လီဗာပူး အသင်းဟာ ပြီးခဲ့တဲ့ စနေနေ့ အာဆင်နယ် အသင်းကို ပရီးမီးယားလိဂ် မှာ ၃ – ၁ နဲ့ နိုင်ခဲ့ပေမယ့်လည်း နောက်ခံလူ ဂျိုရယ်မာတစ် ကတော့ ဂန်းနား တို့ဟာ တကယ့်ကို ရင်ဆိုင်ရ ခက်ခဲတဲ့ အသင်းလို့ ဆိုလိုက် ပါတယ်။ မာတစ်ဟာ လီဗာပူး အတွက် အဖွင့်ဂိုးကို ပထမပိုင်း မပြီးခင် ထောင့်ကန်ဘော ကနေ တဆင့် ခေါင်းတိုက် သွင်းယူ ပေးခဲ့သူ ဖြစ်ပြီး မိုဟာမက် ဆာလားဟာ ပွဲချိန် မိနစ် ၆၀ မပြည့်မီ လီဗာပူး အတွက် နောက်ထပ် ၂ ဂိုး သွင်းပေးခဲ့တာကြောင့် လီဗာပူး တို့ သက်တောင့်သက်သာ နဲ့ ဦးဆောင် သွားနိုင်ခဲ့ပါတယ်။

အာဆင်နယ် အတွက် ကတော့ လူးကပ်တော်ရီယာ ဟာ ပွဲချိန် နှောင်းပိုင်းမှာ ချေပဂိုး တစ်ဂိုး ပြန်သွင်း ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း လီဗာပူး ဟာ အာဆင်နယ် အသင်းကို တစ်ပွဲလုံးတော့ လွှမ်းမိုး ကစား နိုင်ခဲ့ခြင်း မရှိခဲ့ဘဲ ပွဲချိန် နှောင်းပိုင်းမှာ ပြိုင်ဘက်ရဲ့ ဖိအားပေးခြင်းကို ခံခဲ့ရသလို ၀ – ၀ ဖြစ်နေချိန် မှာလည်း အာဆင်နယ်ဟာ ဦးဆောင်ဂိုး ရနိုင်မယ့် အနေအထားတွေ ရှိခဲ့ ပါသေးတယ်။

ကင်မရွန်း လက်ရွေးစင် ကတော့ အာဆင်နယ် အသင်းရဲ့ နည်းဗျူဟာ လီဗာပူး တို့အတွက် ဖြိုခွင်းရ ခက်ခဲ စေခဲ့တယ်လို့ ယုံကြည် နေပြီး ဂန်းနား တို့ရဲ့ စုစည်းပုံ ကောင်းမွန်တာကို ချီးကျူး ခဲ့ပါတယ်။

မာတစ် က “ကျွန်တော်တို့ သူတို့ကို ကျော်ဖြတ် နိုင်ဖို့ အတွက် မိနစ် ကိုးဆယ်လုံး အကောင်းဆုံး ကြိုးစား ခဲ့ရပါတယ်။ ကျွန်တော်တို့ စိတ်ရှည် သည်းခံ ခဲ့ရပြီး ရလဒ်ကောင်းတော့ ရခဲ့ပါတယ်။ ကျွန်တော်တို့ အာဆင်နယ် ကို အိမ်ကွင်း မှာ နိုင်ခဲ့ပါတယ်။ ဒါဟာ အမြဲတမ်း ကောင်းမွန်တဲ့ အရာပါ။

သူတို့ဟာ ကွင်းလယ်စည်း နဲ့ နောက်တန်းစည်း နှစ်ခုကို နောက်မှာ အထိုင်ချ ထားခဲ့ပြီး တိုက်စစ်ဟာ မြန်နှုန်းမြင့် ကစားသမားတွေကို တစ်ချိန်လုံး ထားထား ခဲ့ပါတယ်။ အာဆင်နယ်ကို ကျော်ဖြတ်ရ ခက်ခဲ ပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ ပင်နယ်တီ ဧရိယာထဲမှာ စုပြုံ ပိတ်ဆို့ ကစား နေခဲ့ကြ လို့ပါ။ ဒါပေမယ့် နောက်ဆုံး မှာတော့ အလုပ် ဖြစ်ခဲ့ပါတယ်။

ကျွန်တော်တို့ ဖိအားပေးဖို့ ကြိုးစား ခဲ့ပေမယ့် လွယ်လွယ်ကူကူ ကျော်ဖြတ် နိုင်ခဲ့တာတော့ မဟုတ် ပါဘူး။ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုတွေ သိပ်ပြီးတော့ မဆိုး ပါဘူး။ ဒါပေမယ့် အရည်အသွေး မြင့်မားတဲ့ အသင်း တစ်သင်း နဲ့ ရင်ဆိုင် ရတဲ့ အခါ ဘယ်အသင်း မဆို အတွက် ခက်ခဲ စေပါတယ်။” လို့ ဆိုလိုက် ပါတယ်။

မာတစ်ဟာ လီဗာပူး ကို လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်က အလွတ် ပြောင်းရွေ့ကြေး နဲ့ ရောက်ရှိ လာပြီး နောက်ပိုင်း အသင်း အတွက် တစ်ဂိုးထက် ပိုသွင်း နိုင်ခဲ့တဲ့ ဘောလုံး ရာသီ မရှိ ခဲ့ပေမယ့်လည်း ဒီရာသီ မှာတော့ သွင်းဂိုး ၂ ဂိုး ရထား ခဲ့ပြီး ဖြစ်ပါတယ်။ အသက် ၂၈ နှစ် အရွယ် ကစားသမား ရဲ့ သွင်းဂိုး အများဆုံး ရာသီဟာ လွန်ခဲ့တဲ့ ၂၀၁၁-၁၂ ရာသီက ဖြစ်ပြီး ရှော်ကေး အတွက် ပြိုင်ပွဲစုံ မှာ သွင်းဂိုး ၅ ဂိုး ရယူပေးခဲ့တာ ဖြစ်ပါတယ်။

မာတစ် ကတော့ သူ့အနေနဲ့ လီဗာပူး အတွက် ဒီထက် သွင်းဂိုးတွေ ပိုမို ရရှိ အုံးမယ်လို့ မျှော်လင့် ထားပါတယ်။လီဗာပူး နောက်ခံလူ က “ကျွန်တော် ဂိုးတွေ ထပ်ပြီး သွင်းချင် ပါတယ်။ ကျွန်တော် ဂိုးသွင်း နိုင်ခဲ့တာ အရမ်း ကောင်းပါတယ်။ ဒါပေမယ့် ဒါဟာ ရာသီ အစပဲ ရှိသေးတာကြောင့် သွင်းဂိုး ပမာဏ ထပ်မံ တိုးတက်ဖို့ ရှိနေ ပါသေးတယ်။ ကျွန်တော့် အနေနဲ့ ဂိုး အနည်းငယ် ထပ်ရ နိုင်မယ့် အခွင့်အရေး ရလိမ့်မယ်လို့ ထင်ပါတယ်။” လို့ ဆိုသွား ပါတယ်။ဒီရာသီ ရာနှုန်းပြည့် နိုင်ပွဲ ရထားတဲ့ လီဗာပူး အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် လေးမှာတော့ ဘန်လေ အသင်းကို အဝေးကွင်းမှာ သွားရောက် ကစား ရမှာ ဖြစ်ပါတယ်။

SM