အာဆင်နယ် ဟီးရိုး ဖြစ်သူ နိုင်ဂျယ်ဝင်တာဘန်းက မန်ချက်စတာယူနိုက်တက် အသင်း အနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်မှာ မန်ချက်စတာစီးတီး ချဲလ်ဆီး နဲ့ လီဗာပူး တို့ရဲ့ နောက်မှာသာ ရပ်တည် နိုင်လိမ့်မယ်လို့ ဆိုလိုက်ပါတယ်။ အိုလီဂန်နာဆိုးရှားရဲ့ အသင်းဟာ လက်ရှိမှာ အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး မန်စီးတီးနဲ့ အမှတ်တူနေကာ ချဲလ်ဆီး လီဗာပူး တို့ရဲ့ နောက်မှာ ရပ်တည် နေပါတယ်။

လာမည့် စနေနေ့မှာ လက်စတာ နဲ့ ကစားရမယ့် မန်ယူနိုက်တက်ဟာ ဒီရာသီ လိဂ်ပြိုင်ပွဲမှာ တာထွက် မဆိုးခဲ့မေယ့်လည်း ပြီးခဲ့တဲ့ ပွဲစဉ် တစ်ချို့မှာတော့ ရုန်းကန်ခဲ့ရပြီး ဝက်ဟမ်းကို ရှုံးကာ ကာရာဘောင်ဖလား ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရသလို ချန်ပီယံလိဂ်မှာ ဘေဆယ် ၊ ပရီးမီးယားလိဂ်မှာ အက်စတွန်ဗီလာ တို့ကို အရေးနိမ့်ခဲ့ပါတယ်။

ဒါ့အပြင် ယူနိုက်တက်ဟာ နိုင်ငံတကာ ပွဲစဉ်တွေ မတိုင်မီ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်မှာလည်း အဲဗာတန်ကို အိမ်ကွင်းမှာ ၁-၁ သာ ကစားနိုင်ခဲ့ပြီး ဝင်တာဘန်းက ဒီရလဒ်ကို ကြည့်လိုက်မယ် ဆိုရင် ဆိုးရှားရဲ့ အသင်းဟာ ခြေစွမ်းမကောင်းချိန်မှာ အနိုင်ရအောင် မကစားတက်တဲ့ ဥပမာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အာဆင်နယ် နဲ့ အင်္ဂလန် ကြယ်ပွင့်ဟောင်းက ယူနိုက်တက် အနေနဲ့ ပြိုင်ဘက်တွေ ဖြစ်တဲ့ မန်စီးတီး ချဲလ်ဆီး နဲ့ လီဗာပူး တို့လို ခြေစွမ်း မကောင်းချိန်မှာ ရလဒ်ကောင်းတွေ ရယူနိုင်စွမ်း မရှိတဲ့ အတွက် ဒီရာသီ အဆင့် ၄ နေရာနဲ့သာ ကျေနပ်ရလိမ့်မယ်လို့ သုံးသပ်လိုက်ပါတယ်။

ဝင်တာဘန်းက “မန်ယူနိုက်တက်ဟာ သူတို့ ဘောလုံး ဆုံးရှုံးချိန်မှာ လိုအပ်ချက်တွေ ရှိနေပြီး ပြိုင်ဘက် အတွက် ကစားရတာ လွယ်ကူစေပါတယ်။ မန်နေဂျာ အနေနဲ့ ဒါကို သူ့အသင်းရဲ့ ကစားပုံမှာ ထည့်သွင်း သွားရမှာ ဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ဟာ သူတို့ ခြေစွမ်း မကောင်းချိန်မှာ ရလဒ်ကောင်းတွေ ရယူနိုင်တဲ့ စွမ်းရည်ကို တိုးတက်အောင် လုပ်သွားရမှာပါ။

အိုလီ အနေနဲ့ ဒီကစားသမားတွေ ဆီကနေ ဒါကို ထုတ်ယူနိုင်မလဲ ဆိုတာ စိတ်ဝင်စားစရာ ပါပဲ။ အကယ်၍ မန်ယူနိုက်တက်တို့ ပွဲတိုင်း အနိုင်မရခဲ့ဘူး ဆိုရင် လူတွေက ‘ဒီမန်နေဂျာမှာ လုံလောက်တဲ့ အတွေ့အကြုံ မရှိဘူး။ အခြား မန်နေဂျာဆို ဒီထက် ကောင်းအောင် လုပ်ပြနိုင်လိမ့်မယ်။’ ဆိုပြီး ပြောကြမယ် ဆိုတာကို အိုလီ သိနေပါတယ်။ ဆာအဲလက်စ် လက်ထက်ကလို ဒုတိယနေရာ ရတာဟာ မန်ယူနိုက်တက် အတွက် ကျရှုံးတဲ့ ရာသီတစ်ခု မဟုတ်တော့ပါဘူး။

အဲဗာတန်နဲ့ အိမ်ကွင်းမှာ သရေကျခဲ့တာဟာ ယူနိုက်တက်တို့ ရမှတ်တွေ ဆုံးရှုံးခဲ့တယ်လို့ မှတ်ယူရမှာ ဖြစ်ပါတယ်။ အမှတ်ပေးဖလားကို စိန်ခေါ်ချင်တယ် ဆိုရင် ဒီလိုမျိုး အမှတ်တွေ ထပ်ပြီး ဆုံးရှုံးသွားလို့ မရပါဘူး။ မဟုတ်ရင် သူတို့ဟာ ဖလား လမ်းကြောင်းကနေ ထွက်ခွာသွားရမှာပါ။ ဘာပဲဖြစ်ဖြစ် မန်ယူနိုက်တက်တို့ ပရီးမီးယားလိဂ်ဖလား လမ်းကြောင်းကနေ ထွက်သွားရလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ မန်စီးတီး ချဲလ်ဆီး နဲ့ လီဗာပူး တို့ဟာ သူတို့ လိုအပ်တဲ့ အချိန်မှာ ရလဒ်ကောင်းတွေကို ညှစ်ယူနိုင်ကြမှာပါ။” လို့ ဆိုလိုက်ပါတယ်။

SM