ပရီးမီးယားလိဂ် ရဲ့ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ဒါဘီ တစ်ခု ဖြစ်တဲ့ အာဆင်နယ် နဲ့ တော့တင်ဟမ် အသင်းတိုရဲ့ မြောက်လန်ဒန် ဒါဘီ ကတော့ ယခု တစ်ပတ် တနင်္ဂနွေနေ့ ၊ မြန်မာ စံတော်ချိန် ၁၀ နာရီမှာ ယှဉ်ပြိုင် ကစားကြမှာပါ ။

 

အာဆင်နယ် အသင်း နဲ့ တော့တင်ဟမ် အသင်းဟာ ခါးသီးလှတဲ့ မြို့ ခံ ပြိုင် ဘက် တွေ ဖြစ်ကြပြီး ထိပ်တိုက် တွေ့ဆုံတိုင်း ပရိသတ် တွေကြားမှာကော ၊ ကစားသမားတွေကြားမှာပါ ပြိုင်ဆိုင်မှု ပြင်းထန်လေ့ရှိတဲ့ အ သင်းတွေပါ ။ ပွဲမကစားမှီမှာ တစ်ဖက်နှင့်တစ်ဖက် စကားစစ်ထိုးမှုတွေ ပြုလုပ်လေ့ ရှိသလို ပွဲအပြီးမှာလည်း အနိုင်ရတဲ့ အသင်းဟာ ရှုံးတဲ့အသင်းကို အမြဲလိုလို လေတိုက်လေ့ ရှိပါတယ် ။

ပြီးခဲ့တဲ့ တစ်ပတ်က ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ( ၃ ) မှာ အာဆင်နယ် အသင်းရော တော့တင်ဟမ် အသင်းပါ ရှုံးပွဲ ကိုယ်စီ ကြုံ တွေ့ထားခဲ့ကြတာကြောင့် ဒီတစ်ပတ် မြောက်လန်ဒန် ဒါဘီမှာ အနိုင်သုံးမှတ်ရယူဖို့ နှစ်သင်းစလုံး အားခဲထားကြမှာတော့ အမှန်ပါပဲ ။

လိဒ်ယူနိုက်တက် အသင်းရဲ့ နောက်ခံလူဟောင်း ဒန်နီမေးလ်စ် က တနင်္ဂနွေနေ့မှာ ကစားမယ့်ပွဲမတိုင်မှီ ဒီနှစ်အတွက် မြောက်လန်ဒန် ဒါဘီ အကောင်းဆုံး ကစားသမား ၁၁ ယောက်ကို ရွေးချယ် ပေးလိုက်ပြီး အာဆင်နယ် အသင်း ကစားသမား နှစ်ဦးသာ ပါဝင် လာခဲ့ပါတယ် ။

ဒန်နီမေးလ်စ် ဟာ မြောက်လန်ဒန် ဒါဘီ အကောင်းဆုံး အသင်းကို ၄-၃-၃ ကစားကွက်နဲ့ ခင်းကျင်းခဲ့ပြီး ဂိုးသမား အဖြစ် ဟူဂို လော်ရစ် ၊ နောက်တန်း ကစားသမားတွေ အဖြစ် ဝေါလ်ကာပီတာ ၊ အယ်ဒါဝီရယ် ၊ ဗာတွန်ဂွန် ၊ ဒန်နီရိုစ့် တို့ကို ရွေးချယ် ခဲ့ပါတယ် ။ ဗာတွန်ဂန် လို ဒီရာသီမှာ တော့တင်ဟမ် အသင်းအတွက် ပွဲထွက် ကစားခွင့် မရသေးတဲ့သူကို ရွေးချယ်လိုက်တာကတော့ အံအားသင့်စရာပါ ။

ကွင်းလယ် ကစားသမားတွေ အဖြစ် ဟယ်ရီဝင့် ၊ စီဘယ်လောစ့် ၊ အဲရစ်ဆင် တို့ ပါဝင် လာခဲ့ပါတယ် ။ ဒန်နီမေးလ်စ် ဟာ သူ့ရဲ့မြောက်လန်ဒန် ဒါဘီ အကောင်းဆုံးအသင်းမှာ အထောင်တိုက်စစ်မှူး အဖြစ် မနှစ်က ရွှေဖိနပ်ဆုရှင် အာဆင်နယ် တိုက်စစ်မှူး အူဘာမီယန်း ကို ချန်လှပ်ပြီး ဟာရီကိန်းကိုလည်း ရွေးချယ်ခဲ့ပါတယ် ။

တောင်ပံ နှစ်ဖက်မှာတော့ ဒီနွေရာသီမှာ အာဆင်နယ်တို့ ကလပ် စံချိန်တင် ပြောင်းရွေ့ကြေး နဲ့ ခေါ်ယူထားတဲ့ နီကိုလပ်စ် ပီပီ နဲ့ ဆွန်ဟောင်မင် တို့ကို ရွေးချယ် ပေးခဲ့ပါတယ် ။ ဂန်းနား ကစားသမားဟောင်း ပေါလ်မာဆင် ကတော့ ဒန်နီမေးလ်စ် ရွေးချယ်ပေးခဲ့တဲ့ လူစာရင်းကို သဘောကျ နှစ်သက်ခြင်း မရှိဘဲ အာဆင်နယ် အသင်းဟာ တော့တင်ဟမ် အသင်းကို လေးဂိုး တစ်ဂိုးနဲ့ ဂိုးပြတ်ချေမှုန်း သွားမယ်လို့ ဆိုပါတယ် ။

 

အာဆင်နယ် နဲ့ တော့တင်ဟမ် အသင်းတို့ဟာ မနှစ်က သုံးကြိမ်အထိ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး တစ်ပွဲ စီ အနိုင်ရခဲ့ကာ တစ်ပွဲ သရေရလဒ် ထွက်ပေါ် ခဲ့ပါတယ် ။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက အမ်းမရိတ်ကွင်းမှာ ကစားခဲ့စဉ်တုန်း က အာဆင်နယ် အသင်းဟာ တော့တင်ဟမ် အသင်းကို လေးဂိုး နှစ်ဂိုး နဲ့ ဂိုး ပြတ် အနိုင် ရထားပါတယ် ။ အဆိုပါ မြောက်လန်ဒန် ဒါဘီ နိုင်ပွဲဟာ အာဆင်နယ် အသင်းရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေ မြင်တွေ့ ခဲ့ရတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ် ။

SPORTS MYANMAR