ပြီးခဲ့တဲ့ နွေရာသီမှာ အာဆင်နယ် အသင်းဟာ အေဗရာဟမ် ကို ခေါ်ယူနိုင်ဖို့ အတော်လေး နီးစပ် ခဲ့ပြီးခါမှ လူတစ်ဦးကြောင့် အင်္ဂလန်သားဟာ စိတ်ပြောင်းသွားခဲ့ပြီး စီရီးအေ ကလပ် ရိုးမား အသင်းကို ပြောင်းရွှေ့ သွားခဲ့ပါတယ် ။

အေဗရာဟမ် တစ်ယောက် ရိုးမား ကို ပြောင်းရွှေ့ချင်အောင် ဆွဲဆောင်နိုင်ခဲ့သူကတော့ နာမည်ကျော် နည်းပြကြီး မော်ရင်ဟိုပဲ ဖြစ်ပါတယ် ။ အေဗရာဟမ် က အာဆင်နယ် ကို ငြင်းပယ်ပြီး ရိုးမားကို ပြောင်းရွှေ့ခဲ့တာဟာ မော်ရင်ဟိုကြောင့် ဖြစ်ကြောင်း ဖွင့်ဟ လိုက်ပါတယ် ။

အေဗရာဟမ် ဟာ ချဲလ်ဆီး အသင်းကနေ ရိုးမား ကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ နဲ့ ပြောင်းရွှေ့ သွားခဲ့တာ ဖြစ်ပါတယ် ။ အေဗရာဟမ် ဟာ ရိုးမားမှာ ခြေစွမ်းပြ ကစားနေပြီး ၁၀ ပွဲ ကစားရာမှာ သွင်းဂိုး ၆ ဂိုးအထိ ပါဝင် ပတ်သက် ခဲ့ပါတယ် ။

ဒါကြောင့်လည်း အင်္ဂလန် နည်းပြ ဆောက်ဂိတ် ဟာ အန်ဒိုရာ ၊ ဟန်ဂေရီ တို့နဲ့ ကစားမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အတွက် လူစာရင်းမှာ အေဗရာဟမ် ကို ခေါ်ယူ ခဲ့ပါတယ် ။

အသက် ၂၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အေဗရာဟမ် က ကိုယ့်မွေးရပ်မြေ နိုင်ငံမှာ ဆက်နေနိုင်မယ့် အခွင့်အရေးကို ငြင်းပယ်ပြီး အီတလီ ကို ပြောင်းရွေ့ခဲ့တဲ့ အကြောင်းအရင်း ကို Daily Mail မှာ ပြောကြား လိုက်ပါတယ် ။

” မော်ရင်ဟို က ကျနော့်ကို ဖုန်းဆက် ခဲ့ပါတယ် ၊ဖုန်းကိုင်လိုက်တော့ သူက ‘ နေရောင်ကို ခံစားချင်သလား ဒါမှမဟုတ် မိုးရေထဲမှာပဲ ဆက်နေချင်သလား ‘ လို့ တန်းမေးတော့တာပါပဲ ။ ကျွန်တော် ရယ်ပီး ပြန်ပြော ခဲ့ပါတယ် ။ “

” ပထမဆုံးဦးတုန်းကတော့ ကျွန်တော် ရိုးမားကို ပြောင်းဖို့ သိပ်မတွေးမိပါဘူး ၊ ကျွန်တော့်ရဲ့စိတ်က ပရီးမီးယားလိဂ်မှာပဲ ဆက်နေချင်တာပါ ၊ အင်္ဂလန် နဲ့ လန်ဒန် က ကျွန်တော့်ရဲ့ အိမ်လို့ ခံစား ရတာကြောင့်ပါ ။ “

” ဒါပေမယ့် မော်ရင်ဟို ရဲ့ ပြောစကားကို နားထောင်ကြည့်ခဲ့ပါတယ် ၊ သူက လူကောင်းတစ်ဦး ဖြစ်ပြီး ကျနော့်ကို အများကြီး ကူညီ ပေးခဲ့ပါတယ် ။ ကျွန်တော့်မှာ ရွေးချယ်စရာတွေ ရှိခဲ့ပါတယ် ။ “

” ဟိုဆေး နဲ့ စကားပြောကြည့်တော့ သူ့ရဲ့ ရည်မှန်းချက်တွေ အကြောင်း ၊ ရိုးမား အသင်းနဲ့ အတူ ဘယ်နေရာ အထိ သွားချင်သလဲ ဆိုတာ သိခွင့် ရခဲ့ပါတယ် ။ ဒီလုပ်ငန်းစဉ်မှာ ကျွန်တော် ပါဝင်ချင်ပါတယ် ၊ မော်ရင်ဟိုက ကျနော့်ကို ယုံကြည်မှု အပြည့် ပေးခဲ့ပါတယ် ၊ သူ့ကြောင့်ပဲ ရိုးမား အသင်းကို ရွေးချယ် ဖြစ်ခဲ့တာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM