ပြီးခဲ့တဲ့ ရက်အနည်းငယ် အတွင်းကပဲ ၂၀၂၁ ခုနှစ် ရဲ့ France Football မှ ချီးမြှင့်မယ့် Ballon D’Or ဆု အတွက် ဆန်ခါတင် ကစားသမား အယောက် ၃၀ စာရင်း ထွက်ပေါ်ခဲ့ရာ ၊ ချန်ပီယံလိဂ်နဲ့ ဥရောပ စူပါဖလား ချန်ပီယံ ချဲလ်ဆီး အသင်း က ကစားသမား ၅ယောက်နဲ့ အများဆုံး ပါဝင်ခဲ့ပါတယ် ။

ထိုအထဲမှာ အီတလီ အသင်းနဲ့ အတူ ယူရို ၂၀၂၀ ချန်ပီယံ ဖြစ်ထားတဲ့ ၊ ၂၀၂၁ ရဲ့ ဥရောပ အကောင်းဆုံးဆု ကို ဆွတ်ခူးထားတဲ့ ကွင်းလယ်လူ ဂျော်ဂျင်ဟို ဟာ Ballon D’Or ဆု အတွက်လည်း ထိပ်ဆုံး ၃နေရာက ရေပန်းစားလျက် ရှိပါတယ် ။

အသက် ၂၉ နှစ် အရွယ် ဂျော်ဂျင်ဟို ဟာ တဦးချင်း စွမ်းဆောင်ရည် အရ အချက်အလက် မှတ်တမ်း မြင့်မြင့်မားမား မရှိပေမယ့် ၊ ၂၀၂၁ ခုနှစ် အတွင်း အသင်းလိုက် အောင်မြင်မှု ရရှိခဲ့တဲ့ အပိုင်းမှာ အခြား ဆန်ခါတင် စာရင်းဝင် ကစားသမား အားလုံးထက် သာလွန်နေပါတယ် ။

ဒါ့အပြင် ဂျော်ဂျင်ဟို ဟာ ဥရောပရဲ့ အမြင့်မားဆုံး အောင်မြင်မှုတွေကို ရရှိခဲ့တဲ့ ချဲလ်ဆီးနဲ့ အီတလီ အသင်းတွေမှာ အဓိက ပွဲထွက် ကစားသမား အဖြစ် ပါဝင်ပေးထားတာကြောင့် ၊ တဦးချင်း စွမ်းဆောင်ရည် အရ အခြား ဆန်ခါတင် စာရင်းထက် နှာတဖျားသာနေတဲ့ လီယွန်နယ် မက်ဆီ ၊ ရောဘတ် လီဝမ် ဒေါစကီး တို့ကိုပင် တည့်ယှဉ်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ် ။

အီတလီ လက်ရွေးစင် နည်းပြ ရောဘတ်တို မန်ချီနီ နဲ့ အသင်းခေါင်းဆောင် ဖြစ်သူ ဂျော်ဂျီယို ချီလီနီ တို့ကတော့ ဂျော်ဂျင်ဟို ကို ထိပ်ဆုံး က မဲပေးမှာ ဖြစ်ပေမယ့် ၊ အခြား နိုင်ငံ အသင်း နည်းပြတွေနဲ့ အသင်းခေါင်းဆောင်တွေကတော့ တဦးချင်း စွမ်းဆောင်ရည် အပြတ်အသတ် အားသာနေတဲ့ မက်ဆီနဲ့ လီဝမ်ဒေါစကီး တို့ကိုသာ မဲပေးဖြစ်ဖို့ များနေပါတယ် ။

၂၀၀၆ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့တဲ့ အီတလီ လက်ရွေးစင် နည်းပြဟောင်း မာဆယ်လို လစ်ပီ ကတော့ ဂျော်ဂျင်ဟို ဟာ အသင်းလိုက် အောင်မြင်မှုကြောင့် မဟုတ်ပဲ ၊ တဦးချင်း စွမ်းဆောင်ရည် အရ ကို Ballon D’Or ဆုနဲ့ ထိုက်တန်မှု ရှိတဲ့ အကြောင်း အခုလိုပဲ ထောက်ခံ ပြောဆိုခဲ့ပါတယ် ။

လစ်ပီ က ” ဂျော်ဂျင်ဟို ဟာ ဒီနှစ် အတွက် Ballon D’Or ဆုနဲ့ ထိုက်တန်မှု ရှိပါတယ် ။ ပုံမှန် လက်ညှိုးထိုးစရာ သံသယ ဝင်စရာ တရားခံတွေထဲက တယောက် အနေနဲ့ မဟုတ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဒါ့အပြင် အီတလီ လက်ရွေးစင် နည်းပြဟောင်း တဦး ဖြစ်တဲ့ အာရက်ဂို ဆာချီ ကလည်း လစ်ပီရဲ့ ဂျော်ဂျင်ဟို နဲ့ ပတ်သက်တဲ့ မှတ်ချက် ကို အပြည့်အဝ ထောက်ခံ ပေးခဲ့ပါတယ် ။

ဂျော်ဂျင်ဟိုရဲ့ ဆရာ အရင်း ၂ဦး ဖြစ်တဲ့ သောမတ်စ် တူချယ်နဲ့ ရောဘတ်တို မန်ချီနီ တို့ကလည်း Ballon D’Or ဆု အတွက် ၎င်းတို့ရဲ့ တပည့် အရင်း က ဆွတ်ခူးဖို့ ထိုက်တန်မှု အပြည့်အဝ ရှိတဲ့ အကြောင်းကို ပြီးခဲ့တဲ့ ရက်အနည်းငယ် က အင်တာဗျူးတွေမှာ အခုလို ချီးကျူးခဲ့ကြပါသေးတယ် ။

တူချယ် က ” ဂျော်ဂျီ ဟာ Ballon D’Or ဆုကို ဆွတ်ခူးဖို့ ထိုက်တန်မှု ရှိပါတယ် ။ သူဟာ ပါးနပ်တဲ့ ကစားသမား တယောက် ဖြစ်ပြီး ၊ သူ့ရဲ့ နည်းပြ ဖြစ်ရတာ ကျွန်တော့ အတွက် ဝမ်းသာ ကျေနပ်စရာပါ ။ ”

” မနေ့က Ballon D’Or အတွက် ဆန်ခါတင် အယောက် ၃၀ စာရင်း ထွက်ခဲ့ပါတယ် ။ ဒါပေမယ့် ဒီစာရင်း ဟာ ကျွန်တော့ အတွက် ဝေဖန် အကဲဖြတ်နေဖို့ မဟုတ်ပါဘူး ။ ဒီလို တဦးချင်းဆုတွေက ကျွန်တော့ အဖို့ အခရာ မကျပါဘူး ။ ကစားသမားတွေပဲ ဒီဆုကို အမြတ်တနိုး တန်ဖိုးထားကြတာပါ ။ ”

” ဒါပေမယ့်လည်း ဒီ ဆန်ခါတင် ကစားသမား အယောက် ၃၀လုံးကို ကျွန်တော့ အနေနဲ့ အမှန်တကယ် နှိုင်းယှဉ်ပြနေလို့ မဖြစ်နိုင်ပါဘူး ။ ဘယ်ကစားသမား က ဒီနှစ် အတွင်း အကောင်းဆုံး ဖြစ်သလဲ ? တိကျတဲ့ ရှုထောင့် တခုခုကနေ ကြည့်ရင်တော့ ဆန်ခါတင် ကစားသမားတိုင်း ဒီဆုနဲ့ ထိုက်တန်မှု ရှိကြပါတယ် ။ ”

” အမှန်အတိုင်း ဝန်ခံရရင်တော့ ကျွန်တော် ဟာ ချဲလ်ဆီး အသင်းသား တဦးဦး ကို ဒီဆု ရရှိစေချင်ပါတယ် ။ ဒါဟာ ဆုရရှိမယ့် အသင်းသား အတွက် ယုံကြည်မှု ပိုပြီး တိုးစေမှာပါ ။ ဒါပေမယ့် ဒီဆု က ဘောလုံး လောကမှာ အရေးကြီးဆုံးနဲ့ အခရာ အကျဆုံး အရာတော့ မဟုတ်ပါဘူး ။ ” လို့ ဖြေကြားခဲ့ပါတယ် ။

မန်ချီနီကလည်း ” ဒီနေရာ ကို သူတို့ အရမ်းတော်ကြလို့ ရောက်လာတာပါ ။ ကျွန်တော့ကြောင့် မဟုတ်ပါဘူး ။ ကျွန်တော့ အမြင်ပြောရရင်တော့ ဒီဆု ကို ဂျော်ဂျင်ဟို ရသင့်ပါတယ် ။ သူက ကလပ် ရော နိုင်ငံ မှာပါ အရာ အားလုံးကို ရယူ ခဲ့တာပါ ။ ဒီဆု အတွက် အများကြီး ထိုက်တန်ပါတယ် ။ အဲလိုမှ မဟုတ်ခဲ့ရင်တော့ ကျွန်တော့ အတွက် အံ့အားသင့်စရာ ဖြစ်နေမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR