ယူနိုက်တက် အသင်းရဲ့ ကွင်းလယ် လူတဦးဖြစ်တဲ့ မာတာက ဘောလုံး ကစားသမားတွေ အနေနဲ့ သူတို့ရဲ့ အလုပ်ကို အသုံးချပြီး လူမှုကူညီရေး လုပ်ငန်းတွေ အတွက် ဆော်သြသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။အသက် ၃၁နှစ် အရွယ်ရှိနေပြီ ဖြစ်တဲ့ ဒီစပိန်သားကြီးဟာ လတ်တလောမှာ လူမှုရေး လုပ်ငန်းတွေကို တက်တက်ကြွကြွလုပ်ဆောင်နေသူလည်းဖြစ်ပါတယ်။

သူဟာ Common Goal လို့ အမည်ရတဲ့ ရံပုံငွေဖောင်ဒေးရှင်း တခုကို ဦးဆောင် တည်ထောင်ထားပြီး ကမ္ဘာတဝန်းက လူအပ်သူတွေကို ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်ပေးနေပါတယ်။အဆိုပါဖောင်ဒေးရှင်း ဝင် ဘောလုံးကစားသမားတွေဟာ သူတို့ ရဲ့ ဝင်ငွေကနေ သေးငယ်တဲ့ ရာခိုင်နှုန်း တခုကို အလှူငွေ အဖြစ် ထည့်ဝင် ပေးကြတာဖြစ်ပါတယ်။

မာတာဟာ သူ့ရဲ့ ဖောင်ဒေးရှင်း မှာ ဘောလုံး သမား တွေ ပါဝင်လာအောင်ဆွဲဆောင်ထားနိုင်ခဲ့ပြီး ဟမ်းမဲလ်၊ ချီလီနီ နဲ့ အဲလက်စ် မော်ဂန်တို့လို နာမည်ကျော်တွေ လည်း ပါဝင်နေပြီဖြစ်ပါတယ်။ဒါ့အပြင် အခြားသူတွေ အနေနဲ့ လည်း သူတို့ရဲ့ ကျော်ကြားတဲ့ ဘောလုံးသမား ဘဝကို အသုံးချပြီး လူမှုရေးတွေ လုပ်ဆောင်သင့်တယ်လို့ သူကယုံကြည်နေပါတယ်။

ESPN FC နဲ့ အင်တာဗျူး မှာမာတာက- ” ဘောလုံးလောကမှာ လည်ပတ်နေတဲ့ ငွေကြေး အလုံးအရင်းရှိတယ်ဆိုတာအမှန်ပဲဖြစ်ပါတယ်။ကျွန်တော့်အတွက်တော့ ဒါကပြသနာမဟုတ်ပါဘူး။ဘောလုံး ဆိုတာ တကမ္ဘာလုံးအတွက် အရာအမျိုးမျိုး ထုတ်လုပ်ပေးနေတာဖြစ်ပါတယ်။

ဒီအထဲ မှာ များပြားတဲ့ စိတ်အားထက်သန်မှုတွေ နဲ့ ငွေကြေးပမာဏတွေ လည်းပါဝင်ပါတယ်။ဒါကြောင့် လည်း ဘောလုံးအားကစားကနေ ငွေကြေး အလုံးအရင်းကို ထုတ်လုပ်ပေးနေတယ်ဆိုတာ သာမန် ကိစ္စ တခုသာဖြစ်ပါတယ်။အဲ့ဒီငွေတွေရဲ့ တစိတ်တဒေသကို သာ ဘောလုံး လူမှုရေး လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံကြမယ်ဆိုရင် အတော်ကို အဓိပ္ပါယ်ရှိမှာဖြစ်ပါတယ် ” လို့ပြောခဲ့တာဖြစ်ပါတယ်။

ပုံမှန်အားဖြင့် ဘောလုံး သမားတဦး နဲ့ လူမှုရေး လုပ်ငန်းတွေဟာ တွဲမြင်ရမှု နည်းပါးတာကြောင့်လည်း အမြင်မတူညီသူတွေကလည်း ရှိနိုင်နေတာဖြစ်ပါတယ်။ဒီအကြောင်းနဲ့ ပတ်သက်ပြီး မာတာက –

” ဘောလုံး သမား တဦးက ဒီလို အကြောင်း အရာတွေကို ဘာလို့ ပြောနေတာလဲ ဆို ပြီးယူဆနေကြတဲ့ လူတွေ ရှိနေသေးတယ်လို့ ကျွန်တော်ထင်ပါတယ်။ဘာလို့ ကျွန်တော်တို့ လူမှုရေးကိစ္စ တွေကို ပြောလို့ မရရ မှာလဲဗျာ။ဒါဟာကျွန်တော့်ရဲ့ အမြင်ဖြစ်ပါတယ်။

ကျွန်တော် ဟာဘောလုံးသမား တဦး အဖြစ် ရှိနေလို့ အရမ်းကိုပျော်ရွှင်မိပါတယ်။ပွဲတွေအများကြီး ကစားထားခဲ့ရပြီး အရေးပါတဲ့ဆုဖလားအချို့ ဆွတ်ခူးနို င်ခဲ့ လို့လည်း ကျေနပ်မိပါတယ်။ဒီလို အရာတွေ ဖြစ်နေတာကြောင့်လည်း ကံထူးပြီး ကံကောင်းတယ်လို့ ခံစားရပါတယ်။

နောက်ထပ် အောင်မြင်မှုတွေ ပိုပြီးရဖို့ လည်း မျှော်လင့်ပါတယ်။ဒါပေမယ့် ကျွန်တော်တို့ဟာ အခြားတခုခုကိုလည်း လုပ်လို့ရနိုင်နေတာဖြစ်ပါတယ်။ဒီလိုအားကစားရဲ့ ပရော်ဖက်ရှင်နယ်တယောက်ဟာ ကိုယ့်ပရိသတ် အများကြီးအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိဖို့လိုပါတယ် ” လို့ပြောခဲ့ပါတယ်။

မာတာဟာ ၂၀၁၄ ခုနှစ်မှာ ချဲဆီးလ် အသင်းကနေ ယူနိုင်တက် အသင်းကို ရောက်လာခဲ့တာဖြစ်ပြီး သူ့ရဲ့ ကစားသမားဘဝ တလျှောက်လုံးမှာတော့ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ FA ဖလား၊ ကိုပါဒယ်ရေးဖလား ဖလား အပါအဝင် အောင်မြင်မှု အများအပြားဆွတ်ခူးထားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဘောလုံးသမားတဦးအတွက်အခုလို ဆုဖလားအောင်မြင်မှုတွေထက် ပိုပြီး အရေးပါတဲ့ အရာတခုကို လုပ်ဆောင်လို့ရနေသေးတယ်လို့ မာတာကယုံကြည်နေပါတယ်။ မာတာကဆက်လက်ပြီး-

” တခြား လူတွေကို အကူအညီတွေ လုပ်ဆောင်ပေးတာဟာ နောက်ဆုံးဗိုလ်လုပွဲ တခုမှာ ဂိုးသွင်းယူနိုင်တာထက်ကို ပိုပြီး အဓိပ္ပါယ် ရှိပါတယ်။တကယ်လို့ သင်ဟာ မတူညီတဲ့ ရည်မှန်းချက်နဲ့ မတူညီတဲ့ အရာတခုကိုသာလုပ်ဆောင်နိုင်မယ်ဆိုရင် အများကြီးပိုကောင်းမှာ ဖြစ်ပါတယ် ” လို့အဆုံးသတ်ပြောခဲ့ပါတယ်။

SM