အာဆင်နယ် ကစားသမားဟောင်းကြီး ပေါလ်မာဆွန် က ဆိုးရှားဟာ ဘန်ဒီဘိခ် နဲ့ ဆန်ချို တို့ရဲ့ အမြင့်ဆုံး စွမ်းဆောင်ရည်တွေ ဆွဲထုတ်နိုင်ခြင်း မရှိတဲ့ အတွက် ၊ ဖိအားတွေ ပိုများလာနေတယ်လို့ ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ကာလမှာ အိုးထရက်ဖို့ဒ် ကလပ်ဟာ ဗာရန်း ၊ ရိုနာဒို ၊ ဆန်ချို တို့ကို ခေါ်ယူ အားဖြည့်ခဲ့ပြီး ၊ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ရပ်တည်မှု အဆင့် 4 နေရာမှာ ရှိနေပါတယ်။ အဆိုပါ ကစားသမား 3 ယောက်ထဲက ဈေးအကြီးဆုံး ပေးပြီး ခေါ်ယူထားခဲ့တဲ့ ဆန်ချို ဟာ အခုချိန်ထိ 9 ပွဲ ပါဝင် ကစားထားသည့်တိုင်အောင် ဂိုးသွင်းယူနိုင်ခြင်း မရှိသေးသလို ၊ ဂိုးဖန်တီးမှုလဲ လုပ်ပြနိုင်ခြင်း မရှိသေးပါဘူး။

ဒါ့အပြင် နယ်သာလန် ကွင်းလယ် ကစားသမား ဘန်ဒီဘိခ် ကတော့ 2 ပွဲသာ ပွဲထွက် ကစားသမား စာရင်းမှာ ပါဝင်ခွင့်ရထားတာကြောင့် ၊ ကစားခွင့် နည်းပါးနေတဲ့ ကိစ္စအပေါ် စိတ်ပျက်လျှက် ရှိနေပါတယ်။

ပေါလ် မာဆွန် ကတော့ အဆိုပါ ကစားသမား နှစ်ယောက် ရဲ့ ပုံစံကောင်းတွေ ပြန်လည် မြင်တွေ့ရဖို့ ဆိုရင် ၊ ပုံမှန် ကစားခွင့်ပေးမှသာ ဖြစ်လာနိုင်မယ်လို့ သုံးသပ်လိုက်ပါတယ်။

“ ယူနိုက်တက် ရဲ့ ကစားပုံ တည်ငြိမ်မှု မရှိတာ အခုမှ မဟုတ်ပါဘူး ။ အချိန်တွေ တော်တော်ကြာခဲ့ပါပြီ။ အဲဒီ အနေအထားမှာ ပေါင် သန်း 110 လောက် သုံးပြီး ခေါ်ယူထားတဲ့ ကစားသမား နှစ်ယောက်ကို အရံခုံမှာပဲ ထိုင်ခိုင်းထားတာ က ဖိအားတွေကို ဖိတ်ခေါ်နေသလိုပါပဲ။

ဒီအချိန်မှာတော့ ဘယ်သူကမှ သိပ်ပြီး မပြောကြသေးပေမယ့် ၊ အဲဒီ အဓိပ္ပါယ်က ဆိုးရှား ရဲ့ ရာထူးဟာ ဆက်လက် တည်မြဲနေမယ် လို့ ကောက်ချက်ချလို့ မရပါဘူး။

 

သူ့မှာ အသင်းရဲ့ ရလာဒ်တွေကို တည်ငြိမ်အောင် လုပ်ဆောင်ဖို့ လိုအပ်နေသလို ၊ ဆန်ချို နဲ့ ဘန်ဒီဘိခ် တို့ရဲ့ အမြင့်ဆုံး စွမ်းဆောင်ရည်တွေ ဆွဲထုတ်ပြဖို့လဲ ဖိအားတွေ ရှိလာပါတယ်။ အဲဒီ ကစားသမားနှစ်ယောက်က ယုံကြည်မှုတွေတောင် အားနည်းနေတယ်လို့ မြင်မိပါတယ်။ ဒီ အတွက် တခုတည်းသော အဖြေက ပုံမှန် ကစားခွင့်ပေးထားဖို့ပဲ ရှိတာပါ။

ကျနော်တို့ အာဆင်နယ် မှာ ဒင်းနစ် ဘားကမ့် ရောက်ခါစတုန်း ကလဲ ပထမဆုံး 3-4 ပွဲမှာ တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် အသင်းက သူ့ကို ယုံကြည်မှု ရှိရှိ နဲ့ ဆက်ပြီး အသုံးပြုခဲ့တာ ဖြစ်လို့ ၊ သူဟာ ချက်ခြင်း ဆိုသလို ပြန်လည် နိုးထရင်း ၊ ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး ကစားသမားတွေ ထဲက တယောက်အဖြစ်တောင် မှတ်တမ်းတွေ ချန်ထားခဲ့သူပါ။

ဆန်ချို ကို ခေါ်ယူဖို့ ပေါင် သန်း 70 တောင် သုံးထားရတာပါ။ သူ့ရဲ့ စွမ်းဆောင်ရည် အပေါ် သံသယ ဖြစ်နေစရာ မလိုပါဘူး။ ဒါကြောင့်မို့ ယုံကြည်မှု အပြည့်ထားပြီးသာ အခွင့်အရေးတွေ ပေးလိုက်ပါတယ်။ အခုတော့ သူဟာ ပထမ ရိုတ်ချက် သိပ်ပြီး မကောင်းလိုက်တဲ့ ဂေါက်သီး ကစားသမား က ၊ ကွာဟချက်တွေ မကြီးမားဖို့ နောက်ရိုတ်ချက်တွေမှာ အတင်းကြိုးစားပြီး ရိုတ်ပြနေသလိုပါပဲ။

နိုင်ငံတကာ ပွဲစဉ်တွေ ပြီးရင်တော့ သူတို့ နှစ်ယောက် စလုံးကို ပွဲထွက် ကစားသမား စာရင်းမှာ ပြန်လည် မြင်တွေ့ခွင့်ရဖို့ မျှော်လင့်ထားပါတယ်။ အထူးသဖြင့် လက်စတာ နဲ့ ပွဲမှာ အခွင့်အရေး ပေးဖို့ အတွက်ပါပဲ” လို့ သုံးသပ်သွားခဲ့ ပါတယ်။

ဆိုးရှား ဟာ နိုင်ငံတကာ ပွဲစဉ်တွေ ပြီးတာ နဲ့ လက်စတာ ၊ လီဗာပူး တို့ နဲ့ ဆက်တိုက် ကစားရမှာ ဖြစ်ပြီး ၊ ချန်ပီယံလိဂ်မှာလဲ ရလာဒ်ကောင်းတွေ ဆက်တိုက် ပိုင်ဆိုင်ထားတဲ့ အတ္တလန္တာ နဲ့ ရင်ဆိုင် ရမှာ ဖြစ်ပါတယ်။

SPORTS MYANMAR