ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ ရာသီက ယူရိုပါလိဂ် ဖိုင်နယ်မှာ အာဆင်နယ် အသင်းကို ၄ ဂိုး ၁ ဂိုး နဲ့ အနိုင်ယူကာ ချန်ပီယံ ဖြစ်ခဲ့ပြီး ဒီရာသီ မှာကော ဘယ်သူ ချန်ပီယံ ဖြစ်လာအုံးမှာလဲ? တော့တင်ဟမ် ဟော့စပါးဟာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် ဖိုင်နယ်ကို ကလပ် အသင်း သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ် တက်ရောက် နိုင်ခဲ့ ပေမယ့်လည်း မက်ဒရစ်ဖိုင်နယ်မှာ လီဗာပူး ကို ၂ – ၀ နဲ့ ရှုံးကာ ဒုတိယ နေရာပဲ ရရှိ ခဲ့ပါတယ်။

ဒါပေမယ့် စပါး ပရိတ်သတ်တွေ အတွက် ဒီလို စွမ်းဆောင်ရည်မျိုး နောက်ထပ် မျှော်လင့် ထားဖို့ မ၀ံ့မရဲ ဖြစ်နေကြမှာပါ။ BT Sports ရဲ့ စူပါကွန်ပြူတာဟာ မကြာသေးမီက ချန်ပီယံလိဂ် ရှုံးထွက် အဆင့် အတွက် ခန့်မှန်းမှု လုပ်ခဲ့ ရာမှာ စပါး အသင်း ရှုံးထွက်အဆင့် အတွက် တွက်ချက် ထားခဲ့ခြင်း မရှိ ခဲ့ပါဘူး။

BT Sport က တော့တင်ဟမ်ဟာ ဒီရာသီ ချန်ပီယံလိဂ် ရဲ့ အုပ်စု အဆင့် ၃ နေရာ ကနေ ယူရိုပါလိဂ် ကို ရောက်လာမယ်လို့ ဆိုထား ခဲ့ပါတယ်။ သို့ပေမယ့်လည်း ပိုချက်တီနို ရဲ့ အသင်း အတွက် အဆိုးတွေချည်းပဲတော့ မဟုတ်ပါဘူး။ The Script ရဲ့ ခန့်မှန်းမှု မှာတော့ စပါးရဲ့ ယူရိုပါလိဂ် လမ်းကြောင်းဟာ အတော် ကောင်းနေပါတယ်။

စပါးဟာ ၃၂ သင်း ရှုံးထွက် အဆင့်မှာ ဘယ်ဂျီယံ ကလပ် ဂျန့်အသင်းကို နှစ်ကျော့ပေါင်း ၅-၃ နဲ့ အနိုင်ယူကာ ၁၆ သင်း အဆင့်ကို ရောက်လာပြီး ဒီအဆင့် မှာတော့ ပရီးမီးယားလိဂ် ပြိုင်ဘက် ၀ုဖ်ဗာဟမ်တန် နဲ့ တွေ့ဆုံကာ နှစ်ကျော့ပေါင်း ၆-၂ နဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ် အဆင့်ကို တက်သွားမယ်လို့ ခန့်မှန်း ထားပါတယ်။

ကွာတားဖိုင်နယ် မှာတော့ နာပိုလီ နဲ့ ပွဲကျပ် ကစားရမှာ ဖြစ်ကာ နှစ်ကျော့ပေါင်း ၂ – ၂ ဖြစ်ပေမယ့် အဝေးဂိုးနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက် နိုင်မယ်လို့ သိရပြီး နောက်ဆုံး လေးသင်း အဆင့်မှာတော့ စပါးဟာ ဘွန်ဒက်လီဂါ ကလပ် ရက်ဘူးလိုက်ပ်ဇစ် အသင်းကို သက်တောင့်သက်သာ အနိုင်ကစားကာ ယူရိုပါလိဂ် ဖိုင်နယ်ကို တက်ရောက် နိုင်လိမ့်မယ်လို့ မှန်းဆ ခဲ့ပါတယ်။

BT Sport က ဒီရာသီမှာလည်း all-English ယူရိုပါလိဂ် ဖိုင်နယ်ကို ထပ်မံ မြင်တွေ့ ရအုံးမယ်လို့ ဆိုထားပြီး ဒီနှစ် မှာတော့ တော့တင်ဟမ် နဲ့ မန်ချက်စတာယူနိုက်တက် တို့ တွေ့ဆုံမှာ ဖြစ်တယ်လို့ ခန့်မှန်း သွားပါတယ်။ သရဲနီ တို့ဟာ ဖိုင်နယ်သို့ တက်လာရာ လမ်းကြောင်းမှာ သွင်းဂိုး ၂၆ ဂိုးထိ သွင်းယူကာ ပြိုင်ပွဲဝင် အသင်းတွေ ထဲမှာ သွင်းဂိုး အများဆုံး အသင်း ဖြစ်လာလိမ့်မယ်လို့ ဆိုထား ပါတယ်။

ဒါပေမယ့်လည်း ယူနိုက်တက်ဟာ မေလ ၂၇ ရက်နေ့ ပိုလန်နိုင်ငံ Gdansk မှာ ကျင်းပမယ့် ဖိုင်နယ်မှာတော့ ဂိုးပေါက်ပျောက်ကာ တော့တင်ဟမ် က ၁ – ၀ နဲ့ နိုင်သွားမယ်လို့ ခန့်မှန်း ထားပါတယ်။ ပြိုင်ပွဲရဲ့ အခြားတစ်ဖက်မှာတော့ အာဆင်နယ် အသင်းဟာ အုပ်စုကို ကျော်ဖြတ်ပြီး ၃၂ သင်း ရှုံးထွက် အဆင့်မှာ ပီအက်ဗီကို ၄ -၂ နဲ့ အနိုင်ယူကာ နောက်တဆင့်ကို တက်သွားမယ်လို့ မျှော်လင့် ထားပါတယ်။

သို့ပေမယ့်လည်း ပြီးခဲ့တဲ့ ရာသီက ဖိုင်နယ်ကို တက်ရောက် နိုင်ခဲ့တဲ့ အူနိုင်းအမ်မရီ ရဲ့ အသင်းဟာ ဒီတစ်ကြိမ်မှာတော့ ၁၆ သင်း ရှုံးထွက်အဆင့်မှာ ပရီးမီးယားလိဂ် ပြိုင်ဘက် မန်ယူနိုက်တက် ကို ရှုံးကာ အိမ်ပြန် ရလိမ့်မယ်လို့ ခန့်မှန်း သွားပါတယ်။

ဒီခန့်မှန်းချက် အရ ဆိုရင်တော့ ဆီဗီလာ နဲ့ အတူ ဒီပြိုင်ပွဲမှာ အထူ အောင်မြင်ခဲ့တဲ့ အူနိုင်းအမ်မရီဟာ သူ့ရဲ့ ယူရိုပါလိဂ် သမိုင်းမှာ ပထမဦးဆုံးအကြိမ် နောက်ဆုံး ရှစ်သင်း အဆင့်ကို မတက်ရောက် နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီရာသီ ယူရိုပါလိဂ် ဖိုင်နယ်သို့ သွားရာလမ်းကြောင်းကို အောက်ပါအတိုင်း ခန့်မှန်း ပေးထားပါတယ်။

၁၆ သင်း ရှုံးထွက်အဆင့် (နှစ်ကျော့ပေါင်း ရလဒ်)
နာပိုလီ ၆ – ၄ စပို့တင်းလစ္စဘွန်း
တော့တင်ဟမ် ၆ – ၂ ၀ုဖ်
ရက်ဘူးလိုက်ပ်ဇစ် ၆ – ၀ မွန်ချင်ဂလာဘတ်
ဘေဆယ် ၁ – ၄ စီအက်ကေအေမော်စကို
အိုင်ယက် ၆ – ၁ လေဗာကူဆင်
ကလပ်ဘရူ့ခ်ျ ၀ – ၂ ဆီဗီလာ
ပေါ်တို ၄ – ၁ LASK
အာဆင်နယ် ၂ – ၃ မန်ယူနိုက်တက်

ကွာတားဖိုင်နယ် (နှစ်ကျော့ပေါင်း ရလဒ်)
နာပိုလီ ၂ – ၂ တော့တင်ဟမ်*
ရက်ဘူးလိုက်ပ်ဇစ် ၇ – ၅ စီအက်ကေအေမော်စကို
အိုင်ယက် ၂ – ၃ ဆီဗီလာ
ပေါ်တို ၃ – ၅ မန်ယူနိုက်တက်

ဆီမီးဖိုင်နယ် (နှစ်ကျော့ပေါင်း ရလဒ်)
တော့တင်ဟမ် ၅ – ၃ ရက်ဘူးလိုက်ပ်ဇစ်
ဆီဗီလာ ၁ – ၃ မန်ယူနိုက်တက်

ဖိုင်နယ်
တော့တင်ဟမ် ၁ – ၀ မန်ယူနိုက်တက်

SM