မန်ချက်စတာစီးတီး တောင်ပံ ကစားသမားဟောင်း ဖြစ်သူ ထရီဗော် ဆင်ကလဲယားက အီတလီ နည်းပြ ရော်ဘတ်တိုမန်ချီနီဟာ ခေတ်သစ် စတင်တော့မယ့် နယူးကာဆယ် အသင်းကို ဦးဆောင်နိုင်မယ့် အသင့်တော်ဆုံး နည်းပြ ဖြစ်တယ်လို့ ယုံကြည် နေပါတယ်။ ဆော်ဒီ ဦးဆောင်တဲ့ စီးပွားရေး အုပ်စုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက မိုက်အက်ရ်ှလေရဲ့ နယူးကာဆယ် အသင်းကို ပေါင် ၃၀၅ သန်းနဲ့ လွှဲပြောင်း ရယူခဲ့ပြီး လက်ရှိမှာ နည်းပြ စတိဘရုဟာ ရာထူးကနေ ထုတ်ပယ်ခံရမယ့် အရေးနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

The Public Investment Fund ဟာ ခန့်မှန်းခြေ အားဖြင့် ပေါင် ဘီလီယံ ၃၀၀ ကျော် ကြွယ်ဝြပီး နယူးကာဆယ် အသင်းကို ဥရောပ ထိပ်တန်း အသင်းကြီး ပြန်ဖြစ်လာဖို့ အတွက် ငွေကြေး များစွာ ရင်းနှီးမြှပ်နှံသွားဖို့ ရည်ရွယ်ထားပါတယ်။ လက်ရှိမှာတော့ ထိပ်တန်း မန်နေဂျာသစ် နဲ့ အတူ ကြယ်ပွင့် ကစားသမားတွေ အားဖြည့်သွားဖို့က နယူးကာဆယ်ရဲ့ ဦးစားပေး အစီအစဉ်တွေထဲမှာ ပါ၀င်နေပါတယ်။

Bookmakers တွေကြားမှာ ရိန်းဂျား နည်းပြ စတီဗင်ဂျာရတ်ဟာ ရေပန်းအစားဆုံး ဖြစ်နေပြီး အသင်းလက်မဲ့ ဖြစ်နေတဲ့ အန်တိုနီယိုကွန်တီ နဲ့ ဖရန့်လမ်းပတ် တို့လည်း လျာထားစာရင်းမှာ ပါ၀င်နေပါတယ်။ ဒါပေမယ့်လည်း ဆင်ကလဲယားက နယူးကာဆယ် အနေနဲ့ ဒီလိုမျိုး အကြီးစား ပြန်လည် တည်ဆောက်မှုမျိုးနဲ့ အတွေ့အကြုံ ရှိထားခဲ့တဲ့ မန်နေဂျာမျိုးကို ပစ်မှတ်ထားသင့်တယ်လို့ အကြံပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ ယူရို ၂၀၂၀ က အီတလီကို ချန်ပီယံ ဖြစ်စေခဲ့တဲ့ မန်ချီနီဟာ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်က မန်စီးတီး ပိုင်ရှင်သစ်တွေရဲ့ ပထမဦးဆုံး ခန့်အပ်တဲ့ မန်နေဂျာ ဖြစ်ပြီး အီတီဟတ် ကလပ်ကို သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ် ပရီးမီးယားလိဂ်ဖလား ရယူပေးခဲ့ ပါတယ်။

ဆင်ကလဲယားက “ကျွန်တော် ကတော့ နယူးကာဆယ် အနေနဲ့ ဒီလိုမျိုး အကြီးစား ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့တဲ့ အတွေ့အကြုံ ရှိထားခဲ့တဲ့ မန်နေဂျာမျိုးကို လိုအပ်တယ်လို့ ထင်ပါတယ်။ ကျွန်တော့်ရဲ့ စိတ်ထဲ ပထမဦးဆုံး ပေါ်လာတဲ့ နည်းပြ ကတော့ ရော်ဘတ်တိုမန်ချီနီ ပါပဲ။

သူဟာ အီတလီ အသင်းကို ကိုင်တွယ်တာ သိပ်မကြာသေးတဲ့ အပြင် အဲဒီမှာ ပျော်ရွှင်နေတာကြောင့် သူ အဲဒီကနေ ထွက်ခွာချင်ပမလား ဆိုတာကိုတော့ ကျွန်တော် မသိပါဘူး။ သူဟာ မန်စီးတီးမှာ ဒီလို ကြီးမားတဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ခဲ့ပါတယ်။ နယူးကာဆယ် အနေနဲ့ ထိပ်တန်း ကစားသမားတွေကို စနစ်တကျ ခေါ်ယူကာ အသင်းကို တည်ဆောက် သွားရမှာပါ။ ဒီနေရာမှာ မန်ချီနီဟာ အသင့်တော်ဆုံး ဖြစ်ပါတယ်။ သူဟာ ဒီလို လုပ်ဖို့ အတွက် နည်းပြတစ်ဦး အနေနဲ့ ငယ်ရွယ်ပါသေးတယ်။

နယူးကာဆယ်ဟာ မန်စီးတီးရဲ့ အသင်း တည်ဆောက်ခဲ့တဲ့ model ကိုပဲ ကြည့်ကာ လုပ်သွားရမှာပါ။ ဘာလို့လဲဆိုတော့ ဒီ model ဟာ တအား အောင်မြင်ခဲ့လို့ပါ။ ချန်ပီယံလိဂ်ဖလားကို ဖယ်လိုက်ပါ။ သူတို့ဟာ အရာအားလုံး ဆွတ်ခူးထားခဲ့ ပါတယ်။” လို့ ပြောလိုက်ပါတယ်။

ရိုမန်အေဗရာမိုဗစ် ကလည်း လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ် ချဲလ်ဆီး အသင်းကို ၀ယ်ယူခဲ့ပြီးနောက် ထိပ်တန်း နည်းပြတွေ ခန့်အပ်ခဲ့သလို ငွေကြေးများစွာ ရင်းနှီးမြှပ်နှံခဲ့ကာ ချန်ပီယံလိဂ်ဖလား အပါအ၀င် ဆုဖလား အားလုံးကို ရယူနိုင်ခဲ့ပါတယ်။

SM