လီဗာပူး ရဲ့ သမိုင်းကြောင်းထဲက ဂန္တ၀င် နည်းပြကြီးတွေကို ဆွဲထုတ်ကြည့်မယ် ဆိုရင် ဘင်နီတက်ဇ်ရဲ့ စွမ်းဆောင်ရည်တွေကလဲ တစ်ထောင့်တစ်နေရာ ကနေ ခမ်းနားထည်ဝါမှု အပြည့်နဲ့ ရပ်တည်နေလိမ့်မယ် ထင်ပါတယ်။

2005 ခုနှစ် ချန်ပီယံလိဂ် အောင်မြင်မှုကတော့ ဘင်နီတက်ဇ် ရဲ့ နည်းပြ ဘ၀ သက်တမ်းတစ်လျှောက် အပြောင်မြောက်ဆုံး လက်ရာတစ်ခု ဖြစ်ပြီး 3-0 နဲ့ ရှုံးနိမ့်နေခဲ့သည့်တိုင်အောင် ပြန်လည် တွန်းလှန်ပြပြီး ၊ ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ယူပြခဲ့တဲ့ မှတ်တမ်းက အချိန်ထိ ဘောလုံးချစ် ပရိသတ်တွေ ရဲ့ နှုတ်ဖျားမှာ ပြောလို့ မဆုံးသေးပါဘူး။

လီဗာပူး ပရိသတ်တွေ က အစ္စတန်ဘူလ် ညချမ်းလို့ တင်စားခဲ့သလို ၊ မြန်မာ ပြည်မှာလဲ အဲဒီ အောင်မြင်မှု နဲ့ အတူ ပေါ်ထွက်လာခဲ့တဲ့ ဖန်အရေအတွက်က တော်တော်လေး များခဲ့ပါတယ်။ အဲဒီ အချိန်က ဥရောပ ရဲ့အင်အား အတောင့်တင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ အေစီမီလန် ဟာ အသင်းဟာ ဗိုလ်လုပွဲ မတိုင်ခင် ကတည်းက လီဗာပူးကို သာသာယာယာ နဲ့ အနိုင်ယူလိမ့်မယ်လို့ ရေးပန်းစားခဲ့တာပါ။

ဂိုးသမား – ဒီဒါ
နောက်တန်း – ဂျပ်စတမ်း ၊ မာလ်ဒီနီ ၊ နက်စတာ ၊ ကာဖူး
အလယ်တန်း – ပီယာလို ၊ ဂက်တူဆို ၊ ဆီးဒေါ့ ၊ ကာကာ
ရှေ့တန်း – ရှက်ဖ်ချန်ကို ၊ ခရက်စ်ပို

ဆိုတဲ့ စုဖွဲမှုကို ကြည့်လိုက်ရင်ပဲ ဒုတိယတန်းစား ဘောလုံးသမား အများစု နဲ့ ဖွဲ့စည်းထားတဲ့ လီဗာပူး အသင်းက ဘယ်လိုမှ အနိုင်ယူပြဖို့ မဖြစ်နိုင်ဘူးဆိုတာ လူတိုင်းက ခန့်မှန်းထားမှာပါ။

သို့သော် ဘင်နီတက်ဇ် ရဲ့ လီဗာပူးကတော့ ပထမပိုင်း အပြီး ကစားကွက် အပြောင်းအလဲ လုပ်ကာ ၊ ချေပဂိုးတွေ ရယူရင်း ပင်နယ်တီမှာ အနိုင်ယူပြသွားခဲ့ပါတယ်။

ပထမပိုင်း အပြီး အ၀တ်လဲခန်းထဲမှာ ကစားသမားတွေကို ပြောဆိုခဲ့တာ နဲ့ ပတ်သက်လို့ ဘင်နီတက်ဇ် က –

“ အဲဒီတုန်းက ကျနော်ဟာ အင်္ဂလန်ကို ရောက်ခါစ ဆိုတော့ ၊ အင်္ဂလိပ်စာ အရည်အသွေးက တော်တော်လေးကို အားနည်းခဲ့တဲ့ အချိန်ပါ။ အခုတောင် အင်္ဂလိပ်လို စကားပြော သိပ်မကောင်းတဲ့ ကျနော်ဟာ အဲဒီ အချိန်က ဘယ်လောက်အထိ ဆိုးမလဲ ဆိုတာ စဉ်းစားကြည့်ပေါ့ဗျာ။

ပထမပိုင်း ပြီးတော့ 3-0 ဖြစ်သွားပါပြီ ။ ကျနော့် တာဝန်က ကိုယ့် ကစားသမားတွေကို မျှော်လင့်ချက် မမဲ့သွားအောင်ပဲ အဓိက ထားပြီး ပြောခဲ့တာပါ။ နောက်တစ်ခုက ချေပဂိုး တစ်ဂိုးသာ ရလိုက်ရင် ပွဲဟာ ပြန်ပြီး သက်ဝင်လာနိုင်တယ် ဆိုတာ သေချာ မှာခဲ့ပါတယ်။

ပြီးတော့ နည်းစနစ်ပိုင်း ကို အပြောင်းအလဲ လုပ်လိုက်တာပေါ့။ နောက်တန်းမှာ 3 ယောက်ပဲ ထားလိုက်သလို ၊ ကာကာ ကို ထိန်းချုပ်ဖို့ အတွက် ကွင်းလယ် အဖျက်ကို နှစ်ယောက် အထိ တာဝန်ပေးလိုက်တာပါ။ ဟာမန်း နဲ့ အလွန်ဆို တို့ကလဲ တကယ်ကို လိုချင်တဲ့အတိုင်း ကစားပေးခဲ့ကြပါတယ်။

ကံကောင်းတာက ချေပဂိုးတွေကို အချိန်တိုအတွင်း ဆက်တိုက် ရလိုက်တာ ဖြစ်တာမို့ ၊ ကစားသမားတွေ အားလုံးမှာ ငါတို့ လုပ်ပြနိုင်တယ် ဆိုတဲ့ ယုံကြည်ချက်က တစ်ဖြေးဖြေး ပြန်ပြီး အသက်ဝင်လာခဲ့တာလေ။ နောက်ဆုံးမှာတော့ ဒူးဒက်ရဲ့ လက်စွမ်းတွေ နဲ့ ဆုဖလားကြီး ဆွတ်ခူးခဲ့တာ ပေါ့ဗျာ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

တစ်ဆက်တည်းမှာပဲ ဘင်နီတက်ဇ်က လီဗာပူး ရဲ့ 2005 ရော ၊ 2019 ချန်ပီယံလိဂ် အောင်မြင်မှုတွေ အားလုံးဟာ ခမ်းနားမှုတွေ အပြည့်ပဲလို့ မှတ်ချက်ပေးသွားခဲ့ပြီး ၊ 2019 ကစားသမား စုဖွဲ့မှုကတော့ သူ့ အသင်းထက် အများကြီး ပိုတောင့်တင်းတယ်လို့လဲ ပြောဆိုသွားခဲ့ ပါတယ်။

လီဗာပူးဟာ ပရီးမီးယားလိဂ် ဖလားကြီးကို ဆွတ်ခူး နိုင်ခြင်း မရှိခဲ့တာတော့ နှစ်ပေါင်း 30 ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဘင်နီတက်ဇ် လက်ထက် 2008-2009 ဘောလုံး ဘောလုံးရာသီမှာတော့ ဒီဖလားကြီးကို ဆွတ်ခူးဖို့ နီးစပ်ခဲ့ဖူးပြီး ၊ ပွဲစဉ် 21 အထိ အမှတ်ပေးဇယားကို ဦးဆောင် နိုင်ခဲ့သည့်တိုင်အောင် ရာသီ အကုန်မှာ ဒုတိယ နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

အဲဒီ ဘောလုံးရာသီ ကတော့ ဂျရတ် နဲ့ တောရက် တို့ အတွဲညီညီ နဲ့ ခြေစွမ်းပြခဲ့တဲ့ အခိုက်အတန့် ဖြစ်ပြီး ၊ ကွင်းလယ် ကစားသမား တစ်ဦး ဖြစ်တဲ့ ဂျရတ် ကို နောက်ချန် တိုက်စစ်မှုး အဖြစ် ပုံဖော်ပေးခဲ့တဲ့ ဘင်နီတက်ဇ်ရဲ့ စိတ်ကူးကိုလဲ အင်္ဂလန် မီဒီယာတွေက ၀န်းဝိုင်း ချီးကျူးခဲ့ကြပါတယ်။

လက်ရှိ လီဗာပူး အသင်းက ကစားသမားတွေ ထဲက တစ်ယောက်ကို သူ့ရဲ့ 2008-2009 ဘောလုံးရာသီ က အသင်းအတွက် ခေါ်ယူခွင့် ရမယ် ဆိုရင် ဘယ်သူ့ကို ခေါ်ချင်လဲ လို့ မေးမြန်းရာမှာတော့ ဘင်နီတက်ဇ် က –

“ ဗန်ဒိုက် ကို ခေါ်ချင်ပါတယ် ဘာလို့လဲ ဆိုတော့ သူသာ ရှိခဲ့ရင် အများကြီး အသင်းအတွက် အထောက်အကူ ဖြစ်မယ် ထင်ပါတယ် ။ အခုလို ပြောတာက ကျနော့်မှာ ရှိခဲ့တဲ့ ခံစစ်မှုးတွေ ရဲ့ စွမ်းဆောင်ရည်ကို မကြိုက်လို့ ပြောတာ မဟုတ်ပါဘူး။ သူတို့လဲ တာဝန်ကျေခဲ့ပါတယ်။

ကျနော် ဆိုလိုချင်တာက အသင်းအတွက် ပိုပြီး တည်ငြိမ်တဲ့ ပုံစံမျိုး ဖြစ်လာနိုင်တာကို ပြောချင်တာပါ” လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

ဘင်နီတက်ဇ် ရဲ့ လီဗာပူး နည်းပြဘ၀မှာ အလွန်ဆို ကို ရောင်းထုတ်ခဲ့တဲ့ လုပ်ရပ်က အသင်းပရိသတ်တွေရဲ့ ငြိုငြင်မှုကို ခံခဲ့ရသလို ၊ တောရက် နဲ့ အတွဲဖက် မိမိ ကစားပေးမယ့် ကစားသမား ရှာဖွေနိုင်ခြင်း မရှိတာကလဲ ပြသနာ တစ်ရပ် ဖြစ်ခဲ့ပါတယ်။ အလွန်ဆို နေရာ အတွက် အက်စ်တွန်ဗီလာ က အသင်းခေါင်းဆောင် ဘာရီ ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် အထ မမြောက်ခဲ့ပဲ၊ စပါး တိုက်စစ်မှုး ရော်ဘီကိန်း ကို ခေါ်ယူနိုင်ခဲ့သည့် တိုင်အောင် အသင်းအတွက် အကျိုးရှိရှိ အသုံးချနိုင်ခြင်းတော့ မရှိခဲ့ ပါဘူး။

အဲဒီ အကြောင်းအရာတွေ နဲ့ ပတ်သက်လို့ –

“ ရော်ဘီကိန်း ကို ၀ယ်တုန်းက တောရက် နဲ့ အတွဲမိလိမ့်မယ် ဆိုတဲ့ အတွေးနဲ့ ခေါ်ခဲ့ကြတာပါ။ ဒါပေမယ့် တကယ့် လက်တွေ့မှာတော့ မှန်းချက် နဲ့ လုံးဝ ကို ကွဲလွဲနေခဲ့ ပါတယ်။ တောရက် က အရမ်းမြန်တယ်လေ ၊ သူက စပါးမှာ ဘာဘာတော့ဗ် လို တိုက်စစ်မှုး နဲ့သာ တွဲကစားခဲ့ဖူးတာ ဖြစ်တော့ လီဗာပူး မှာ ဘယ်လိုမှ အံဝင်အောင် ကစားခိုင်းလို့ မရတော့ပါဘူး။

ပေးထားရတဲ့ ဈေးကလဲ အရမ်းများတော့ ၊ သူ့ကို အမြန်ဆုံး ပြန်ရောင်းထုတ်ဖို့ လုပ်ခဲ့ရတာပါ။

အလွန်ဆို ကို ရောင်းလိုက်တာ ကတော့ အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေ အရကြောင့်ပါ။ ကျနော့်မှာ မာရှေယာနို ၊ ဂျရတ် ၊ လူးကပ်တို့လို အတွေ့အကြုံ ရှိပြီးသား ကစားသမားတွေ ရှိနေတယ် ၊ အသင်းကလဲ ငွေလိုတယ် ဆိုတော့ ရောင်းလိုက်ရတာပါ။

ဘာရီ ကို ခေါ်ယူဖို့ ကြိုးစားခဲ့တာက အလွန်ဆို နေရာကို အစားထိုးဖို့ မဟုတ်ပါဘူး ။ သူဟာ ကွင်းလယ် ၊ နောက်တန်း ဘယ်အစွန် နဲ့ တောင်ပံ နေရာတွေမှာတောင် ကစားပေးနိုင်တဲ့သူလေ။ ဒါကြောင့် သူ့ကို ခေါ်လိုက်ရင် အသင်းအတွက် ရွေးချယ်စရာ များလာမယ် ဆိုတဲ့ စိတ်ကူးနဲ့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် အပြောင်းအရွှေ့က ကံမကောင်းစွာနဲ့ပဲ အကောင်အထည် ပေါ်မလာခဲ့ဘူးလေ” လို့ ပြောဆိုသွားခဲ့ ပါတယ်။