စီးရီးအေ ထိပ်သီး ဂျူဗီအသင်း ဟာ ပြည်တွင်းပြိုင်ပွဲတွေမှာ ချန်ပီယံ ဆုတွေ ဆက်တိုက်ရယူထားနိုင်ခဲ့ပေမယ့်ဥရောပ ချန်ပီယံလိဂ်ပြုင်ပွဲမှာတော့ အောင်မြင်မှုတွေ နဲ့ ဝေးကွာနေခဲ့တာ ကာလကြာနေပြီဖြစ်ပါတယ်။သူတို့ဟာပြီးခဲ့တဲ့ နှစ်တွေအတွင်း ဆုဖလားကြီး နဲ့ နီးနီးကပ်ကပ် အနေအထားမျိုး ပိုင်ဆိုင်ခဲ့ပေမယ့် ကပ်လွဲနေခဲ့ရတာလည်းဖြစ်ပါတယ်။

ဒါကြောင့် လည်း သူတို့ကို ဒုက္ခပေးထားခဲ့ဖူးသလို ချန်ပီယံလိဂ်လူသားလို့တောင် ဆိုရမယ့် ရော်နယ်ဒိုကို ပေါင်သန်း ၁၀၀ အထိပေးချေပြီး ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ဒီပေါ်တူဂီသားကြီးရဲ့ဦးဆောင်မှုနဲ့ အတူ ယမန်နှစ်က သူတို့ရဲ့ ကြိုးပမ်းမှု ဟာ ဟော်လန် ထိပ်သီးအေဂျက် အသင်းရဲ့ လူငယ်လေးတွေနဲ့ အတွေ့မှာ ရပ်တန့်ထားခဲ့ရတာဖြစ်ပါတယ်။

ထိုစဉ် က အေဂျက် အသင်းကို ဦးဆောင်ခဲ့ တဲ့ အသင်းခေါင်းဆောင် ဒီလစ်ဂ်ျဟာ လည်း အခုချိန်မှာတော့ တူရင်မြေကို ရောက်ရှိနေပြီဖြစ်ပါတယ်။ဒါကြောင့်လည်း ဆက်ဇီနီက သူတို့ ၂ဦးကြောင့် ဂျူဗီအသင်း ချန်ပီယံလိဂ်ကနေ ထွက်ရတော့မှာ မဟုတ်ဘူးလို့ အရွှန်းဖောက်ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

Sky Sports Italia နဲ့ အင်တာဗျူးမှာ ဆက်ဇီနီက – ” ဒီလစ်ဂ်ျနဲ့ ရော်နယ်ဒိုတို့က ကျွန်တော်တို့ ဂျူဗီအသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာရအောင် ဘယ်တော့မှ လုပ်နိုင်တော့ မှာမဟုတ်ပါဘူး။ဒါကြောင့် လည်း ဒီပြိုင်ပွဲမှာဗိုလ်စွဲဖို့ ကျွန်တော်တို့ ပိုကောင်းတဲ့အခွင့်အရေးမျိုး ပိုင်ဆိုင်နေပြီမဟုတ်လားဗျာ။

ဒါက ကျွန်တော်ခင်ဗျားတို့ကို ဟာသာအနေနဲ့ ပြောတာသာဖြစ်ပါတယ်။ကျွန်တော်ဟာ ဒီအကြောင်းကို စဉ်းတောင် မစဉ်းစားနေပါဘူး။အခုချိန်မှာ တော့ ကျွန်တော်တို့ ရဲ့ စိတ်တွေဟာ နာပိုလီနဲ့ ကစားရမယ့် ပွဲတခုတည်းအတွက်ကိုပဲအာရုံစိုက်နေကြပါတယ် ” လို့ပြောခဲ့တာဖြစ်ပါတယ်။

ဂျူဗီအသင်းဟာနောက်ပိုင်းနှစ်တွေအတွင်းစီးရီးအေ မှာတကောင်တည်းပြေနေခဲ့ပေမယ့် အခုနှစ်မှာတော့ ပြိုင်ဘက်အသင်းတွေက လည်း အားဖြည့်မှုတွေပြုလုပ်ထားခဲ့ကြတာဖြစ်ပါတယ်။နာပိုလီနဲ့စောစောစီးစီး ရင်ဆိုင်သွားရဖို့ရှိနေတဲ့ အပေါ် ဆက်ဇီနီက –

” နာပိုလီအသင်းနဲ့ တန်းပြီးရင်ဆိုင်ရလို့လည်း ဘာပြသနာမှတော့ မရှိပါဘူး။ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ဟာ ပြိုင်ဘက် အသင်းတိုင်းကို ၂ ကြိမ်ရင်ဆိုင်ရဖို့ ရှိနေလို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေ အတွင်းမှာ နာပိုလီအသင်းက ကျွန်တော်တို့ကို အခက်တွေ့အောင် လုပ်ဆောင်ထားခဲ့ဖူးပေမယ့် သူတို့ အသင်းနဲ့ ရင်ဆိုင်ရမယ့် ဒီပွဲကို ကစားဖို့ မစောင့်နိုင်တော့ပါဘူး ” လို့ပြောသွားခဲ့ပါတယ်။

ဂျူဗီအသင်းရဲ့ နည်းပြသစ် ဆာရီဟာ သူ့ရဲ့ အသင်းဟောင်း နာပိုလီနဲ့ ပွဲစဉ်ကိုအဆုတ်ရောင်ရောဂါ ကြောင့် ကွင်းအတွင်း ကနေ ဝင်ရောက်ကိုင်တွယ်နိုင်ဖို့မရှိတာဖြစ်ပါတယ်။ဆာရီနဲ့ပတ်သက်ပြီး ဆက်ဇီနီက – ” သူ့ရဲ့ နာပိုလီ အသင်းရဲ့ အံ့မခန်းဘောလုံးကစားပုံကိုကျွန်တော်မကြာခဏကြည့်ခဲ့ဖူးပါတယ်။

အခုတော့ သူက ဒီကိုရောက်နေပြီဖြစ်ပါတယ်။ကျွန်တော်ပြောနိုင်တာတခုကတော့ သူဟာကစားသမားတွေကိုအလုပ်အတော်လေး ကြိုးစားစေပါတယ်။အထူးသဖြင့်နည်းစနစ်ပိုင်းမှာဖြစ်ပါတယ်။အယ်လီဂရီလက်ထက်နဲ့ နှိုင်းယှဉ်ရမယ်ဆိုရင်တော့ ကျွန်တော်တို့အခုချိန်မှာဘောလုံးနဲ့ အတူ အလုပ်ပိုလုပ်လာနိုင်ခဲ့ပြီး ခံစစ်ကစားပုံလည်း မတူတော့ပါဘူး။

လာမယ့် ပွဲစဉ်ဟာ အကြိတ်အနယ်ကစားရမယ့် ပွဲတပွဲ ဖြစ်လာဖို့ရှိနေပြီး ဒီလိုပွဲတွေဟာ မကြာခဏ အနိုင်ရခဲ့ဖူးတယ်ဆိုရင်တော့ ခက်ခဲပါတယ်။အခုအပတ်ပွဲမှာလည်း ထပ်နိုင်မယ်လို့တော့ မျှော်လင့်ထားပါတယ်။လာဇီယို၊အင်တာ၊ နာပိုလီ၊ ရိုးမားတို့ရဲ့ အားဖြည့်ထားမှုတွေကြောင့် ခက်ခဲပြီး အသင်းညီတဲ့ လိဂ်တခုဖြစ်လာဖို့ရှိနေပါတယ် ” လို့ပြောခဲ့ပါတယ်။

SPORT MYANMAR