UK အစိုးရဟာ လာမယ့် တနင်္လာနေ့ ညနေ 4 နာရီ က စလို့ Red List စာရင်း ကနေ နိုင်ငံပေါင်း 47 ကို ဖယ်ရှားပေးမှာ ဖြစ်တဲ့ အကြောင်း တရားဝင် ကြေငြာလိုက်ပါတယ်။

ဒါကြောင့်မို့ Red List စာရင်းမှာ 7 နိုင်ငံပဲ ကျန်ခဲ့တော့မှာ ဖြစ်ပြီး ၊ အဲဒီ နိုင်ငံတွေက ဒိုမီနီကန် ရီပတ်ဘလစ် ၊ ကိုလံဘီယာ ၊ ပီရူး ၊ အီကွေဒေါ ၊ ဟေတီ ၊ ပနားမား ၊ ဗင်နီဇွဲလား တို့ ဖြစ်ပါတယ်။

ဒီသတင်းကြောင့် ပရီးမီးယားလိဂ် ကလပ် တော်တော်များများ အတွက် စိတ်သက်သာရာ ရခဲ့ကြပါတယ်။

UK ဟာ Red List စာရင်းပါ နိုင်ငံတွေ ကနေ ပြန်လည် ဝင်ရောက်လာမယ့် ဘောလုံးသမားတွေ အတွက် 10 ရက် ကွာရာတင်း ဝင်ဖို့ စည်းကမ်းချက် ထုတ်ပြန်ထားပြီး ၊ ကာကွယ်ဆေး 2 ကြိမ် ထိုးထားတဲ့ ဘောလုံးသမားတွေ ဆိုရင် ကလပ်အသင်းရဲ့ အစီအစဉ် နဲ့ ကွာရာတင်း ဝင်ရောက် နိုင်သလို ၊ တနေ့ ကို တကြိမ် အပြင်ထွက်ကာ လေ့ကျင့်ခန်းဆင်းခွင့်လဲ ပေးထားပါတယ်။

သို့သော် အခုလို စာရင်းကနေ ပယ်ဖျက်လိုက်တဲ့ နိုင်ငံတွေ များလွန်းတာကြောင့် မူလ က ကွာရာတင်း ဝင်ရမယ်လို့ သတ်မှတ်ခံထားရတဲ့ ဆာဒီယို မားနေး ၊ စီမီကတ် ၊ ကာဗာနီ ၊ လိုစယ်ဆို ၊ ရိုမဲရိုး တို့ဟာ 10 ရက် ကွာရာတင်း ဝင်ရောက်စရာ မလိုတော့ပဲ ပါဝင် ကစားခွင့် ရရှိသွားဖွယ် ရှိနေပါတယ်။

နာမည်ကြီး ဘောလုံးသမား အများစု ပါဝင်တဲ့ ဘရာဇီး ကတော့ ပယ်ဖျက် စာရင်းမှာပါဝင်သွားခဲ့သည့် တိုင်အောင် ၊ ကိုလံဘီယာ နဲ့ အဝေးကွင်း ကစားရမှာ ဖြစ်တာကြောင့် 10 ရက် ကွာရာတင်း ဝင်ရောက်ရဖို့ ရာခိုင်နှုန်းများနေဆဲပါ။ ဒါကြောင့် အလီဆွန် ၊ ဖာဘင်ဟို ၊ ဂျေဇု ၊ ရာဖင်ဟာ ၊ အီမာဆင် ရိုရယ် ၊ သီယာဂို ဆေးဗား ၊ ဖရက် ၊ ဒေါက်ကလပ် လူးဝစ် ၊ ကိုလံဘီယာ က ယာရီ မီနာ ၊ ဒါဗီဆွန် ဆန်းချက် တို့ဟာ ကလပ်အသင်း ပွဲစဉ် တချို့ကို လွဲချော်ဖွယ် ရှိနေပါတယ်။

အထူးသဖြင့် တောင်အမေရိကား က ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေ ကစားတဲ့အချိန်ဟာ ပရီးမီးယားလိဂ် ပွဲစဉ်ချိန် နဲ့ အရမ်းကို နီးကပ်လွန်းနေတာ ဖြစ်လို့ ၊ ကိုဗစ် စည်းကမ်းချက်တွေကြောင့် မဟုတ်ရင်တောင် ခရီးပန်းလွန်းတဲ့ ဒဏ်ရာတွေကြောင့် ပါဝင် ကစားပေးနိုင်ဖို့ က အခွင့်အလမ်း နည်းပါးလွန်းပါတယ်။

မနေ့ကတော့ ပီးရီးမီးယားလိဂ် ဘောလုံးသမားတွေ စုပေါင်း ကာ ဗြိတိန် ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ဆီ လိပ်မူကာ ကွာရာတင်း ရက်ကို 10 ရက် ကနေ 5 ရက် အထိ လျှော့ချပေးဖို့ စာရေးသား တောင်းဆိုသွားခဲ့ကြပါတယ်။

အဲဒီ ကိစ္စအတွက် အစိုးရဘက်က တုန့်ပြန်မှု တစုံတရာ လုပ်ဆောင်ထားခြင်း မရှိသေးပါဘူး။

ဒါ့အပြင် နိုင်ငံတကာ ပွဲစဉ်တွေ ပြီးဆုံးလို့ ကလပ်ပွဲစဉ်တွေ ပြန်လည် စတင်ချိန်မှာပဲ ချန်ပီယံလိဂ် ပွဲစဉ်တွေလဲ ကစားရမှာ ဖြစ်တာကြောင့် ၊ ကွာရာတင်း ဝင်ရောက်ထားတဲ့ ဘောလုံးသမားတွေ အနေနဲ့ အဝေးကွင်း ပွဲစဉ်တွေကို လိုက်ပါခွင့် ရှိလား ၊ မရှိဘူးလား ဆိုတဲ့ မေးခွန်း အပေါ်လဲ ရှင်းလင်း ပြတ်သားတဲ့ ဖြေရှင်းချက်တွေ ပေးလာတာမျိုးတွေ မတွေ့ရသေးပါဘူး။

ပရီးမီးယားလိဂ် ထိပ်သီးကလပ် နည်းပြတွေ ကတော့ လက်ရှိ UK က ဖြေလျှော့လိုက်တဲ့ စည်းကမ်းချက် တချို့ဟာ ကိုဗစ် ကိစ္စကို မှန်ကန်တဲ့ နည်းလမ်းတဲ့ ကိုင်တွယ်နေခြင်း မဟုတ်ဘူးလို့ ဝေဖန်ကြေပြီး ၊ သူတို့ ကစားသမား တချို့ ဆုံးရှုံးရမယ့် အပေါ် ပြန်လည် စဉ်းစားပေးဖို့ ပြောဆိုနေကြဆဲ ဖြစ်ပါတယ်။

SPORTS MYANMAR