နည်းပြကြီး ကလော့ပ်ရဲ့ လီဗာပူး အသင်းဟာ ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အကောင်ဆုံး ခံစစ်ပိုင်းကို ပိုင်ဆိုင်ခဲ့ပြီး ချန်ပီယံ မန်စီးတီးထက်တောင် ပေးဂိုးနည်းပါးခဲ့တာဖြစ်ပါတယ်။သူတို့ဟာ အဲ့ဒီရာသီမှာပွဲပေါင်း ၂၀ အထိ ဂိုးမပေးရအောင် ကစားနိုင်ခဲ့တာ လည်းဖြစ်ပါတယ်။

ယမန်နှစ်ရာသီမှာ မန်စီးတီးရဲ့နောက် တမှတ် အကွာနဲ့ ချန်ပီယံဆုကို လက်လွှတ်ခဲ့ရတဲ့ လီဗာပူး တို့ဟာ အခုရာသီသစ် မှာလည်း ရလဒ်ကောင်းတွေ ပိုင်ဆိုင်နေပြီး ၃ပွဲကစား ရာနှုန်းပြည့်အနိုင်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။ဒါပေမယ့် အဆိုပါ ၃ပွဲစလုံးဂိုးပေးထားရလို့ အခုထိ cleansheet တပွဲမှ ရရှိထားခြင်း မရှိသေးတာဖြစ်ပါတယ်။

ဒါကြောင့် လည်း သူ့အသင်းရဲ့ ခံစစ်ပိုင်းပြသနာတွေကို ပြင်ဆင်သွားနိုင်ဖို့ လေ့ကျင့်ရေးကွင်းမှာ ကြိုးစားလုပ်ဆောင်နေပြီလို့ ကလော့ပ်ကဆိုပါတယ်။လေ့ကျင့်ရေးကွင်း မှာမြင်တွေ့ရတဲ့ မြင်ကွင်းတွေ အရတော့ လီဗာပူး အသင်းဟာခံစစ်ပိုင်းစွမ်းဆောင်ရည်တိုးတက်စေဖို့ ခံစစ် ကစားသမားတွေနဲ့ ဂိုးသမား တို့သာမကပဲ တသင်းလုံးစုပေါင်းပြီး ပါဝင်လေ့ကျင့်နေပါတယ်။

လာမယ့် ပွဲတွေအပေါ်ဘယ်လို ချဉ်းကပ်သွားမယ်ဆိုတာနဲ့ ပတ်သက်ပြီး ကလော့ပ်က – “လူတွေကတော့ ကျွန်တော်တို့ရဲ့ ခံစစ် အကြောင်းကိုပဲပြောနေခဲ့ကြပါတယ်။ကျွန်တော်တို့ကလည်း ခံစစ်ပိုင်း အတွက်ပါကြိုးစားလုပ်ဆောင်နေခဲ့ပေမယ့် လူတွေမျှော်မှန်းထားသလိုတော့ မဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒါဟာ ခံစစ် ကစားသမားကြောင့်ပဲတော့ လည်းမဟုတ်ပါဘူး။ပရီးမီးယားလိဂ်လိုပြိုင်ပွဲမှာ ခံစစ်ပိုင်းနဲ့ပတ်သက်ပြီး တဦးတယောက်ချင်းစီကိုပဲ ပြောနေလို့အလုပ်မဖြစ်ပါဘူး။ဒါကိုဖြေရှင်းဖို့ မတူညီတဲ့ နည်းလမ်းမျိုးသုံးရမှာဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ ဒီပြသနာတွေအတွက် အမြဲကြိုးစားနေခဲ့တာ ဖြစ်ပြီး အခုအပတ်မှာ လည်း ဒါကိုလုပ်ဆောင်သွားဖို့ အချိန်ရှိနေပါသေးတယ်။အာဆင်နယ်အသင်းလို တိုက်စစ်အန္တရာယ် များတဲ့ အသင်းနဲ့ ပွဲမှာ ကျွန်တော်တို့ရဲ့ ခံစစ်ပိုင်းစွမ်းဆောင်ရည်ဟာအကောင်းဆုံးဖြစ်ခဲ့တယ်ဆိုတာကတော့သေချာပါတယ်” လို့ပြောခဲ့ပါတယ်။

လီဗာပူးတို့ဟာ အာဆင်နယ် အသင်းနဲ့ပွဲမှာ ချေပဂိုးတဂိုးပြန်ခွင့်ပြုခဲ့ရတာဖြစ်ပြီး တော်ရဲယားက ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။အဆိုပါ သွင်းဂိုးမှာ လီဗာပူး အသင်းသားအများစု ခံစစ်ဇုန်အတွင်းရှိနေပေမယ့် တားဆီးနိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

ဒါကြောင့်လည်း ခံစစ်ပိုင်းပြသနာတွေဟာ နောက်တန်းကစားသမားလေးဦးရဲ့ အမှားတွေကြောင့်ပဲ မဟုတ်ဘူးလို့ ကလော့ပ်က ယုံကြည်နေတာဖြစ်ပါတယ်။ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကလော့ပ်က – ” ဒီဂိုးကို ပေးလိုက်ရချိန်မှာဆို ရင် ကျွန်တော်တို့ အသင်းသားတိုင်းက ဂိုးဧရိယာအတွင်း ရှိနေခဲ့ကြပါတယ်။ဒါကြောင့်မို့လို့လည်း ခံစစ်ကစားသမားတွေနဲ့ပတ်သက်ပြီး ဘာမှလုပ်စရာမရှိပါဘူး ” လို့ပြောခဲ့ပါတယ်။

လီဗာပူး အသင်းဟာ ရာသီကြိုပွဲတွေ မှာကတည်းက ခံစစ်ပိုင်းစွမ်းဆောင်ရည်ဆိုးရွားနေခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ကောင်းမွန်တဲ့ အမှတ်လက္ခဏာတွေပြန်ရလာနေပြီ လို့ကလော့ပ်ကဆိုပါတယ်။ကလော့ပ်ကဆက်လက်ပြီး – ” ဘောလုံး အသင်းတသင်းအနေနဲ့ ကျွန်တော်တို့ တပေါင်းတစည်းတဲ့ ခံစစ်ကစားနိုင်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ပွဲတွေရပ်နားခဲ့လို့ အခုမှပြန်လာပြီး ပြန်စရတော့မှာဖြစ်ပါတယ်။အာဆင်နယ်နဲ့ ပွဲမှာဆိုရင် ကျွန်တော်တို့ရဲ့ ကစားပုံဟာ အတော်လေးကောင်းမွန်ခဲ့ပြီး ရန်လိုမှု လည်းရှိခဲ့ပါတယ်။ကျွန်တော်တို့ဒါကို လုပ်နိုင်တယ်ဆိုတာကို လည်းသက်သေပြနိုင်ခဲ့ပါတယ် “လို့ပြောခဲ့ပါတယ်။