လိဂ်ပြိုင်ပွဲတွေ ၊ ဥရောပပြိုင်ပွဲတွေ ခဏ ရပ်နားချိန်မှာ နိုင်ငံပွဲတွေ ကစားခဲ့ကြပြီး အာဆင်နယ် အသင်းက စီနီယာ ကစားသမားတွေရော လူငယ် ကစားသမားတွေပါ ခြေစွမ်းပြ ဂိုးတွေ သွင်းနိုင် ခဲ့ကြပါတယ် ။

နိုင်ငံအသင်းပွဲတွေမှာ ခြေစွမ်းပြ ဂိုးတွေသွင်းခဲ့ကြတဲ့ အာဆင်နယ် ကစားသမား ၈ ဦး ကို ဖော်ပြ ပေးလိုက်ပါတယ် ။

ပါတေး ( ဂါနာ )

ပါတေး ဟာ ဇင်ဘာဘွေ နဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ဂါနာ အသင်း အတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကို လှလှပပ သွင်းယူ ပေးခဲ့ပါတယ် ။ပါတေး ဟာ နိုင်ငံ အသင်း အတွက် ၃၁ ပွဲ ကစားပြီး သွင်းဂိုး ၁၀ ဂိုး အထိ သွင်းယူ ပေးထားပါတယ် ။

အော်ဘာမီယန်း (ဂါဘွန်)

ဂန်းနား အသင်း ခေါင်းဆောင် အော်ဘာမီယန်း ဟာလည်း အန်ဂိုလာ နဲ့ ပွဲမှာ ဂါဘွန် အတွက် ဦးဆောင်ဂိုး သွင်းယူ ပေးခဲ့ကာ နိုင်ငံ အသင်းရဲ့ ကမ္ဘာ့ဖလား ဝင်ခွင့် မျှော်လင့်ချက် ဆက်လက် ရှင်သန်အောင် ကူညီ ပေးခဲ့ပါတယ် ။

နီကိုလပ်စ် ပေပေ ( အိုင်ဗရီကိုစ့် )

ပေပေ ကတေ့ာ Malawi နဲ့ ပွဲမှာ အိုင်ဗရီကိုစ့် အသင်း အတွက် ဦးဆောင်ဂိုး သွင်းယူ ပေးခဲ့ပြီး ပွဲချိန်ပြည့် ပါဝင် ကစားပေးခဲ့ပါတယ် ။ ပေပေရဲ့ အိုင်ဗရီကိုစ့် အသင်းဟာ ၄ ပွဲ ကစား ၊ ၃ ပွဲနိုင် ၊ ၁ ပွဲသရေနဲ့ အုပ်စု ထိပ်ဆုံးမှာ ရပ်တည် နေပါတယ် ။

ဆာကာ ( အင်္ဂလန် )

ဆာကာ ဟာ အန်ဒိုရာ အသင်းကို ၅ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲမှာ အင်္ဂလန်လက်ရွေးစင် အသင်းကြီး အတွက် ဒုတိယမြောက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြီး ပွဲချိန်ပြည့် ပါဝင် ကစားခဲ့ပါတယ် ။ ဆာကာ ဟာ အင်္ဂလန် လက်ရွေးစင် အသင်းကြီးအတွက် ၉ ပွဲ ပွဲထွက် ကစားထားပြီး ၊ ၃ ဂိုးသွင်း ၃ ဂိုးဖန်တီးထားကာ MOTM ၄ ကြိမ် ရထားပါတယ် ။

စမစ်ရို ( အင်္ဂလန် ယူ၂၁ )

အင်္ဂလန် အသင်းကြီးမှာ မရွေးချယ် ခံရတဲ့ စမစ်ရိုဟာ အန်ဒိုရာ ယူ၂၁ နဲ့ ပွဲမှာ ယူ၂၁ အသင်း အတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူ ပေးခဲ့ပါတယ် ။ စမစ်ရို ဟာ တန်ပြန်တိုက်စစ်ကနေ ဂျုံးစ်ရဲ့ ပေးပို့မှုကို မြန်နှုန်းနဲ့ ပြေးအားနဲ့ ရယူပြီး ဂိုးသမား နဲ့ တစ်ဦးချင်း အတွေ့မှာ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ် ။ စမစ်ရိုဟာ Player of the Match ဆုကိုလည်း ရရှိ ခဲ့ပါတယ် ။

မီဂွယ်လ်အဇီးဇ် ( အင်္ဂလန် ယူ၂၀ )

ပိုစ့်မောက်အသင်းမှာ အငှားသွားကစားနေတဲ့ အဇီးဇ် ဟာ ချက် ယူ၂၀ အသင်းကို ၅ ဂိုးပြတ် အနိုင်ရတဲ့ ပွဲမှာ အင်္ဂလန် ယူ၂၀ အသင်း အတွက် တစ်ဂိုးသွင်း ၊ တစ်ဂိုး ဖန်တီး ပေးခဲ့ပါတယ် ။

တာဗာရက်စ် ( ပေါ်တူဂီ ယူ၂၁ )

ဘယ်နောက်ခံလူ တာဗာရက်စ် ကတော့ ပေါ်တူဂီ ယူ၂၁ အသင်း ဂိုးတစ်ဒါဇင် နီးပါး နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ တစ်ဂိုးသွင်း ၂ ဂိုးဖန်တီး ပေးနိုင်ခဲ့တယ်လို့ သိရပါတယ် ။

ဘီရက် (ဒိန်းမတ် ယူ၁၉)

အာဆင်နယ် ယူ၂၃ အသင်းမှာ ခြေစွမ်းပြ ဂိုးတွေ သွင်းယူ နေတဲ့ ဘီရ​က်ဟာလည်း ဒိန်းမတ် ယူ၁၉ အသင်းမှာ သွင်းဂိုး တစ်ဂိုး ရခဲ့ပါတယ် ။

အထက်ပါ ကစားသမားတွေအပြင် မာဗရိုပါနိုစ့် (ဂရိ) ၊ ဆာလီဘာ ( ပြင်သစ် ယူ၂၁ ) ၊ ကာလ်ဟိန်း(အက်စ်တိုနီးယား ) ၊ တီယာနေး (စကော့တလန်) ၊ အိုဒီဂွါဒ် (နော်ဝေ) ၊ တိုမီယာစု (ဂျပန်) ၊ အယ်နီနီ (အီဂျစ်) တို့ဟာလည်း နိုင်ငံ အသင်းအတွက် ကိုယ်စားပြု ကစားခဲ့ကြပါတယ် ။

SM