖက်ပြီး အကောင်းဆုံး ကစား ခဲ့ကာ ပြင်သစ် အတွက် ဒုတိယမြောက် ချေပဂိုးကို ပင်နယ်တီ ကနေ သွင်းယူ ပေးသွားနိုင်ခဲ့ ပါတယ် ။

“ခီလီယံ က ကျွန်တော့ကို ဘယ်တုန်းကမှ သံသယ မဖြစ်စေခဲ့ ပါဘူး ။ ယူရို တုန်းက သူ့ရဲ့ ကံခေမှု ကို ပြန်ပြီး ချေဖျက် နိုင်ဖို့ စိတ်အား ထက်သန်နေတာကို ကျွန်တော် သိပါတယ် ။ ကျွန်တော် အမြဲပြောခဲ့ သလိုပါပဲ ၊ ပြင်သစ် ဟာ ဘာပေ မပါတာထက် ဘာပေ ပါတာက ပိုပြီး ကောင်းတဲ့ အသင်း ဖြစ်စေမှာပါ”

“ယူရို တုန်းက ကျွန်တော်တို့ အစောကြီး ထွက်ခဲ့ရ ပါတယ် ။ ဒါပေမယ့် ခုချိန်ထိ ပြင်သစ် က အကောင်းဆုံး အသင်းတွေ ထဲမှာ ရှိနေတုန်းပါပဲ ။ ဒီပွဲဟာ ကျွန်တော် ကိုင်ခဲ့သမျှ ပွဲတွေ ထဲက အကောင်းဆုံး တပွဲပါ ၊ အသင်းက ရှုံးနိမ့် နေမှုကို ဘယ်လို တွန်းလှန် ရမလဲ ဆိုတာ ကောင်းကောင်း သိနေခဲ့ ပါတယ်”

“ပွဲပြီးခါနီးမှာ တော့ ကျွန်တော်တို့ ကစားပုံ နည်းနည်း ကျသွားခဲ့ ပါတယ် ၊ ဒါပေမယ့် တကြိမ်လောက် အခွင့်အရေး ပြန်ရလိုက်တာနဲ့ ကျွန်တော်တို့ ဂိုးသွင်း နိုင်ခဲ့ပါတယ် ။ အခု ကျွန်တော်တို့ ဗိုလ်လုပွဲ ကို သွားရတော့မှာပါ” လို့ ဒက်ချမ့်စ် က ပြောဆို သွားခဲ့ ပါတယ် ။

ပြင်သစ် ဟာ လာမယ့် အောက်တိုဘာ ၁၁ ရက်နေ့ မှာတော့ စပိန် အသင်းနဲ့ မီလန် မြို့က ဆန်စီရို ကွင်းကြီး ထဲမှာ ယှဉ်ပြိုင် ဗိုလ်လု ရတော့မှာပဲ ဖြစ်ပါတယ် ။

SPORTS MYANMAR