ဂွမ်ဒူဇီ က မာဆေးလ် အသင်းမှာ ကစားရတာဟာ သူ့ရဲ့ ကစားသမား ဘဝ တစ်လျှောက် အပျော်ဆုံးလို့ ဝန်ခံ လိုက်ပြီး မာဆေးလ် ပရိသတ်တွေရဲ့စစ်မှန်တဲ့ ချစ်ခြင်း မေတ္တာကို ခံစားမိတယ်လို့ ပြောကြား လိုက်ပါတယ် ။

ဂွမ်ဒူဇီဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက ပြင်သစ် လီဂူး ကလပ်လော်ရီယန့် အသင်းကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ရောက်ရှိလာသူ ဖြစ်ပြီး အချိန်တိုလေး အတွင်းမှာ နည်းပြ အမ်မရီ လက်အောက်တွင် ပွဲထွက် ကစားခွင့် မြောက်များစွာ ရရှိခဲ့တဲ့ လူငယ် ကြယ်ပွင့် တစ်ဦးပါ ။

ဂွမ်ဒူဇီ ဟာ အမ်မရီ ထုတ်ပယ် ခံရပြီးနောက် အာတီတာ လက်ထက် အစမှာလည်း ကစားခွင့် ရရှိခဲ့သေးပေမယ့် နောက်ပိုင်းမှာတော့ စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ် ။

ကိုဗစ်ကြောင့် ဘောလုံးပွဲတွေ ရပ်နားခဲ့ရပြီး ပြန်လည် စတင်တဲ့ အချိန်မှာလည်း ဂွမ်ဒူဇီ ဟာ ကစားခွင့် ရခဲ့သေးပေမယ့် ဘရိုက်တန် နဲ့ ပွဲမှာ ပြိုင်ဘက် ကစားသမားကို မသင့်လျော်တဲ့ အပြုအမူ ၊ အပြောအဆိုတွေ လုပ်ခဲ့တာကြောင့် နည်းပြ အာတီတာ ဟာ ပြင်သစ်သားကို တစ်ဦးတည်း လေ့ကျင့်ခန်း ဆင်းစေခဲ့ပြီး ၂၀၂၀ ခုနှစ် ရာသီကုန်အထိ အသုံးပြုခြင်း မရှိတော့ပါဘူး ။

နောက်ပိုင်းမှာ အာဆင်နယ် အသင်းဟာ ဂွမ်ဒူဇီ ကို ဟာသာဘာလင် အသင်းထံ တစ်ရာသီ အငှား ပြောင်းရွှေ့ကစားစေ ခဲ့ပါတယ် ။ ဒီရာသီမှာတော့ အာဆင်နယ် အသင်းဟာ ဂွမ်ဒူဇီ ကို မာဆေးလ် ကို အပြီးသတ် ဝယ်ယူခွင့် ပါရှိတဲ့ အငှား စာချုပ်နဲ့ ရောင်းချ လိုက်ပါတယ် ။

အသက် ၂၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဂွမ်ဒူဇီ ဟာ အခုတော့ မာဆေးလ် အသင်းမှာ ပျော်နေပြီး မာဆေးလ် အသင်း ပရိသတ်တွေ အကြောင်း ပြောရာမှာ အသင်းဟောင်း အာဆင်နယ် အသင်း ပရိသတ်တွေကို ပါးပါးလေး ဝေဖန် သွားခဲ့ပါတယ် ။

ဂွမ်ဒူဇီ က Onze Mondial နဲ့ အင်တာဗျူးမှာ ” ကျွန်တော် မာဆေးလ် အသင်းကို ပြောင်းရွှေ့ဖို့ မဆုံးဖြတ်ခင်မှာ တခြား ရွေးချယ်စရာတွေ ရှိခဲ့ပါတယ် ။ မာဆေးလ် ဥက္ကဌ လွန်ဂိုရီယာ နဲ့ နည်းပြ ဆမ်ပါအိုလီ တို့ရဲ့ ပြောစကားတွေက ကျွန်တော့်ကို ဆွဲဆောင် နိုင်ခဲ့ပါတယ် ၊ သူတို့နဲ့ စကားပြောအပြီးမှာ မာဆေးလ် ကို ပြောင်းမယ်လို့ ပြောခဲ့တာပါ ။ ”

” ပထမဦးဆုံး အနေနဲ့ ပြောချင်တာက မာဆေးလ် က ပြင်သစ်မှာ အသင်းကြီး တစ်သင်းပါ ၊ နောက်ပြီး ချန်ပီယံလိဂ်လည်း ရဖူးပါတယ် ၊ တကယ့်ကို ကြီးကျယ် ခမ်းနားတဲ့ သမိုင်းကြောင်းပါပဲ ၊ ဒီနိုင်ငံမှာ စိတ်အားအထက်သန်ဆုံး ပရိသတ်တွေက မာဆေးလ် ပရိသတ်တွေပါ ။ ”

” ဒါတွေအားလုံးကြောင့်ပဲ မာဆေးလ် ကို ပြတ်ပြတ်သားသား ရွေးချယ်ခဲ့တာပါ ၊ မွေးရပ်မြေကို ပြန်လာချိန်မှာ ပရိသတ်တွေ အပြည့် ရှိနေတဲ့ ကွင်းမှာ ကစားချင်တာကြောင့်လည်း ပါပါတယ် ၊ ပရိသတ်တွေက ဒီအသင်းကို အစစ်အမှန် ချစ်တယ်လို့လည်း ခံစားမိပါတယ် ၊ ကစားသမားဘဝ အစကတည်းက ဒီအသင်းမှာ ပျော်ရသလိုမျိုး လုံးဝ မခံစားခဲ့ရပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM