အသက် ၃၇နှစ်အရွယ် ရှိနေပေမယ့် ဖြစ်ပေမယ့်လည်း သူဟာ ကမ္ဘာ့ပေါ်မှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ဖြစ်တဲ့ပရီးမီးယားလိဂ်ပြိုင်ပွဲမှာပြန်ကစားဖို့ အေးဆေးအဆင်ပြေနေဆဲဖြစ်တယ်လို့ LA ဂလက်စီ တိုက်စစ်မှူးကြီး မိုဗစ်က ဆိုလိုက်ပါတယ်။ဒီဆွီဒင်သားကြီး ဟာ ဥရောပထိပ်တန်းလိဂ် တွေရဲ့ အသင်းကြီးတွေမှာ ကစားခဲ့ဖူးတဲ့ ဝါရင့်တိုက်စစ်မှူးကြီးတဦးလည်းဖြစ်ပါတယ်။

 

သူဟာ နည်းပြမော်ရင်ဟို လက်ထက် ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ အထိ ယူနိုက်တက် အသင်းမှာ လာရောက်ကစားခဲ့ဖူးပြီးယူရိုပါလိဂ်၊ EFL ဖလား နဲ့ ကွန်မြူနတီဒိုင်း အစရှိတဲ့ အောင်မြင်မှုတွေကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။သူဟာ အသက်အရွယ်ကြီးရင့်နေချိန်ရောက်မှ အင်္ဂလန်မြေကိုရောက်လာခဲ့ပေမယ့် ခြေစွမ်းကောင်းကိုပြသနေနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ပြင်းထန်တဲ့ ဒူးဒဏ်ရာကြောင့် အိုးထရက်ဖို့ဒ်မြေကို စွန့်ခွာခဲ့ရပြီး မေဂျာလိဂ်ကလပ် LA ဂလက်စီအသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။မိုဗစ်ဟာ အမေရိကန်မြေမှာလည်း ခြေစွမ်းကောင်းကိုသွင်းဂိုးတွေနဲ့ပြသနေဆဲဖြစ်ပြီး လိဂ်ပွဲ ၄၉ပွဲကစားအပြီးမှာ ၄၄ ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့ပါတယ်။

အင်တာဗျူးတခုမှာ မိုဗစ်က – ” ပရီးမီးယားလိဂ်ပြိုင်မှာ ကျွန်တော်အေးအေးဆေးဆေး ကစားလို့ရနေဆဲဖြစ်ပါတယ်။
တကယ်လို့ ယူနိုက်တက် အသင်းကသာကျွန်တော့်ကို လိုချင်ရင်တော့ ကျွန်တော်ဒီမှာ အသင့်ရှိနေပါတယ်။ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာကတော့ LA ဂလက်စီ အသင်းက ကျွန်တော့်ကို ပိုင်ဆိုင်နေတာဖြစ်ပါတယ်။

ကျွန်တော်ဟာ ဥရောပမြေမှာ အလုပ်ကိုပျော်ရွှင်ကျေနပ်မှု ရှိရှိလုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။ကျွန်တော်ဟာ အဲ့ဒီမှာရခဲ့တဲ့ ဆုဖလား ၃၃ လုံးနဲ့ဒီကိုရောက်လာတာဖြစ်ပြီး ဒီနေရာမှာလည်းတခုခုကို ရနိုင်ဖို့ မျှော်လင့်ထားပါတယ်။ကျွန်တော့်ရဲ့ စွန့်စားခန်းဘယ်မှာ အဆုံးသတ်မလဲ ဆိုတာ နောက်တော့မြင်ရပါလိမ့်မယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

မိုဗစ်ရဲ့ ယူနိုက်တက် အသင်းဖော်ဟောင်းဖြစ်တဲ့ ရူနီကတော့ လာမယ့်ဇန်နဝါရီမှာ မေဂျာလိဂ်ကလပ် DC ယူနိုက်တက် အသင်းကနေ ဒါဘီကောင်တီအသင်းကို ကစားသမားနည်းပြအဖြစ်ပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။ဒီအကြောင်းနဲ့ ပတ်သက်ပြီး မိုဗစ်က –

” သူအိမ်ပြန်မှာ ကို ကျွန်တော်မအံ့သြမိပါဘူး။သူဒီကို ရောက်လာတယ်၊ ကြိုးစားပြီး အကောင်းဆုံးတွေ လုပ်ဆောင်ခဲ့တယ်။ပြီးတော့ သည်းခံမှုတွေလည်းရှိခဲ့ပါတယ်။သူဟာ ကစားသမားနည်းပြတဦးအဖြစ် အင်္ဂလန်ကိုပြန်မယ်လို့ကျွမ်တော်ထင်ပါတယ်။

သူဟာ အခြားအရာတခုခုအတွက် ကြိုတင်ပြီးတောင် မျှော်တွေးနေခဲ့ပြီဖြစ်ပါတယ်။ကျွန်တော်ကတော့ တချိန်တည်းမှာ အရာတခုအတွက်ပဲ အာရုံစိုက်ပါတယ်။အခုချိန်မှာတော့ ကျွန်တော်ဟာ ကစားသမား တဦးသာဖြစ်ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

မီလန်ဒါဘီ၊ အယ်ကလက်စီကို တို့လို ပွဲကြီးတွေကို နွှဲခဲ့ဖူးတဲ့ မိုဗစ်က မေဂျာလိဂ်ဟာ အဆိုပါ ပြိုင်ပွဲတွေလို အဆင့်အတန်းရောက်လာနိုင်ပေမယ့် ကြာဦးမှာဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။မိုဗစ်က ဆက်လက်ပြီး –

” ဘာမဆို ဖြစ်နိုင်တဲ့ အမေရိကန် မှာ ကျွန်တော်တို့ ရှိနေတာဖြစ်ပါတယ်။ဒါဟာ မေဂျာလိဂ်အတွက်ကောင်းတယ်ဆိုပေမယ့် အင်တာ VS အေစီ၊ မာဆေးလ်VS PSG ၊ရီးရဲလ် VS ဘာစီလိုနာ တို့လို ပွဲတွေနဲ့ တော့ ဒီကပွဲတွေကို နှိုင်းလို့ မရသေးပါဘူး။

အဲ့ဒီပွဲတွေဟာ တူညီတဲ့ အဆင့်အတန်း အနေအထားတခုမှာ ရှိနေတာဖြစ်ပါတယ်။မေဂျာလိဂ်ကတော့ တိုးတက်နေဆဲ အရာတခုဖြစ်ပြီး အဆင့်အတန်းကြီးမားလာမယ်လို့တော့ မျှော်လင့်ရတာပါပဲ။တကယ်လို့ အားလုံးက ဖြစ်လာအောင်ကြိုးစားကြမယ်ဆိုရင်ပေါ့ဗျာ ” လို့အဆုံးသတ်ပြောခဲ့တာ ဖြစ်ပါတယ်။

SM