ဥရောပ ကစားသမား အပြောင်းအရွှေ့ ကာလဟာ စက်တင်ဘာလ ၂ ရက်နေ့မှာ ပိတ်သိမ်း မှာလည်း ဖြစ်ပါတယ် ။ စီရီးအေ ကလပ် ဂျူ ဗင်တပ်စ် အသင်းဟာ အပြောင်းမရွှေ့မပိတ်သိမ်းခင် အာဆင်နယ် အသင်းရဲ့လူငယ် ကြယ်ပွင့်လေးကို ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးပမ်းနေတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။

ကစားသမားကောင်းတွေကို ဈေးသက်သက်သာသာ ဝယ်ယူရာမှာ နာမည်ကြီးတဲ့ စီရီးအေ လက်ရှိ ချန်ပီယံ ဂျူ ဗင်တပ်စ် အသင်းဟာ အာဆင်နယ် အသင်းရဲ့ လူငယ် တိုက်စစ် ကစားသမား ဆမ်ဂရင်းဝုဒ် ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတာလည်း ဖြစ်ပါတယ် ။

အသက် ၁၇ နှစ် အရွယ်သာ ရှိသေးတဲ့ ဂရင်းဝုဒ် ဟာ ပြီးခဲ့တဲ့နှစ် နွေရာသီ အပြောင်းအရွှေ့ ကမှ ဆန်းဒါးလန်း အသင်း ကနေ အာဆင်နယ် လူငယ် အသင်းကို ရောက်ရှိ လာသူလည်း ဖြစ်ပါတယ် ။ ဂရင်းဝုဒ် ဟာ အာဆင်နယ် ယူ-၁၈ အသင်းမှာ ခြေစွမ်းပြ ကစားနေပြီး မနှစ်က ၂၁ ပွဲကစားရာမှာ သွင်းဂိုး ၁၀ ဂိုး ၊ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ် နိုင်ခဲ့ပါတယ် ။

ဒီရာသီမှာလည်း ဂရင်းဝုဒ်ဟာ အာဆင်နယ် ယူ-၁၈ အသင်း အတွက် သုံးပွဲ ကစားပေးထားပြီး တစ်ဂိုး သွင်းယူ ပေးထားပါတယ် ။ The Sun ရဲ့ဖော်ပြချက် အရ ဂျူ ဗင်တပ်စ် နဲ့ အင်တာမီလန် အသင်း ကင်းထောက်တွေဟာ ပြီးခဲ့တဲ့ နွေရာသီ ယူရို ယူ-၁၈ ပြိုင်ပွဲမှာ အင်္ဂလန် လူငယ် တိုက်စစ်မှူး ဂရင်းဝုဒ် ရဲ့ခြေစွမ်းကို အကဲခတ် စောင့်ကြည့်ခဲ့ကြတယ်လို့ သိရပါတယ် ။

ဂျူ ဗင်တပ်စ် အသင်းဟာ အရင်တုန်းကလည်း အာဆင်နယ် အသင်း ရဲ့လူငယ် ကြယ်ပွင့်တွေကို ခေါ်ယူခဲ့ဖူးပါတယ် ။ ဂျူ ဗင်တပ်စ် အသင်းဟာ ပြီးခဲ့တဲ့နှစ် နွေရာသီ အပြောင်းအရွှေ့တုန်းက အာဆင်နယ် အသင်းရဲ့ လူငယ် တိုက်စစ်မှူး မာဗီဒီဒီ ကို ခေါ်ယူ ခဲ့ပါတယ် ။

မာဗီဒီဒီ ကို ခေါ်ယူဖို့ ဂျူ ဗင်တပ်စ် အသင်း ကို အဓိက တိုက်တွန်း ခဲ့သူဟာ အသင်းခေါင်းဆောင် ချီလီနီ ရဲ့ အစ်ကို ဖြစ်တယ်လို့လည်း သိရပါတယ် ။ မာဗီဒီဒီ ဟာ ဂျူ ဗင်တပ်စ် လူငယ် အသင်းမှာ ခြေစွမ်းပြ ကစားနိုင်တာကြောင့် ဧပြီလမှာ ကစားခဲ့တဲ့ S.P.A.L အသင်းနဲ့ ပွဲမှာ အသင်းကြီးအတွက် ပထမဆုံး ပွဲထွက် ကစားခွင့် ရခဲ့ပါတယ် ။

ဥရောပ အပြောင်းအရွှေ့ မပိတ်ခင် အာဆင်နယ် အသင်းဟာ မွန်ရီရဲလ် ၊ အယ်နီနီ ၊ မူစတာဖီ တို့ကို ရောင်းချဖို့ ရှိနေပါတယ် ။ မွန်ရီရဲလ် ဟာ စပိန်လာလီဂါ ကလပ် ဆိုစီဒက် အသင်းကို ပြောင်းရွှေ့ဖို့နီးစပ်နေပြီ ဖြစ်ပြီး အယ်နီနီ ကို ခေါ်ယူဖို့တော့ ဂါလာစာရေး နဲ့ ဘော်ဒိုး အသင်းတို့က စိတ်ဝင်စားနေကြပါတယ် ။

SPORTS MYANMAR