အေတီကို အသင်းရဲ့ နည်းပြကြီး ဆီမြွန်နီ က သူတို့ အသင်းဟာလဲ မက်ဆီ ကို ခေါ်ယူဖို့ အတွက် လုံလောက်တဲ့ ပတ်ဝန်းကျင် အနေအထားတွေ ပိုင်ဆိုင်ထားတကြောင့် ၊ အသင်းပြောင်း ကစားချင်စိတ် ရှိ/မရှိ အကြောင်းကို ကစားဖော်ဟောင်း လူးဝစ် ဆွာရက် ကနေ တဆင့် မေးကြည့်ခိုင်းခဲ့တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

လီယို မက်ဆီ ဟာ သူ့ရဲ့ ငယ်ဘ၀ ကလပ် ဘာစီလိုနာ နဲ့ စာချုပ်သစ် ဆိုင်ရာ အချက်အလက်တွေ သဘောတူညီမှု ရရှိထားပြီးကာမှ တရားဝင် ချုပ်ဆိုနိုင်ခြင်း မရှိပဲ ၊ မျှော်လင့် မထားတဲ့ အခြေအနေတွေကနေ လမ်းခွဲလိုက်ရတာ ဖြစ်ပါတယ်။ ဘာစီလိုနာ ဥက္ကဌသစ် လာပေါ်တာ ဟာ မက်ဆီ ကို ဆက်ထိန်းထားနိုင်မယ့် အကြောင်းတွေ တသွင်သွင်ပြောဆိုခဲ့သည့်တိုင်အောင် တကယ့်လက်တွေ့မှာတော့ အသင်းမှာ မလိုအပ်တော့တဲ့ လစာမြင့် ဘောလုံးသမားတွေ ကို ရောင်းချနိုင်ခြင်း မရှိတာကြောင့် ကမ္ဘာ့အကောင်းဆုံး ကစားသမား တယောက် ကိုပဲ လက်လွှတ် ဆုံးရှုံးလိုက်ရပါတယ်။

မက်ဆီ လို ဘောလုံးသမားမျိုးကို အလွတ်ကြေး နဲ့ ခေါ်ယူနိုင်ခွင့် ရရှိမယ့် အခွင့်အရေးဟာ ရုတ်တရက် ချက်ခြင်း ပေါ်လာတဲ့ အတွက် နာမည်ကျော် သူဌေးကလပ်တွေ အားလုံးဟာ ပြာယာခတ် သွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် က ယူနိုက်တက် ၊ မန်စီးတီး တို့ဟာ ချက်ခြင်း ရေပန်းစားတဲ့ ကလပ်တွေ ဖြစ်လာသလို ၊ ပီအက်စ်ဂျီ ကလဲ ခေါ်ယူဖို့ တရားဝင် ဆက်သွယ်တဲ့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်ခဲ့ပါတယ်။

အဲဒီ ကာလ ကတော့ အေတီကို ရဲ့ နာမည်ဟာ မက်ဆီ ကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ သတင်းမှာ ပါဝင်ခဲ့ခြင်း မရှိပါဘူး။ သို့သော် နည်းပြ ဆီမြွန်နီ ကတော့ သူ့ရဲ့ တနိုင်ငံတည်းသား ကစားသမား ကို ခေါ်ယူဖို့ အတွက် ဆွာရက် ကနေ တဆင့် စုံစမ်းကြည့်ခိုင်းခဲ့တဲ့ အကြောင်းကို အခုလိုပဲ ထုတ်ဖော် ပြောဆိုလာခဲ့ ပါတယ်။

“ ကျနော် ကတော့ မက်ဆီ ထံ တိုက်ရိုတ် ဖုန်းမခေါ်ခဲ့ ပါဘူး ဒါပေမယ့် လူးဝစ် ဆွာရက် ဆီတော့ ဖုန်းခေါ်ပြီး မက်ဆီ ရဲ့ သဘောထားကို မေးမြန်းကြည့်ခိုင်းခဲ့ပါတယ်။ အဲဒီထဲမှာ အေတီကို ဆီ ပြောင်းရွှေ့ကစားချင်တဲ့ ဆန္ဒလေးများ ရှိမလား ဆိုပြီးလဲ တီးခေါက်ကြည့်ခိုင်းခဲ့ပါတယ်။

တကယ်တော့ ပီအက်စ်ဂျီ က သူ့ကို စာချုပ်ဆိုင်ရာ အချက်အလက် အတိအကျ နဲ့ ကမ်းလှမ်းတော့မယ့် အချိန်မျိုးတောင် ရောက်နေပါပြီ။ ကျနော်တို့ ကလဲ အခွင့်အရေးများ ရှိမလား ဆိုပြီး နောက်ဆုံးအချိန်မှာ ဆက်သွယ်ကြည့်ဖို့ ကြိုးစားခဲ့တာပါ။

အဲဒီတော့ အေတီကို နဲ့ မက်ဆီ တို့ လက်တွဲဖို့ က ဘယ်တုန်းကမှ နီးစပ်မှု မရှိခဲ့ဘူးလို့ပဲ ပြောရမှာပါ။ သူဟာ ဘာစီလိုနာ အတွက် အမြဲတမ်း ကစားပေးခဲ့တဲ့ ဘောလုံးသမား ဖြစ်သလို ၊ အာဂျင်တီးနား လက်ရွေးစင် အသင်းမှာလဲ ကျနော်နဲ့ လက်တွဲ ကစားခဲ့ဖူးခြင်း မရှိ ခဲ့ပါဘူး” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

အေတီကို ဟာ ခံစစ်ကို အသားပေး တည်ဆောက်ထားတဲ့ အသင်းမျိုး ဖြစ်ပြီး ၊ အသင်းလိုက် ကစားဟန်ကလဲ စပိန် ကလပ်တွေထဲမှာ ဆွဲဆောင်မှု နည်းတယ်လို့ သတ်မှတ်ခံထားရပါတယ်။ အဲဒီလို ကလပ်မျိုးဆီ မက်ဆီ က လာရောက် ကစားချင်ပါ့မလား လို့ ဆက်လက် မေးမြန်းကြည့်ရာမှာတော့ နည်းပြကြီး က အခုလို တုန့်ပြန်သွားခဲ့ ပါတယ်။

“ မက်ဆီ က ဘယ်လို အသင်းမျိုးမှာ ကစားချင်လဲ ဆိုတာ ဖြေရရင် ၊ ဆုဖလားတွေ ဆွတ်ခူးနိုင်မယ့် အသင်းမျိုးမှာပဲ ကစားချင်တာပါ။

ထပ်ပြောရရင် ဆုဖလားတွေကို ဘယ်လို ဆွတ်ခူးအောင် ကစားရမယ် ဆိုတာ သဘောပေါက်နေတဲ့ အသင်းမျိုးမှာ ကစားချင်နေတာပါ။ အဲဒီတော့ သူ့အတွက် ဘယ်နေရာမှာ ပါဝင် ကစားရမလဲ ဆိုတဲ့ အချက်က အရေးမကြီးပါဘူး။ အရေးကြီးကတာ က အသင်းဟာ နိုင်ပွဲတွေ ရယူနိုင်အောင် တည်ဆောက်ထားတဲ့ ပုံစံမျိုးပဲ ဖြစ်ဖို့ပဲ လိုတာပါ။

 

ဒါကြောင့် မက်ဆီ တစ်ယောက်ထဲပဲ ကွက်ပြီး မတွေးပါနဲ့ ၊ အသင်းလိုက် တည်ဆောက်မှုကိုပဲ အဓိက မြင်ကြည့်ကြပါ” လို့ တုန့်ပြန်သွားခဲ့ ပါတယ်။

SPORTS MYANMAR