အာဆင်နယ် နဲ့ ချဲလ်ဆီး တိုက်စစ်မှူးဟောင်း အိုလီဗီယာ ဂျရူး က နည်းပြ မီခေးလ် အာတီတာ ရဲ့ အာဆင်နယ် အသင်းဟာ တခြား ပရီးမီးယားလိဂ် ထိပ်သီး ပြိုင်ဘက်တွေလို ငွေမသုံးရင် ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ မလွယ်ကူကြောင်း မှတ်ချက် ပေးလိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့် မရတာ ၅ နှစ်ဆက် ရှိသွားခဲ့ပြီ ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကဆို နှစ်ပေါင်း ၂၅ နှစ် အတွင်း ပထမဆုံး အကြိမ် ဥရောပ ပြိုင်ပွဲ ကစားခွင့် နဲ့ လွဲချော် ခဲ့ရပါတယ် ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလမှာ ပေါင် သန်း ၁၅၀ ဝန်းကျင် အထိ အသုံးပြုထားပြီး တခြား ပရီးမီးယားလိဂ် အသင်းတွေ အားလုံးထက် ငွေပိုသုံးခဲ့ပါတယ် ။ ဒါပေမယ့် အာဆင်နယ် အသင်းရဲ့ ဒီရာသီ ပရီးမီးယားလိဂ် အဖွင့်ကတော့ မလှပ ခဲ့ပါဘူး ။

အာဆင်နယ် အသင်းဟာ ဘရန့်ဖိုဒ့် ၊ ချဲလ်ဆီး ၊ မန်စီးတီး တို့ကို ဆက်တိုက် ရှုံးနိမ့် ခဲ့ပြီး အမှတ်ပေး ဇယား အောက်ဆုံး အထိ ရောက်ရှိ ခဲ့ပါတယ် ။ ပွဲစဉ် (၄) မှာတော့ အာဆင်နယ် အသင်းဟာ နိုင်ပွဲ စတင် ရရှိ သွားခဲ့ပြီး နောက်ဆုံး ၄ ပွဲဆက် ရှုံးပွဲ မရှိအောင် ကစားကာ အဆင့် ၁၁ ကို ပြန်လည် တက်လှမ်း လာခဲ့ပါတယ် ။

အခု အေစီမီလန် အသင်းမှာ ကစားနေတဲ့ ပြင်သစ် တိုက်စစ်မှူး ဂျရူး က talkSPORT မှာ အာဆင်နယ် အသင်း ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ ဘယ်လောက်ကြာဦးမလဲ ဆိုတဲ့ မေးခွန်းကို ” ဝိုး ၊ တစ်ကယ် ကောင်းတဲ့ မေးခွန်းပါပဲ ။ ”

” အာတီတာ အနေနဲ့ အာဆင်နယ် အသင်း ထိပ်ဆုံး လေးသင်းထဲ ဝင်ရောက် နိုင်ရေးအတွက် အချိန်ယူရဦးမှာပါ ၊ ဒါပေမယ့် တစ်ခါတစ်လေမှာ ပိုက်ဆံက အောင်မြင်မှု ရရေး ကြိုးပမ်း ရာမှာ ကြီးမားတဲ့ အခန်း ကဏ္ဍက ပါဝင်ပါတယ် ။ ”

” ချဲလ်ဆီး အသင်းဆို ချန်ပီယံလိဂ်ဖလား ရပြီးတာတောင် တိုက်စစ် အင်အား ဖြည့်တင်းဖို့ရာ လူကာကူ ကို ပေါင် သန်း ၈၀ သုံးပြီး ခေါ်ခဲ့ပါတယ် ၊ အရင်နှစ်တွေတုန်းကလည်း ပေါင် သန်းပေါင်းများစွာ အသုံးပြု ခဲ့တာပါ ၊ ပိုက်ဆံ က အခန်း ကဏ္ဍ အကြီးကြီး ကနေ ပါဝင် နေပါတယ် ။ ”

” အာဆင်နယ်မှာ လိုအပ်နေတာ ဒါပါပဲ ၊ သူတို့ အနေနဲ့ တခြား ပြိုင်ဘက်တွေလို ပိုက်ဆံ သိပ်စိုက်ထုတ် မသုံးခဲ့ဘူး ဆိုတာ အမှန်ပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM