ယနေ့ နံနက်ပိုင်းမှာ ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ်ခြေစစ်ပွဲ အဆင့်နောက်ဆုံးပွဲစဉ်တွေ မှာတော့ အေဂျက်၊ ဘရုဂေး၊ ဆလားဗီးယားပရက်ဂ်အသင်းတွေ ကပြိုင်ဘက်တွေကို အနိုင်ယူပြီး အုပ်စု အဆင့်ကို တက်ရောက်လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ဒါကြောင့်အုပ်စု အဆင့်အတွက် အသင်းအစုံအလင် ရှိလာခဲ့ပြီး အုပ်ုစုမဲခွဲပွဲ အခမ်းအနားကိုတော့ ယနေ့ မှာကျင်းပသွားတော့မှာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲဟာ ဥရောပကလပ်အသင်းတွေရဲ့ အဆင့်အမြင့်ဆုံး ပြိုင်ပွဲတခုဖြစ်ပြီး ချန်ပီယံဆုကြီးကိုအသင်းတိုင်းမက်မောကြတာဖြစ်ပါတယ်။လက်ရှိချန်ပီယံကတော့ အင်္ဂလန်က လီဗာပူး အသင်းဖြစ်ပြီး ချန်ပီယံသစ် ဖြစ်လာဖို့ ရေပန်းစားနေတဲ့ အသင်း တွေကတော့ –

၁။ရီးရဲလ်မက်ဒရစ်

ပြီးခဲ့တဲ နှစ်ပြိုင်ပွဲမှာ အေဂျက် အသင်းကို အရေးနိမ့်ပြီး ထွက်ခဲ့ရပေမယ့် အဲ့ဒီအရင် ပြိုင်ပွဲငါးကြိမ်မှာတော့ ၄ကြိမ်အထိရီးရဲလ်အသင်းက ဗိုလ်စွဲထားတာဖြစ်ပါတယ်။အခုနှစ်မှာတော့ ဟာဇက်၊လူကာဂျိုဗစ် အစရှိတဲ့ကြယ်ပွင့်တွေကိုအားဖြည့်ထားပြီး ပေါ့ဘာကိုလည်းချိတ်ဆက်နေဆဲဖြစ်ပါတယ်။ရီးရဲလ်တို့ ဥရောပဘောလုံးလောကကိုတဖန်ပြန်အုပ်စိုးဖို့ ဆန္ဒပြင်းပြနေလောက်ပါပြီ။

၂။ဘာစီလိုနာ

ပြီးခဲ့တဲ့ ရာသီမှာ ချန်ပီယံလိဂ်ဖလားက သူတို့ရဲ့ အဓိက ပစ်မှတ်ဖြစ်ခဲ့ပေမယ့် ဆီမီးဖိုင်နယ်ဒုတိယအကျော့မှမထင်မှတ်တဲ့ဂိုးပြတ်ရှုံးပွဲကြုံတွေ့ပြီးလှည့်ပြန်ခဲ့ရတာဖြစ်ပါတယ်။အခုနှစ်မှာတော့ဂရစ်ဇ်မန်း၊ ဒီဂျောင်တို့ကို အားဖြည့်ထားပြီး ကစားသမားဟောင်းနေမာကိုပါ ပြန်ခေါ်ဖို့ ချိတ်ဆက်နေပါတယ်။

၃။ အေတီကို မက်ဒရစ်

ပြီးခဲ့တဲ့ နှစ်ဖိုင်နယ်ပွဲစဉ်ကို သူတို့ရဲ့ အိမ်ကွင်းမှာကျင်းပခဲ့တာဖြစ်ပေမယ့် ဒီအခွင့်အရေးကို အရယူနိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။အေတီကို အသင်းဟာနွေရာသီမှာတော့ အသင်းကို ကြီးကြီးမားမားအပြောင်းအလဲတွေပြုလုပ်ထားပါတယ်။ဒါပေမယ့်ကစားသမားသစ်တွေက အသားကျနေပုံရလို့ ဆီမြွန်ဏီရဲ့ဦးဆောင်မှုနဲ့ဥရောပ ခရီးကို တော်တော်ဝေးဝေး ခြေဆန့်နိုင်ဖို့ရှိနေပါတယ်။

၎။မန်စီးတီး

မန်စီးတီး နည်းပြဖြစ်လာအပြီး ဂွာဒီယိုလာမရဖူးသေးတဲ့ တခုတည်းသောအောင်မြင်မှုဖြစ်ပါတယ်။သူဟာဘာစီလိုနာကနေ ထွက်လာအပြီးကတည်းက ဒီပြိုင်ပွဲမှာ ရုန်းကန်နေခဲ့ရတာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းဟာ ရှိရင်းစွဲကစားသမားကောင်းတွေအပြင် ဟာနန်ဒက်၊ ကန်ဆယ်လို့ တို့ကိုပါ အခုနွေမှာအားဖြည့်ထားပါတယ်။

၅။လီဗာပူး

လက်ရှိချန်ပီယံ လီဗာပူးတို့ကို နည်းပြကြီး ကလော့ပ်ကပဲ ဦးဆောင်သွားမှာဖြစ်ပြီး နွေရာသီမှာတော့ အင်အားဖြည့်တင်းမှု မရှိသလောက်ဖြစ်ခဲ့ပါတယ်။ဒါပေမယ့် ဆာလတ်၊ ဖာမီနို၊ မာနေး တိုက်စစ်အတွဲကပြိုင်ဘက်တိုင်းကို ဒုက္ခပေးနေဦးမယ်ဆိုတာကတော့ သေချာပါတယ်။

၆။စပါး

ယမန်နှစ်ပြိုင်ပွဲ မှာသူတို့အသင်းသမိုင်းတလျှောက် ပထမဆုံးအဖြစ် ဖိုင်နယ်တက်ရောက်နိုင်ခဲ့လို့ လူအများကို အံ့အားသင့်စေခဲ့ပါတယ်။ဒါပေမယ့် ဆုဖလားနဲ့တော့ ကပ်လွဲခဲ့ရပါတယ်။ကစားသမားကောင်းတချို့ထပ်မံခေါ်ယူထားပေမယ့် ကွင်းလယ်ကြယ်ပွင့်အဲ့ရစ်ဆင်ရဲ့ အနာဂတ်ကလည်းမသေချာသေးတာဖြစ်ပါတယ်။ဒါ့အပြင်ထိပ်သီးအသင်းတွေအများကြီးနဲ့ ယှဉ်ပြိုင်သွားရဖို့က သူတို့ အတွက် မလွယ်နိုင်တာဖြစ်ပါတယ်။

 

၇။ ဂျူဗီ

ရော်နယ်ဒို တယောက်တည်းနဲ့ တင် ဂျူဗီ အသင်းကို ချန်ပီယံ စာရင်းသွင်းလို့ရနိုင်တာဖြစ်ပါတယ်။ဒီဂျောင်၊ ရမ်ဆေးလ်၊ ရားဘီးယော့တ် တို့ပါထပ်ရောက်လာလို့ ပိုပြီးတောင့်တင်းတဲ့ အသင်းတသင်းအဖြစ်ရှိနေပါတယ်။

၈။PSG

နေမာ ဆက်ရှိနေဖို့ မသေချာပေမယ့် ကာဗာနီ နဲ့ အမ်ဘာပေ တို့က တိုက်စစ်ကို ဆက်ပြီး ဦးဆောင်သွားဖို့ရှိနေပါတယ်။ဟာရဲယား လို ကွင်းလယ်ကြယ်ပွင့်တဦးကိုလည်း ရရှိထားလို့ သူတို့ရောက်သင့်သလောက် ခရီးပေါက်ဦးမှာဖြစ်ပါတယ်။

၉။ ဘိုင်ယန်မြူးနစ်

ရော်ဘင်နဲ့ ရစ်ဘာရီ တောင်ပံတစုံထွက်ခွာသွားပြီဖြစ်ပေမယ့် ပါရီဆစ်နဲ့ ကော်တင်ဟိုတို့ပြန်ရောက်ရိနေပါတယ်။ဒါ့အပြင် ခံစစ်မှာလည်း လူးကပ်စ်ဟာနန်ဒက်နဲ့ ပါဗက် တို့လို ကြယ်ပွင့်တွေကို အားဖြည့်ထားပါတယ်။

၁၀။ ဒေါ့မွန်

ပြီးခဲ့တဲ့ ရာသီ ဘွန်ဒက်လီဂါမှာ ဘိုင်ယန် အသင်းကို ဖိအားပေးနိုင်ခဲ့သလို အခုနှစ်မှာ လည်း ဒါကိုဆက်ထိန်းထားနိုင်နေပါတယ်။သော်ဂန်ဟာဇက် အပါအဝင် ကြယ်ပွင့် အချို့ကို ခေါ်ယူထားတဲ့ ဒေါ့မွန် အသင်းဟာ အများအံ့အားသင့်စရာတွေ လုပ်ပြဖို့တာဆူနေပါတယ်။

SM