ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ လီဗာပူး ကနေ ပီအက်စ်ဂျီ အသင်းကို အလွတ်ပြောင်းရွှေ့ကြေး နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဝိုင်နယ်ဒမ် ဟာ ပဲရစ် ကလပ်မှာ မျှော်လင့်ထားသလိုတွေ ဖြစ်မလာတဲ့ အတွက် အပြည့်အ၀ မပျော်ရွှင်နိုင်သေးဘူးလို့ ဝန်ခံလိုက်ပါတယ်။

နယ်သာလန် ကွင်းလယ် ကစားသမားဟာ ယာဂန် ကလော့ပ် ရဲ့ လက်အောက်မှာ 5 ရာသီ ပါဝင် ကစားခဲ့ပြီး ၊ အရေးပါတဲ့ ကွင်းလယ် ကစားသမား တယောက် အဖြစ် တည်ဆောက်နိုင်ခဲ့တဲ့ အပြင် ၊ ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ် ဖလားကြီး ကိုပါ ဆွတ်ခူးနိုင်အောင် ကူညီပေးနိုင်ခဲ့ ပါတယ်။

အန်ဖီးလ်မှာ ရှိနေခဲ့ချိန် ကတော့ သူ့ရဲ့ ကောင်းမွန်လွန်းတဲ့ ကြံ့ခိုင်မှု အနေအထားတွေကြောင့် ရာသီတိုင်းနီးပါး ဒဏ်ရာပြသနာ ကင်းကင်းနဲ့ ပွဲအရေအတွက်တွေ အများကြီး ကစားပေးခဲ့ပါတယ်။

သို့သော် ပီအက်စ်ဂျီ ကို ရောက်ရှိလာချိန်မှာ အခြေအနေတွေက လုံး၀ မတူတော့ပါဘူး။ ဒီရာသီ စုစုပေါင်း 11 ပွဲ အထိ ပါဝင် ကစားခွင့် ရခဲ့ပေမယ့် ၊ မီးနစ် အားဖြင့် တွက်ကြည့်လိုက်မယ် ဆိုရင် 502 မီးနစ်သာ ရှိတာကြောင့် နည်းပြ ပိုချက်တီနို ရဲ့ ယုံကြည်မှုတွေကို ရယူနိုင်ခြင်း မရှိသေးဘူးလို့ မှတ်ချက်ပေးရမှာ ဖြစ်ပါတယ်။

ကွင်းလယ် ကစားသမားကြီးဟာ လက်ရှိမှာ နယ်သာလန် အသင်းနဲ့ အတူ ရှိနေပြီး ၊ ဒီညမှာတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် အဖြစ် ဂျီဘရော့တာ အသင်းနဲ့ ရင်ဆိုင် ကစားသွားဖွယ် ရှိနေပါတယ်။

ဒီပွဲ မကစားခင် NOS နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ PSG က အဆင်မပြေမှုတွေ ရှိတဲ့ အကြောင်းကို အခုလိုပဲ ဖွင့်ဟသွားခဲ့ပါတယ်။

“ ပီအက်စ်ဂျီ မှာ အပြည့်အ၀ ပျော်ရွှင်နေတယ်လို့ မပြောချင်ပါဘူး။ ဘာလို့လဲ ဆိုတော့ အခြေအနေတွေက ကိုယ်ဖြစ်ချင်တဲ့ ပုံစံအတိုင်း မဟုတ်သေးဘူးလေ။ ဒါပေမယ့် ဘောလုံး ရှုထောင့်ကနေ ကြည့်မယ် ဆိုရင်တော့ ကျနော့် အနေနဲ့ နေရာသစ်မှာ အသားကျဖို့ အတွက် သင်ယူမှုတွေ ဆက်ပြီး လုပ်ဆောင်ရမှာပါ။

ကျနော် က လွယ်လွယ်နဲ့ အရှုံးပေးမယ့်သူ မဟုတ်ပါဘူး။ ဒါကြောင့် အကောင်းဘက်ကနေ အမြဲတမ်း တွေးထားပြီး လက်ရှိ အနေအထားတွေကို ပြောင်းပြန်လှန်ပစ်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ ကျနော်ဟာ ပွဲတွေ အများကြီးကို ပါဝင် ကစားပေးခဲ့တာပါ။ ကြံ့ခိုင်မှုကိုလဲ အမြဲတမ်း ထိန်းထားနိုင်သလို ၊ စွမ်းဆောင်ရည်ကောင်းတွေလဲ ပြသနိုင်ခဲ့တယ်လေ။

ဒါပေမယ့် လက်ရှိ ကြုံတွေ့နေရာတွေက အဲဒါတွေ နဲ့ လုံး၀ ကို မတူတော့ပါဘူး။ ဒါကြောင့် အသားကျဖို့ ကြိုးစားနေရပါတယ်။ ကျနော့် စိတ်ကူးထဲမှာက အသင်းသစ်မှာ ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေ ထုတ်ဖော်ပြသနိုင်ဖို့ အတွက်ပေါ့ ၊ ဖြစ်လဲ ဖြစ်လာမယ်လို့ ယုံကြည်ခဲ့ပါတယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ အဲဒီလို ဖြစ်လာဖို့ ခက်ခဲနေဆဲပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

NOS ရဲ့ ဖော်ပြချက် အရ နည်းပြ ပိုချက်တီနို ဟာ ဝိုင်နယ်ဒမ် ကို ခေါ်ယူခဲ့စဉ်က တိကျပြတ်သားတဲ့ အိုက်ဒီယာတွေ ချပြခဲ့သည့်တိုင်အောင် ၊ မက်ဆီ ရောက်ရှိလာပြီး နောက်ပိုင်း အပြောင်းအလဲတွေ ဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။

ကွင်းလယ် ခံစစ်ပိုင်းမှာလဲ အန်ဒါ ဟာရဲရား နဲ့ ဂူယီ တို့နှစ်ယောက် ကို ပိုအသားပေးပြီး သုံးစွဲလျှက်ရှိနေပါတယ်။

ဝိုင်နယ်ဒမ် ဟာ နောက်ဆုံး ကစားခဲ့တဲ့ လီဂူးဝမ်း 6 ပွဲမှာ တပွဲမှာ မီးနစ် 90 ပြည့် ပါဝင် ကစားခွင့် မရရှိသေးပါဘူး။

SM