လီဗာပူး ရဲ့ ဂန္တ၀င် ကစားသမားကြီး ဂျရတ် ရဲ့ ညီဝမ်းကွဲ တော်စပ်သူ ဘော်ဘီ ဒွန်ကမ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ကမှ မန်စီးတီးကနေ လီဗာပူး ကို ပြောင်းရွှေ့ လာခဲ့သူ ဖြစ်ပြီး ၊ လီဗာပူး ပရိသတ် အများစု ကတော့ အစ်ကို ဖြစ်သူရဲ့ ခြေရာကို နင်းမယ့် လူငယ်လေး တစ်ယောက်ဆိုပြီး ချီးမွမ်းခန်း ထုတ်နေခဲ့ကြတာပါ။

ပြီးခဲ့တဲ့ ဘောလုံးရာသီ အက်ဖ်အေ လူငယ်ဖလား ဆွတ်ခူးခဲ့စဉ်ကလဲ ဒွန်ကမ် ရဲ့ စွမ်းဆောင်ရည်ဟာ အသင်းအတွက် အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာကြောင့်လဲ ၊ အသင်းရဲ့ ပရိသတ်တွေက သူ့အပေါ် ပိုပြီးတော့ မျှော်လင့်ချက်တွေ ထားခဲ့ကြပါတယ်။

ဒီကနေ့မှာတော့ အဆိုပါ လူငယ် ကစားသမား ရဲ့ အေးဂျင့် ဖြစ်သူက အသင်းပြောင်းခွင့် မရလို့ ကလပ် အသင်းထံ တရားဝင် ကြေငြာချက်ထုတ်ပြန်ကာ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သလို ၊ ဒွန်ကမ် ကိုယ်တိုင်ကလဲ အဲဒီ စတေးတပ် ကို ပြန်ရှဲထားခဲ့တာကြောင့် အသင်းအားပေးသူ ပရိသတ်တွေ အကြားမှာ ဝေဖန်မှုတွေ ဆက်တိုက် မြင့်တက်လျှက် ရှိနေပါတယ်။

ဒွန်ကမ် ကို ခေါ်ယူဖို့ ဒိန်းမတ် ကလပ် ဘရွန်ဘီ အသင်းက စတင် ကြိုးစားခဲ့တာ ဖြစ်ပြီး လီဗာပူးက ပယ်ချထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ နောက်မှာတော့ စီးရီးအေ ကလပ် ဖီအိုရင်တီးနား အသင်းက အငှားနဲ့ + အပြီးသတ် ခေါ်ယူခွင့် ပုံစံနဲ့ ချဉ်းကပ်လာခဲ့ပြန်ပေမယ့် ၊ လီဗာပူးက ထပ်မံ ပယ်ချခဲ့ပြီး ၊ လုံးဝ ရောင်းချမှာ မဟုတ်ဘူးလို့ တုန့်ပြန်လိုက်တာကြောင့် ၊ ကစားသမား ကရော ၊ အေးဂျင့် ဖြစ်သူကပါ ဒေါသ ထွက်ခဲ့ဟန် တူပါတယ်။

မကြာခင်က ထုတ်ပြန်လိုက်တဲ့ တရားဝင် ကြေငြာချက်မှာတော့ ဒွန်ကမ် ရဲ့အေးဂျင့် ဖြစ်သူက “ ဒွန်ကမ် ရဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်လာတာ တော်တော်လေး ကြာနေခဲ့ ပါပြီ။ ဒီကနေ့မှာတော့ လီဗာပူး အားကစား ဒါရိုတ်တာ မိုက်ကယ် အက်ဒ်ဝပ် ရဲ့ ပြောဆိုသွားတဲ့ ပုံစံက လုံးဝကို လက်ခံနိုင် စရာ မရှိပါဘူး။

ပြီးခဲ့တဲ့ ဘောလုံးရာသီ မတိုင်ခင် ကတည်းက ကျနော်ဟာ လီဗာပူး အကယ်ဒမီ ဒါရိုတ်တာ အင်ဂလက် သရုတ်နဲ့ တွေ့ခဲ့သလို ၊ သူ ကိုယ်တိုင် ကလဲ ဒွန်ကမ်ဟာ လီဗာပူးမှာ ပျော်ရွှင်မှု မရှိတော့ဘူး ဆိုတာ လက်ခံခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒွန်ကမ် အတွက် ကမ်းလှမ်းမှုတွေ ရှိရင် ခေါ်လာခဲ့ဖို့ ကျနော့်ကို သေချာ မှာလိုက်တာပါ။

စီနီယာ ပွဲထွက် ကစားခွင့် တစ်ပွဲမှ မရသေးတဲ့ ဘောလုံး သမား တစ်ယောက်ကို ဘယ်လို ကလပ်မျိုးက ဈေးကြီးပေးပြီး ခေါ်မှာလဲ။ ဒါကြောင့်မို့ ကျနော်တို့ မျှော်လင့်ထားတာက တစ်ရာသီ အငှားထွက်ကစားမယ် ၊ အဲဒီ စာချုပ်မှာလဲ ပေါင် 1.5 သန်း နဲ့ အပြီးသတ် ခေါ်ယူနိုင်ခွင့် သဘောတူညီမှုပါ ထည့်သွင်း ပေးမယ်ပေါ့။

ဒါဆိုရင် လီဗာပူး အတွက်လဲ လုံလောက်မယ် ထင်ပါတယ်။ ဒါပေမယ့် မိုက်ကယ် အက်ဒ်ဝပ် ကတော့ အဲဒီ အဆိုကို ပယ်ချသွားခဲ့တယ်ဗျ။

ဒါနဲ့ ကျနော် တို့ ဘက်ကလဲ ဒွန်ကမ်သာ တစ်ဖက် အသင်းမှာ စီနီယာ ပွဲထွက် ကစားခွင့် 5 ပွဲ ကျော်တာနဲ့ ပြောင်းရွှေ့ကြေးလဲ မြင့်မယ် ၊ ပြန်လည် ရောင်းချခဲ့ရင်လဲ % နဲ့ ပြန်ပြီး ထပ်ပေးဦးမယ်လို့ ကမ်းလှမ်းခဲ့တာတောင် ၊ အက်ဒ်ဝပ်က ယုံကြည်မှု မရှိဘူး ဆိုပြီး ပယ်ချသွားခဲ့ပြန်တယ်လေ။

တနင်္လာနေ့က ကစားခဲ့တဲ့ ဆောက်သမ်တန် လူငယ် အသင်းနဲ့ ပွဲမှာ ဒွန်ကမ် ပါဝင် ကစားနိုင်ခြင်း မရှိတာကလဲ သူဟာ ဒဏ်ရာ ပြသနာ ရနေတာကြောင့်ပါ။ အဲဒီ ဒဏ်ရာက ဖော်ပြလို့ မရတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေတာ ဖြစ်ပါတယ်။ အခုဆိုရင် သူဟာ အခန်းအောင်းနေတာ 4 ရက်တောင် ကျော်လာခဲ့ပြီ ဖြစ်သလို ၊ အသင်းပြောင်းခွင့် မရတဲ့ အတွက်ရော ၊ လီဗာပူးက သူ့အပေါ် ငှဲ့ညာစဉ်းစားပေးခြင်း မရှိတဲ့အတွက်ပါ စိတ်ထိခိုက်လျှက် ရှိနေပါတယ်။

သေချာပေါက် ပြောနိုင်တာ တစ်ခုက သူဟာ လီဗာပူး အတွက် ဘယ်တော့မှ ပြန်ပြီး ကစားပေးတော့မှာ မဟုတ်ပါဘူး ၊ အထူးသဖြင့် အခုလို လစာ ပမာဏ နည်းနည်းလေး ရတဲ့ အနေအထားနဲ့ ဘယ်လိုမှ ပြန်ကစားပေးမှာ မဟုတ်ပါဘူး” လို့ ထုတ်ဖော် ရေးသားသွားခဲ့တာ ဖြစ်ပါတယ်။

လီဗာပူး ပရိသတ်တွေ ကတော့ အခုမှ အသက် 18 နှစ်ပဲ ရှိသေးတဲ့ ချာတိတ်က အသင်းကို ဖိအားပေးနေတာ ရယ်စရာကောင်းလွန်းတယ်လို့ မှတ်ချက်ပေးနေကြသလို ၊ သူကိုယ်တိုင် အေးဂျင့် က ထုတ်ပြန်တဲ့ ကြေငြငြာချက်ကို လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာ ပြန်ရှဲ ထားတာကလဲ တော်တော်ကို စိတ်ပျက်စရာ ကောင်းတယ်လို့ ဝေဖန်လျှက် ရှိနေပါတယ်။