ယာဂန်ကလော့က လီဗာပူး အတွက် ချန်ပီယံလိဂ် ဖလား ဆွတ်ခူးနိုင်ဖို့ဟာ အရင်ကထက် ပိုမို ခက်ခဲ လိမ့်မယ်လို့ သတိပေး လိုက်ပြီး လီဗာပူး နည်းပြက ဒီရာသီ ပြိုင်ပွဲမှာ ရူးလောက်စရာ အရည်အသွေးတွေ ရှိနေတယ်လို့ ထောက်ပြ သွားပါတယ်။ ဥရောပ ချန်ပီယံ လီဗာပူး အသင်းဟာ ယနေ့ညနေ မိုနာကိုမှာ ပြုလုပ် သွားမယ့် အုပ်စုအဆင့် မဲခွဲပွဲမှာ ၎င်းတို့ရဲ့ ချန်ပီယံ ကာကွယ်ရေး လမ်းကြောင်း ဘယ်လို စတင် သွားရမလဲ ဆိုတာ သိရမှာ ဖြစ်ပါတယ်။

ချန်ပီယံ လီဗာပူးဟာ မဲအိုး ၁ မှာ ယူရိုပါလိဂ် ချန်ပီယံ ချဲလ်ဆီး ၊ ပြည်တွင်း အမှတ်ပေးဖလား ချန်ပီယံတွေ ဖြစ်တဲ့ ဘာစီလိုနာ ၊ မန်စီးတီး ၊ ပီအက်ဂျီ ၊ ယူဗင်တပ် ၊ ဘိုင်ယန်မြူးနစ် ၊ ဇင်းနစ် တို့နဲ့ အတူ ပါဝင်နေပါတယ်။ သို့ပေမယ့်လည်း မဲအိုး ၂ မှာ ရီးရဲယ် ၊ အက်သလက်တီကို ၊ ဒေါ့မွန် ၊ နာပိုလီ တို့လို အသင်းတွေ ပါဝင်နေတာကြောင့် တောင့်တင်းနေပါတယ်။

ကလော့က “ကျွန်တော်တို့ ချန်ပီယံလိဂ် အကြောင်းကို ဘာမှ မတွေးရ သေးပါဘူး။ ဒါပေမယ့် တစ်ချိန်မှာ တစ်စုံတစ်ဦးက ဒီအုပ်စုတွေ အကြောင်း ကျွန်တော့်ကို လာပြောပြီး ဘယ်လို ဖြစ်လာနိုင်မလဲ လို့ မေးခဲ့မယ် ဆိုရင် အခု မဲအိုး ၂ ထက် တောင့်တင်းခဲ့တဲ့ ဘယ်တုန်းကမှ မရှိခဲ့ဘူးလို့ ကျွန်တော် ထင်ပါတယ်။

ဒါဟာ ရူးလောက်စရာပါ။ သူတို့ အားလုံး မဲအိုး ၁ မှာ ပါဝင်သင့်တဲ့ အသင်းတွေပါ။ ဒါပေမယ့် ဒီမှာ လုံလောက်တဲ့ နေရာ မရှိပါဘူး။ အခု မဲအိုး ၃ ထက် တောင့်တင်းခဲ့တာ ဘယ်တုန်းကမှ မရှိခဲ့ဘူးလို့ ကျွန်တော် ထင်ပါတယ်။ အကယ်လို့များ လူတွေဟာ စူပါလိဂ် အကြောင်း စဉ်းစား နေမယ် ဆိုရင် ဒါဟာ မလိုအပ်ပါဘူး။ ဒါပါပဲ။ ပြီးတော့ မဲအိုး ၄ မှာ ကျွန်တော်တို့ အနေနဲ့ ရက်ဘူးလိုက်ပ်ဇစ်လို အသင်း နဲ့ ကျနိုင်ပါသေးတယ်။ wow~ အရမ်း ကောင်းတဲ့ အုပ်စုတွေ ဖြစ်လာမှာပါ။

ဘယ်အသင်း ချန်ပီယံလိဂ် ဖလား ဆွတ်ခူး နိုင်မလဲ ဆိုတာ ကျွန်တော်လည်း မသိပါဘူး။ ကျွန်တော်တို့ကလည်း အခြားသူတွေလို တူညီတဲ့ အခွင့်အရေး ရှိပါတယ်။ ဒါပေမယ့် အင်္ဂလန် အသင်းတွေ လွှမ်းမိုး နေတယ်လို့တော့ ကျွန်တော် မမြင်မိပါဘူး။” လို့ ဆိုလိုက ပါတယ်။

ဆက်လက်ပြီး ကလော့ က “ကျွန်တော် ကတော့ အသင်းတော်တော် များများ အခွင့်အရေးကောင်း ရှိနေတယ်လို့ ထင်ပါတယ်။ ဘိုင်ယန်မြူးနစ် ကလည်း အခု ဆိုရင် ပါရီဆစ် နဲ့ ကော်တင်ညို တို့ကို ခေါ်ယူ ထားနိုင်ခဲ့ပြီး ဒါဟာ တကယ့်ကို အင်အားကြီးမား သွားစေပါတယ်။

လက်ရှိ ဒေါ့မွန် အသင်း ပိုင်ဆိုင်ထားတဲ့ လူအင်အားကိုလည်း ကြည့်လိုက်ပါ။ ကျွန်တော်တို့ဟာ သူတို့ထက် ပိုမိုတောင့်တင်းနေလား ကျွန်တော့်ကို ပြောပါဦး။ ဒါဟာ မယုံနိုင်ဖွယ် ပါပဲ။ သူတို့ဟာ ပွဲထွက် လူစာရင်းကို ငါးနေရာလောက် အပြောင်းအလဲ လုပ်နိုင်ပါတယ်။ အရည်အသွေးမြင့် အသင်းတွေ အများကြီး ရှိပါသေးတယ်။ ယူဗင်တပ် တို့ ပီအက်ဂျီ တို့လည်း ချန်ပီယံဆု အတွက် အသင့် ရှိနေကြပါတယ်။ ဘာတွေပဲ ဖြစ်ဖြစ် သူတို့ဟာ ဖြေရှင်းချက်တွေ ရှာဖွေ သွားမှာပါ။ ရီးရဲယ်မက်ဒရစ်? သူတို့ ဒီဖလားကို အလျော့ပေးသွားမယ်လို့ ခင်ဗျား ထင်လို့လား?” လို့ ဆိုသွားပါတယ်။

ကလော့က သူတို့ဟာ ဖိုင်နယ်သို့ တက်ရာ လမ်းကြောင်းမှာ ကံကောင်းမှုတွေ လိုအပ် ခဲ့တယ်လို့ ၀န်ခံလိုက်ပေမယ့် လာမည့် ရာသီ အစ္စတန်ဘူမှာ ကျင်းပသွားမယ့် ချန်ပီယံလိဂ် ဖိုင်နယ်ကို တက်ရောက် နိုင်မယ့် ဘယ်အသင်း မဆို ဒါမျိုး လိုအပ်မှာပဲလို့ ဆိုလိုက်ပါတယ်။

ကလော့က “ပြီးခဲ့တဲ့ နှစ်က ဘာစီလိုနာ နဲ့ ပွဲမှာ ကျွန်တော်တို့ဟာ နောက်တဆင့် အတွက် ထိုက်တန်မှု ရှိတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကံလည်း ကောင်းခဲ့ပါတယ်။ တော့တင်ဟမ် ကလည်း အိုင်ယက်နဲ့ ပွဲမှာ ကံကောင်း ခဲ့ပါတယ်။ ဆီမီးဖိုင်နယ် ပထမပွဲအပြီး လူတွေဟာ ဖိုင်နယ်မှာ အိုင်ယက် vs ဘာစီလိုနာ ဖြစ်လာမယ်လို့ ပြောခဲ့ကြမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် တော့တင်ဟမ် နဲ့ လီဗာပူး တို့ ဖြစ်သွားခဲ့ ပါတယ်။

ယူရိုပါလိဂ် မှာတောင်မှ ချဲလ်ဆီးဟာ အကောင်းဆုံး ရာသီကို ပိုင်ဆိုင် ခဲ့တဲ့ ဖရန့်ဖတ် နဲ့ပွဲမှာ ကံကောင်းခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အရာအားလုံး အတွက် တကယ့်ကို တိုက်ပွဲဝင် သွားရမှာပါ။” လို့ ဆိုလိုက်ပါတယ်။

SM