လီဗာပူး နဲ့ စပိန် ဂန္တဝင် ကွင်းလယ်လူ ဇာဘီ အလွန်ဆို က မီဆွတ် အိုဇေးလ် ဟာ ရီးရဲလ်မက်ဒရစ် အသင်းမှာတုန်းက နံပါတ် ၁၀ နေရာမှာ အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်သူ ဖြစ်ကြောင်း ပြန်ပြောင်း ပြောကြား သွားခဲ့ပါတယ် ။

အလွန်ဆို နဲ့ မီဆွတ် အိုဇေးလ် တို့ဟာ စပိန် လာလီဂါ ကလပ် ရီးရဲလ် မက်ဒရစ် အသင်းမှာ အတူ တွဲကစားခဲ့တဲ့ အသင်းဖော်ဟောင်းတွေလည်း ဖြစ်ပါတယ် ။ စပိန် ကွင်းလယ်လူ အလွန်ဆို ဟာ ၂၀၀၉ ခုနှစ်မှာ လီဗာပူး အသင်းကနေ ရီးရဲလ်မက်ဒရစ် အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီး အိုဇေးလ်ကတော့ ၂၀၁၀ ခုနှစ်မှာ ရှော်ကေး အသင်းကနေ ပြောင်းရွှေ့ရောက်ရှိ လာတာပါ ။

အိုဇေးလ် ဟာ စပိန် လာလီဂါ ကို ရောက်ရောက်ချင်း နှစ်မှာပဲ ရီးရဲလ် မက်ဒရစ် အသင်းနဲ့အတူ ကိုပါဒယ်ရေး ဖလားကို ရယူ နိုင်ခဲ့သလို နောက်တစ်နှစ်မှာလည်း မော်ရင်ဟို ရဲ့ ဦးဆောင်မှုနဲ့ လာလီဂါ ချန်ပီယံဆုကြီးကို ကိုင်မြှောက်ခွင့် ရခဲ့ပါတယ် ။

၂၀၁၃ ခုနှစ်မှာတော့ အိုဇေးလ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၅၀ နဲ့ ရောက်ရှိ လာခဲ့ပါတယ် ။ အိုဇေးလ် ဟာ ရောက်ခါစက အကောင်းဆုံး ခြေစွမ်းတွေ ပြသနိုင်ခဲ့ပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ ခြေစွမ်းပိုင်း ကျဆင်းလာကာ ပုံမှန် ပွဲထွက်ခွင့် ရရှိခြင်း မရှိတော့ပါဘူး ။

အသက် ၃၀ အရွယ် ရှိပြီဖြစ်တဲ့ မီဆွတ် အိုဇေးလ်ဟာ ဒီရာသီမှာ အာဆင်နယ် အသင်းအတွက် ပွဲထွက် ကစားခွင့် ရရှိထားခြင်း မရှိသေးဘဲ အခု ရက်ပိုင်း အတွင်းမှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် နေတာလည်း ဖြစ်ပါတယ် ။

လီဗာပူး ကွင်းလယ်လူဟောင်း အလွန်ဆို ကတော့ အိုဇေးလ် ဟာ ဘယ်နေရာမှာ ကစားရရင် ခြေစွမ်းပြကစားနိုင်သလဲ ဆိုတာ အူနိုင်း အမ်မရီ ကို ပြောပြသွားခဲ့ပါတယ် ။ ” မော်ရင်ဟို နည်းပြနေစဉ်တုန်းက ကျနော်တို့ အသင်းက ကွင်းလယ်လူ နှစ်ယောက်နဲ့ ကစားလေ့ ရှိပါတယ် ။ ကျနော်ရယ် ဆမ်မီ(ခီဒီရာ) ရယ်ပေါ့ဗျာ ။ ဆမ်မီက လုပ်အားနှုန်း အတော်ကောင်းတဲ့ ကစားသမားပါ ၊ ကွင်းလယ်ကနေ ဘောလုံးကို အကြိမ်ကြိမ် ဆွဲပြေးကစားနိုင်ပါတယ် ။ ”

” အိုဇေးလ် က တိုက်စစ် နဲ့ ကွင်းလယ်ကြားမှာ ကစားပါတယ် ။ သူ့အတွက် အပြီးပြည့်စုံ နေရာပါပဲ။ သူက နေရာလွှတ်တွေဆီကို ဘောလုံး ပေးပို့ချင်တဲ့သူပါ ၊ သူ ကစားတဲ့ နေရာက ကစားရ အင်မတန် ခက်ပါတယ် ။ တစ်ဖက် နောက်တန်းကစားသမားတွေသာ ပိတ်ဆို့ ကစားရင် နေရာလွတ် ရှာရတာ အတော်မလွယ်ပါဘူး ။ ”

” ကျနော်ကတော့ ကွင်းထဲမှာ အိုဇေးလ် ကို လိုက်ရှာပြီး ဘောလုံး ပေးပါတယ် ။ သူက ဘောလုံး အထိန်းအသိမ်းကောင်းပြီး တိုက်စစ် ကစားသမားတွေအတွက် တကယ့် အခွင့်အရေးကောင်းတွေကို ဖန်တီး ပေးနိုင်တဲ့သူပါ ။ ” လို့ ပြန်ပြောင်း ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR