ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူ ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်း အင်တာမီလန် အသင်းကနေ အသင်းဟောင်း ချဲလ်ဆီးသို့ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၉၈.၅ သန်းနဲ့ ပြန်လည် ပြောင်းရွှေ့လာခဲ့ပါတယ် ။

အာဆင်နယ်နဲ့ လန်ဒန်ဒါဘီ ပွဲကနေ စပြီး ၊ လူကာကူ ဟာ ချဲလ်ဆီး အတွက် ဂိုးစသွင်းပေးခဲ့ပြီး ၊ ပထမ တခေါက် international break အပြီး တပတ် ကြာတဲ့ အထိ ၊ ဂိုးသွင်း ပုံစံကောင်း ကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ် ။ သို့ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပွဲအနည်းငယ် မှာ ၄င်းဟာ ဂိုးပေါက် ပြန်ပျောက်ခဲ့ပါတယ် ။

ပြီးခဲ့တဲ့ နေရှင်လိဂ် ဆီမီးဖိုင်နယ် ပြင်သစ်နဲ့ ရင်ဆိုင်ခဲ့တဲ့ ပွဲမှာ လူကာကူ ဟာ ဘယ်လ်ဂျီယမ် အတွက် တဂိုး သွင်းပေးခဲ့ပေမယ့် ၊ ဗိုလ်လုပွဲကိုတော့ တက်ရောက်နိုင်ခဲ့ခြင်း မရှိပါဘူး ။ ပြီးခဲ့တဲ့ ရာသီ အင်တာမီလန် အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်ခဲ့တဲ့ လူကာကူ ဟာ ချဲလ်ဆီး အတွက် ဂိုးသွင်းစက် အဖြစ် တာဝန်ယူပေးဖို့ အဓိက ကြိုးစားရမှာ ဖြစ်ပါတယ် ။

တဖက်မှာ လူကာကူ ဟာ ချဲလ်ဆီးသို့ ပြန်မရောက်လာခင် ၊ အခြား ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်ကြတဲ့ အဲဗာတန် ၊ မန်ချက်စတာ ယူနိုက်တက် အသင်းတွေမှာ ကျင်လည်ခဲ့ဖူးပြီး ၊ ထိုအသင်းတွေမှာ ဂိုးသွင်းအား ကောင်းခဲ့သည့်တိုင် ၊ Big Match တွေမှာ အဆုံးအဖြတ် ဂိုးတွေ တော်ရုံ ဂိုးသွင်းပေးနိုင်ခဲ့ခြင်း မရှိပါဘူး ။

ပြီးခဲ့တဲ့ မန်စီးတီး ၊ လီဗာပူး ၊ တော့တင်ဟမ် အသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ လူကာကူ ဟာ အသင်းလိုက် ကစားပုံမှာ တာဝန် ကျေပွန်ခဲ့ပေမယ့် ၊ တိုက်စစ်မှူး အခန်းကဏ္ဍ မှာတော့ ခြေစွမ်းပြနိုင်ခဲ့တယ်လို့ သတ်မှတ် မရခဲ့ပါဘူး ။ ဒီတော့ ၄င်း အနေနဲ့ နောင်တော် ဒီဒီယာ ဒရော့ဘာ ရဲ့ လမ်းစဉ် ကို လိုက်နိုင်ဖို့ အများကြီး ကြိုးစားရဦးမှာ ဖြစ်ပါတယ် ။

တော့တင်ဟမ် နည်းပြဟောင်း တင်မ်ရှားဝုဒ် ကတော့ အသက် ၂၈နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ယင်း ဘယ်လ်ဂျီယမ် တိုက်စစ်မှူး အနေနဲ့ ပွဲကြီးတွေမှာ Big Game player အဖြစ် ပြုမူဖို့ အချိန်တန်ပြီ ဖြစ်ကြောင်း Optus Sport နဲ့ တွေ့ဆုံခဲ့ရာမှာ အခုလိုပဲ သတိပေး ပြောဆိုခဲ့ပါတယ် ။

တင်မ်ရှားဝုဒ် က ” ရိုမီလူ ဟာ အသင်းကြီးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ မဖြစ်မနေ ဂိုးသွင်းပြရပါတော့မယ် ။ ကျွန်တော့ အတွက် ဒါဟာ သူ့အတွက် မေးခွန်း တခု အဖြစ် ကျန်ရှိနေဆဲ ဖြစ်ပါတယ် ။ သူဟာ အံ့သြဖွယ် ကောင်းတဲ့ တိုက်စစ်မှူး တဦးလို့ ကျွန်တော် ထင်ပါတယ် ။ ”

” သူဟာ ချဲလ်ဆီး အသင်းရဲ့ ကို နောက်တဆင့် ပို့ဆောင်ပေးနိုင်ပြီး ၊ လက်ရှိ ချဲလ်ဆီးမှာ ရှိနေတဲ့ အခြား တိုက်စစ် ကစားသမားတွေထက် အရည်အသွေး ပိုမြင့်မားပါတယ် ။ ဒါပေမယ့် သူဟာ အသင်းငယ်တွေကိုသာ အနိုင်ကျင့်နိုင်တဲ့ တိုက်စစ်မှူးမျိုး ဖြစ်နေပါတယ် ။ အသင်းငယ်တွေနဲ့ ရင်ဆိုင်တဲ့အခါ သူဟာ ဂိုးပိုသွင်းလေ့ ရှိပါတယ် ။ ”

” သူ့အနေနဲ့ လီဗာပူး ၊ မန်ချက်စတာ ယူနိုက်တက် တို့နဲ့ ရင်ဆိုင်တဲ့အခါ တခုခု လုပ်ပြရပါတော့မယ် ။ အခု သူ့ကို ကြည့်ရတာ ပရီးမီးယားလိဂ် ကို ဒီတခေါက် ပြန်လာခွင့် ရတဲ့ အတွက် ပိုပြီး ပျော်ရွှင်နေတဲ့ ပုံပါပဲ ။ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ မပြီးပြတ်သေးတဲ့ အလုပ်တွေကို ရှင်းလင်းဖို့ ဒီကို ပြန်ရောက်လာတာ ဖြစ်ပါတယ် ။ ”

” သူဟာ လက်ရှိ ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူး စာရင်းဝင် ဖြစ်နေဆဲပါ ။ ဒါပေမယ့် ထိပ်တန်း ကလပ်တွေနဲ့ ရင်ဆိုင်တဲ့အခါ သူ့ရဲ့ ဂိုးသွင်းနိုင်စွမ်း ကို ကျွန်တော် မြင်ချင်ပါတယ် ။ ကျွန်တော်တို့ ဆင်ခြေမပေးပဲ ပြောကြရအောင် ။ ကျွန်တော်တို့ဟာ သူ မန်စီးတီးနဲ့ ပွဲမှာ ဂိုးမရခဲ့တာ ပံ့ပိုးမှု မရှိတာကြောင့်လို့ ဆင်ခြေပေးခဲ့ကြပါတယ် ။ ”

 

” ထိပ်တန်း အဆင့် တိုက်စစ်မှူးတွေဟာ အသင်းဖော်တွေရဲ့ ပံ့ပိုးမှု တစုံတခု မရခဲ့ရင်တောင် ၊ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလို ဂိုးရဖို့ နည်းလမ်း ရှာဖွေနိုင်ကြပါတယ် ။ မိုဆာလာ ကိုပဲ ကြည့်ပါ ။ သူဟာ ဒီအတွက် အကောင်းဆုံး ဥပမာ တခုပါပဲ ။ မန်စီးတီး နဲ့ ပွဲမှာ သူ အသင်းအတွက် ရပ်တည် ဦးဆောင်ပေးခဲ့ပြီး ၊ ဒီလို လှပတဲ့ သွင်းဂိုးမျိုး သွင်းယူပေးနိုင်ခဲ့ပါတယ် ။ သူဟာ အသင်းကြီးတွေနဲ့ ရင်ဆိုင်တဲ့အခါ အမြဲ ခြေစွမ်းပြနိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR