Neymar

ဘာစီလိုနာ အသင်းရဲ့ အမှုဆောင်ချုပ် အော်စကာ ဂါရူ ၊ အားကစား ဒါရိုတ်တာ အဲရစ် အဘီဒယ် ၊ အသင်း မန်နေဂျာ ဂျာဗီယာ ဘော်ဒက် တို့ဟာ မနေ့ညက ပဲရစ်ကို ရောက်ရှိ လာခဲ့ပြီး ၊ နေမာ ရဲ့ အပြောင်းအရွှေ့ အတွက် ဒုတိယ အကြိမ် ထပ်မံ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ဒီတစ်ကြိမ် တွေ့ဆုံရာမှာတော့ ပီအက်စ်ဂျီ ဘက်က အားကစား ဒါရိုတ်တာ လီယိုနာဒို အပြင် အသင်း ဥက္ကဌ အယ်ခီလာဖီ ရဲ့ ရှေ့နေ ဒီဂျာမယ် ဘိုရပ် ပါ ပါဝင်ခဲ့ပြီး၊ အပြီး သတ် သဘောတူညီမှု မရရှိခဲ့သည့်တိုင်အောင် တိုးတက်မှုတွေ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

ဘာစီလိုနာ ဟာ ဒီတစ်ကြိမ်မှာတော့ အငှားနဲ့ ခေါ်ယူမယ့် ပုံစံမျိုးကို ကမ်းလှမ်းခဲ့တာ မဟုတ်ပဲ ၊ ယူရို သန်း 170 + ကစားသမား တစ်ဦး အလိုက်ပေးဖို့ ပုံစံမျိုး နဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ လက်ရှိ သူတို့အသင်းမှာ နေမာ အတွက် ငွေပမာဏ အပြည့်အ၀ ပေးချေနိုင်တဲ့ ဘတ်ဂျက် ပမာဏ မရှိသေးသည့်တိုင်အောင် ၊ ယူရို သန်း 170 နဲ့ ကို 2 နှစ် အရစ်ကျ ပေးချေမှု နဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ကာ ၊ ကစားသမား အလိုက်ပေးမှု အဖြစ် ရာကီတစ်ကို ထည့်သွင်းသွားခဲ့တာပါ။

ဆွေးနွေးပွဲ အပြီး သတင်းသမားတွေ နဲ့ တွေ့ဆုံခိုက်မှာတော့ အသင်းမန်နေဂျာ ဂျာဗီယာ ဘော်ဒက် က “ လောလောဆယ် မီဒီယာတွေကို အသိပေးဖို့ လောက်အထိ သဘောတူညီမှု မရသေးပါဘူး။ နောက်ထပ် ဆက်ပြီး ဆွေးနွေးကြဖို့တော့ စီစဉ်ထားပါတယ်။ အပြီးသတ် ခေါ်ယူနိုင်ဖို့တော့ တော်တော်လေး နီးစပ်လာပါပြီ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

ပီအက်စ်ဂျီ ရဲ့ အားကစား ဒါရိုတ်တာ လီယိုနာဒို ကတော့ သူတို့ အနေနဲ့ အပြောင်းအရွှေ့ကို အစောတလျှင် ပြုလုပ် ဆွေးနွေးမှာ မဟုတ်ကြောင်း ၊ ခေါင်းအေးအေး ထားပြီး ကလပ် အတွက် အကောင်းဆုံး ဖြစ်စေမယ့် ဆုံးဖြတ်ချက်မျိုးတွေကိုသာ ထွက်ပေါ်လာဖို့ ဆုံးဖြတ်ချက် ချသွားမှာ ဖြစ်ကြောင်း သတင်းသမားတွေကို ပြောဆိုသွားခဲ့ ပါတယ်။

နေမာ နဲ့ ပတ်သက်တဲ့ အသိုင်းအ၀ိုင်း ကတော့ အပြောင်းအရွှေ့ တရားဝင် ပေါ်ပေါက်လာဖို့ လမ်းကြောင်းပေါ်လာပြီ ဖြစ်တယ်လို့ ယုံကြည်နေကြသလို ၊ ဘာစီလိုနာ ရဲ့ ဘရာဇီး တိုက်စစ်မှုးဟောင်းကြီး ရီဗာဒို ကလဲ ထူးထူးခြားခြား နေမာ နဲ့ ဘာကာ တို့ ပြန်ပေါင်းထုတ်မယ့် ဇာတ်ကြောင်းကို အင်စတာဂမ် မှာ တင်ခဲ့သလို ၊ အဲဒီ ပို့စ်ကိုလဲ နေမာ ရဲ့ ဖခင်ကိုယ်တိုင်က Like လုပ် ပေးသွားခဲ့ ပါတယ်။

သူ့ရဲ့ ရေးသားချက်မှာတော့ –

“ နေမာ အနေနဲ့ ဘာစီလိုနာ ကနေ ထွက်သွားတာ အရမ်းကို မှားယွင်းတဲ့ လုပ်ရပ်တစ်ခု ဖြစ်ပါတယ်။ ကမ္ဘာ ပေါ်က အခမ်းနားဆုံး ကလပ် တစ်ခုကို သူ့အနေနဲ့ လုံးဝကို ကျောမခိုင်းခဲ့သင့်တာပါ။

ဒါပေမယ့် သူက အခု ပြန်လာဖို့ ဆန္ဒပြင်းပြနေပြီ ဖြစ်သလို ၊ အရင်က စွမ်းဆောင်ပေးခဲ့တဲ့ မှတ်တမ်းတွေကို ပြန်လည် အသက်သွင်းဖို့ ကြိုးစားနေပြီလေ။ ဘာစီလိုနာ ဥက္ကဌ နဲ့ ဘုတ်အဖွဲ့ဝင်တွေ ကလဲ နေမာ ကို အခြား ကလပ်တစ်ခုဆီ ရောက်မသွားအောင် ကြိုးစားပြီး ပြန်ခေါ်ပေးမယ်လို့ မျှော်လင့်ပါတယ်။

မကြာခင် ဘာစီလိုနာ ဂျာစီ ၀တ်ဆင်ထားတဲ့ နေမာ ကို ပြန်မြင်ခွင့်ရဖို့ စောင့်မျှော်လိုက်ကြရအောင်ဗျာ” လို့ ရေးသားသွားခဲ့ပါတယ်။

လက်ရှိ အချိန်ထိတော့ ဘာစီလိုနာ နဲ့ PSG တို့အကြား သဘောတူညီမှု က မရသေး သည့်တိုင်အောင် ၊ နေမာ ရဲ့ ကိုယ်စားလှယ်တွေကလဲ အပြောင်းအရွှေ့ ကို အမြန်ဆုံး ပေါ်ပေါက်လာဖို့ ပြင်သစ် ကလပ်ထံ ဖိအားပေးနေတယ်လို့ ယူဆရပါတယ်။

တစ်ချို့ သတင်းတွေ မှာတော့ ယူရို သန်း 170 + ဒမ်ဘီလီ ကို အလိုက်ပေးတဲ့ ပုံစံမျိုး ဆိုပါက PSG ဘက်က လက်ခံသွားဖွယ် ရှိနေတယ်လို့ ဆိုထားပြီး ၊ ပြင်သစ် ကစားသမား က PSG ကို မပြောင်းချင်ပဲ ဖြစ်နေတာ က အခက်တွေ့နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

သို့သော် နည်းပြ ဗယ်ဗာဒီဟာ ကွင်းလယ် ကစားသမား ရာကီတစ် ကိုလဲ ရာသီအဖွင့် ပွဲစဉ်တွေမှာ အသုံးပြုထားခြင်း မရှိသေးတာကြောင့် ၊ ဘယ်သူ့ကို အလိုက်ပေးသွားမလဲ ဆိုတာတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

သေချာတာက ဘာစီလိုနာ နဲ့ နေမာ တို့ ပြန်ပေါင်းထုတ်မယ့် ဇာတ်လမ်းဟာ မကြာခင် ရုပ်လုံးပေါ်လာတော့မှာ ဖြစ်ပါတယ်။

SPORTS MYANMAR