ရီယိုဖာဒီနန်က နယူးကာဆယ် ပိုင်ရှင်သစ်တွေ အနေနဲ့ မန်ချက်စတာယူနိုက်တက် ကြယ်ပွင့်တွေ ဖြစ်ကြတဲ့ ဂျယ်စီလင်ဂတ် ၊ မန်ချက်စတာစီးတီးမှာ နေရာမရ ဖြစ်နေတဲ့ ရာဟင်းစတားလင်း နဲ့ ဝက်ဟမ်း ကွင်းလယ်လူ ဒန်ကလန်ရိုက်စ် တို့ကို ငွေကြေး များစွာ သုံးစွဲကာ ခေါ်ယူရန် တိုက်တွန်း သွားခဲ့ပါတယ်။

ဆော်ဒီအာရေးဗျရဲ့ Public Investment Fund ဟာ ပြီးခဲ့တဲ့ တစ်ပတ်က နယူးကာဆယ် အသင်းကို ပေါင် ၃၀၂ သန်းနဲ့ အပြီးသတ် ဝယ်ယူကာ ၁၈ လကြာ လိပ်ခဲတည်းလည်း ဖြစ်နေမှုကို အဆုံးသတ်ခဲ့ပါတယ်။ လက်ရှိမှာတော့ ကမ္ဘာ့ဘောလုံးလောကရဲ့ အချမ်းသာဆုံး ဖြစ်တဲ့ နယူးကာဆယ် ပိုင်ရှင်တွေဟာ လာမည့်နှစ်တွေ အတွင်း ကလပ်ကို ငွေကြေး များစွာ ရင်းနှီးမြှပ်နှံသွားတော့မှာ ဖြစ်တာကြောင့် ဘောလုံး ပရိတ်သတ်တွေ အတွက် ကတော့ စိတ်လှုပ်ရှားစရာ ဖြစ်နေပါတယ်။

ဖာဒီနန်က ထိပ်တန်း ကစားသမားတွေကို အားဖြည့် သွားရမယ့် နယူးကာဆယ် အသင်း အနေနဲ့ ချဲလ်ဆီး နဲ့ မန်ယူနိုက်တက် တို့ရဲ့ ပစ်မှတ်ထားခြင်းကို ခံနေရတဲ့ ကွင်းလယ်လူ ရိုက်စ် အပြင် မန်စီးတီးမှာ မပျော်မရွှင် ဖြစ်နေတဲ့ စတားလင်း တို့လို ကစားသမားတွေကို ပစ်မှတ်ထားသင့်တယ်လို့ အကြံပေးလိုက်ပါတယ်။

ဖာဒီနန်က “ကျွန်တော်သာ နယူးကာဆယ် ပိုင်ရှင်တွေ ဆိုရင် နာမည်ကြီး ကစားသမား ခေါ်ယူမှု ၂ ခုလောက်ကို ပြုလုပ်ဖို့ ကြိုးစား သွားမှာ ဖြစ်ပါတယ်။ ဒီကစားသမားတွေကို ရနိုင်ခြေ ရှိဖို့တော့ လိုအပ်တာပေါ့ဗျာ။ ပထမဦးဆုံး ကျွန်တော် ပစ်မှတ်ထား သွားမယ့် ကစားသမား ကတော့ ရာဟင်းစတားလင်းလို လူမျိုး ဖြစ်ပါတယ်။ ရာဟင်းစတားလင်းဟာ စီးတီးမှာ ပုံမှန် ကစားခွင့် မရဘဲ ဖြစ်နေပါတယ်။ နယူးကာဆယ် အနေနဲ့ သူ့ကို သွေးတိုးသွားစမ်း သင့်ပါတယ်။

အဲဒီနောက် ကျွန်တော်ဟာ ဒန်ကလန်ရိုက်စ်ကို ပစ်မှတ်ထားမှာပါ။ ဒီကစားသမား ၂ ဦးဟာ ကျွန်တော့်ရဲ့ list ထဲမှာ ဦးစားပေး ကစားသမား ၂ ဦး ဖြစ်လာမှာပါ။ သူတို့ကို ခေါ်ယူနိုင်ဖို့ အတွက် ငွေပုံအောကာ အသုံးပြု သွားဖို့ လိုပါတယ်။ အဲဒီနောက် မန်ယူနိုက်တက်မှာ ကစားရလိုက် မကစားရလိုက် ဖြစ်နေတဲ့ ဂျယ်စီလင်ဂတ်လို ကစားသမားမျိုးကို ခေါ်ယူဖို့ ကျွန်တော် ကြိုးစား သွားမှာပါ။

ဒါဟာ လက်တွေ့ကျမကျ ဆိုတာ သူတို့ကို မေးခွန်းထုတ်သွားမှ သိရမှာပါ။ ဒီကစားသမားတွေရဲ့ အဖြေကို အရင်စောင့်ကြည့်ပြီး အခြေအနေ မကောင်းမှ ဒီစာရင်းမှာ ရှိတဲ့ အခြား ကစားသမား တွေကို ပစ်မှတ်ထားရမှာပါ။ ကီလီယန်အမ်ဘက်ပေ ကတော့ နယူးကာဆယ်တို့ အတွက် အိမ်မက် ကစားသမားပါ။ ဒါပေမယ့် မန်ယူနိုက်တက် ချဲလ်ဆီး နဲ့ စီးတီးတို့ရဲ့ အရန် လူစာရင်းမှာ ထိပ်တန်း ကစားသမားတွေ ရှိကြပါတယ်။ ကျွန်တော်ကတော့ ဒီလူတွေကို ပစ်မှတ်ထားသွားမှာပါ။ ဒီလို ကစားသမားမျိုးတွေကိုပဲ အရင် ပစ်မှတ်ထားသင့်ပါတယ်။

အဲဒီနောက် ကမ္ဘာပေါ်မှာ ရှိတဲ့ လူငယ်ကြယ်ပွင့် ကစားသမားတွေကို ရှာဖွေကာ ဒီကစားသမား အစုအဖွဲ့နဲ့ ပေါင်းစပ်သွားရမှာ ဖြစ်ပါတယ်။ ကျွန်တော် ကတော့ အင်္ဂလန် လူငယ် ကြယ်ပွင့်တွေကို ပိုမို အသားပေးခေါ်ယူစေချင်ပါတယ်။ နော့ရစ်ချ် နောက်ခံလူ မက်အာရွမ် နဲ့ ကော်နာဂါလေဂါ တို့ကို လူငယ်ကြယ်ပွင့် ၂ ဦးကို နယူးကာဆယ် ရောက်စေချင်ပါတယ်။ နယူးကာဆယ်ဟာ အင်္ဂလန် ကလပ် ဖြစ်နေတာကြောင့် ကျွန်တော် ကတော့ အင်္ဂလန် လူငယ်ကြယ်ပွင့်တွေနဲ့ တည်ဆောက်ထားတဲ့ အသင်းကို အလိုရှိပါတယ်။”

SM