ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကာလ ကမှ PSG အသင်းထံ အလွတ်ကြေး နဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ လီဗာပူး အသင်းရဲ့ ကွင်းလယ် ကစားသမားဟောင်း ဝိုင်နယ်ဒမ် က ဗာဂျယ် ဗန်ဒိုက် ဟာ ကမ္ဘာ့အကောင်းဆုံး 3 ယောက် စာရင်းဝင် ကစားသမား တယောက် ဖြစ်တယ်လို့ မှတ်ချက် ပေးလိုက်ပါတယ်။

သူတို့ နှစ်ယောက် ဟာ လီဗာပူးမှာ အတွဲညီခဲ့တဲ့ နယ်သာလန်သားတွေ ဖြစ်ပြီး ၊ အဝတ်လဲခန်း အတွင်းက Leadership တာဝန်တွေကိုပါ ပူးတွဲ ရယူခဲ့ကြသူတွေပါ။

FIFA website နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ကမ္ဘာ့အကောင်းဆုံး ကစားသမား နဲ့ ပတ်သက်လို့ သူ့ရဲ့ အမြင်ကို အခုလိုပဲ ချပြသွားခဲ့ ပါတယ်။

“ လူတိုင်းက လီယို မက်ဆီ နဲ့ ရိုနာဒို တို့ အကြောင်းပဲ ပြောကြတာပါ ဘာလို့လဲဆိုတော့ သူတို့ကလဲ လွန်ခဲ့တဲ့ 15 နှစ် အတွင်း စွမ်းဆောင်ရည်တွေက တသမတ်တည်းဖြစ်အောင် ထိန်းထားနိုင်ခဲ့တာလေ။ ဒါပေမယ့် တတိယမြောက် အကောင်းဆုံး ဘောလုံးသမား က ဘယ်သူဖြစ်မလဲ ဆိုတဲ့ အမြင်အပေါ်မှာတော့ အများကြီး ကွဲပြားကြပါတယ်။

ပရိသတ်တွေ အကြားမှာ အကောင်းဆုံး ကစားသမားနာမည်ကို ရွေးကြပြီ ဆိုရင် တိုက်စစ်မှုးတွေ ၊ ကွင်းလယ် ကစားသမားတွေကို ပိုပြီး အသားပေးလေ့ရှိပါတယ် ဒါပေမယ့် ခံစစ်မှုးတွေ အကြားမှာလဲ ထိပ်တန်း ကစားသမားတွေ အများကြီး ရှိပါတယ်။ ဗန်ဒိုက် ဆိုရင် အဲဒီ စာရင်းမှာ သေချာပေါက် ပါဝင်နေရမှာပါ။

အခု ပီအက်စ်ဂျီ မှာ ဆိုရင် ကျနော် က ဗာရက်တီ နဲ့ တွဲပြီးကစားရလို့ ၊ သူဟာ ဘယ်လောက်အထိ ထူးခွျှန်တဲ့ ကစားသမားလဲ ဆိုတာ ကောင်းကောင်း သဘောပေါက်လာပါတယ်။ ဒါပေမယ့် လူတွေ က သူ့အကြောင်းကို အများကြီး မပြောကြပါဘူး ဘာလို့လဲ ဆိုတော့ သူဟာ ဂိုးတွေ အမြဲတမ်း သွင်းနေတဲ့သူ မဟုတ်သလို ၊ ဖန်တီးမှုတွေလဲ အများကြီး လုပ်ပြထားတဲ့သူ မဟုတ်ဘူးလေ။ ကွင်းထဲက သူ့ရဲ့ စွမ်းဆောင်ရည်တွေကတော့ တကယ်ကို ထိရောက်လွန်းတာပါ။

လူတိုင်းမှာ အမြင်အမျိုးမျိုး ရှိပါတယ်။ တချို့က ခံစစ်မှုးဆိုတာ ဘောလုံးကို သေချာ ကိုင်ထားနိုင်ရမယ်လို့ ယူဆထားကြသလို ၊ တချို့ ကြတော့လဲ ခံစစ်မှုး ဆိုတာ ခေါင်းဆောင်မှု စွမ်းရည်ပါ ပြည့်ဝနေရမယ် လို့ သတ်မှတ်ထားတာပါ။ ဒါပေမယ့် တချို့ကတော့ ခံစစ်မှုး ဆိုတာ ခံစစ်ကို လုံလုံခြုံခြုံ ဖြစ်အောင် ကစားတတ်ဖို့ပဲ လိုတယ်လို့ မြင်ကြပါတယ်။

ဗန်ဒိုက် မှာတော့ အဲဒီ အရည်အသွေးတွေ အားလုံး ရှိပြီးသားပါ။ ဒါကြောင့် ကမ္ဘာ့အကောင်းဆုံး စာရင်းဝင် လို့ သတ်မှတ်လို့ ရတဲ့အပြင် ၊ ခံစစ်မှုးတွေထဲမှာတော့ အကောင်းဆုံးလို့တောင် ပြောလို့ရပါတယ်” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

ဝိုင်နယ်ဒမ် ဟာ နယ်သာလန် အတွက် နောက်ဆုံး ပါဝင် ကစားပေးခဲ့တဲ့ 32 ပွဲမှာ စုစုပေါင်း 18 ဂိုး အထိတောင် သွင်းယူ နိုင်ခဲ့ပါတယ်။ ဒါဟာ ကွင်းလယ် ကစားသမား တယောက် အနေနဲ့ ကြည့်လိုက်ရင် ထူးခြားလွန်းတဲ့ စွမ်းဆောင်ရည်မျိုးလို့ ပြောရမှာပါ။ အဲဒီ အကြောင်းနဲ့ ပတ်သက်လို့တော့ ပီအက်စ်ဂျီ ကစားသမားကြီးက –

“ အများစု က ကျနော်ဟာ ဂိုးတွေ သွင်းပြနိုင်တဲ့ ကွင်းလယ် ဖန်တီးရှင် ကစားသမား တယောက် အဖြစ်ပဲ သိထားကြတာပါ။ ကိုယ်တိုင်ကလဲ 18 ကိုက် အတွင်း ဝင်ဆွဲပြေးနိုင်သလို ၊ ဂိုးတွေ သွင်းနိုင်တယ် ၊ ဖန်တီးမှုတွေလဲ လုပ်ပြနိုင်ပါတယ်။

ဒါပေမယ့် အခြေအနေတွေက မတူဘူးလေ။ အသင်းရဲ့ တည်ဆောက်ထားတဲ့ အပေါ်မှာ မူတည်ပြီး ကစားရတာပါ။

ရော်နယ် ကိုးမန်း နည်းပြ ဖြစ်လာချိန်မှာတော့ သူဟာ ကျနော့် ကို အဲဒီနေရာမှာ ထားပြီး ကစားခဲ့ပါတယ်။ ဂိုးတွေ သွင်းရတော့ ပျော်တာပေါ့ ။ အသင်းအတွက်လဲ အထောက်အကူတွေ အများကြီး ပေးနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဒါကလဲ ကိုယ့်ကစားဖော်တွေ ကောင်းလွန်းလို့ပါ။

လက်ရှိ စွမ်းဆောင်ရည်မျိုးအတိုင်း နယ်သာလန် အတွက် ဆက်ကစားပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

SM