melchiot

ချယ်လ်ဆီး အသင်း ဟာ ၂၀၁၉ – ၂၀၂၀ ဘောလုံး ရာသီ အတွက် ကစားသမားသစ် ခေါ်ယူခွင့် အပိတ် ခံထား ရတာကြောင့် လက်ရှိ အချိန် မှာ အသင်း ရဲ့ အကယ်ဒမီထွက် လူငယ် ကစားသမား တွေ ၊ အငှား က ပြန်ရောက် လာတဲ့ လူငယ် ခြေတက် တွေကို နေရာ ပေးနေတာ ကို တွေ့ရပါတယ် ။ လက်ရှိ ချယ်လ်ဆီး အသင်း ဟာ ရိုမန် အေဘရာမိုဗစ်ခ်ျ လက်ထက် မှာ အသက်အငယ်ဆုံး အသင်း လို့ ဆိုရင်လည်း မမှား နိုင်ပါဘူး ။

ထို့အပြင် ဖရန့် လမ်းပတ် လို နည်းပြ သက်တမ်း ၊ အတွေ့အကြုံ နည်းသေးတဲ့ မန်နေဂျာ တယောက် ကို အသင်း ရဲ့ နည်းပြ တာဝန် ကို ပေးအပ် ထားတာကလည်း ချယ်လ်ဆီး အသင်း အတွက် ထူးဆန်း တဲ့ လုပ်ရပ် တခုလို့ ဆိုရမှာ ဖြစ်ပါတယ် ။ သို့ပေမယ့် လည်း လမ်းပတ် ဟာ စီနီယာ ကစားသမား တွေနဲ့ လူငယ် ခြေတက် တွေကို အကောင်းဆုံး ချိတ်ဆက် ပေးနေပြီး တိုက်စစ် တွဲလုံး တွေနဲ့ လှပတဲ့ ကစားကွက် ကို ပုံဖော် နေတာကို တွေ့ရပါတယ် ။

ဒါဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ က လူငယ် ကြယ်ပွင့် အမြောက်အမြား မွေးထုတ် ခဲ့တဲ့ အေဂျက်ဇ် အသင်း ရဲ့ အနေအထား နဲ့ ဆင်တူ နေပါတယ် ။ လောလောဆယ် ချယ်လ်ဆီး အသင်း မှာ နောက်ထပ် တောက်ပ လာနိုင်တဲ့ အေဘရာဟမ် ၊ မောင့် ၊ အိုဒွိုင်း အစရှိတဲ့ လူငယ် ကစားသမား တွေကို ပိုင်ဆိုင် ထားပါတယ် ။ ယင်းနှင့် ပတ်သက်ပြီး ချယ်လ်ဆီး နောက်ခံလူ မာရီယို မယ်လ်ချော့တ် က အခုလို သုံးသပ် ပြောဆို ခဲ့ပါတယ် ။

 

မယ်လ်ချော့တ် က ” ချယ်လ်ဆီး အသင်း ဟာ သူတို့ရဲ့ ကစားသမားဟောင်း တွေကို နည်းပြ အဖွဲ့ မှာ အသီးသီး နေရာ ပေးထားပါတယ် ။ ဒါက ဘာကို ဆိုလိုလဲ ဆိုတော့ အသင်း ရဲ့ လူငယ် ကစားသမား တွေ အတွက် အခွင့်အရေး ပိုရလာတဲ့ သဘောပါ ။ ဒီလို အချိန် ကျွန်တော် ဟာ ချယ်လ်ဆီး အသင်း ရဲ့ လူငယ် ကစားသမား တယောက် ဆိုရင် အရမ်း စိတ်လှုပ်ရှား နေမိမှာပါ ။ ခင်ဗျား မှာ ကိုယ့် အတွက် ကစားခွင့် တွေ ပေးမယ့် နည်းပြ တယောက် ရှိနေပါပြီ ။ ”

” ဖရန့် ရဲ့ စိတ်ထဲမှာတော့ သူဟာ ချယ်လ်ဆီး အသင်း ကို တိုးတက်အောင် လုပ်ပေးနိုင်မယ် လို့ ယူဆ နိုင်ပါတယ် ။ သူဟာ ဒီ တနှစ် အတွင်း ကစားသမားသစ် ခေါ်ယူခွင့် မရှိနေဘူး ။ ဒါကြောင့်မို့ သူရဲ့ အနီးအနား က အသုံးပြုလို့ ရမယ့် ကစားသမား တွေကို အကျိုး ရှိရှိ အသုံးချ နေတာပါ ။ ဒါဟာ ခင်ဗျား ရဲ့ အခွင့်အရေးပါ ။ ကျွန်တော် ဟာ လူငယ် ကစားသမား တွေကို အခွင့်အရေး ပေးဖို့ ကိစ္စ နဲ့ ပတ်သက်ပြီး ချယ်လ်ဆီး အသင်း ကို ခဏခဏ တိုက်တွန်း ခဲ့ဖူးပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ ဒီ လူငယ်လေး တွေဟာ သူတို့ရဲ့ ပြိုင်ပွဲ တွေမှာ အောင်မြင်မှု တွေ ရရှိ ခဲ့တာကြောင့်ပါ ။ ”

” အခုတော့ ချယ်လ်ဆီး လူငယ် ကစားသမား တွေကို ကျွန်တော် တခု ပြောချင်ပါတယ် ။ ဒီနှစ် ဟာ မင်းတို့ရဲ့ နှစ် ဖြစ်တဲ့ အတွက် အခု အချိန် မှာမှ မကြိုးစားခဲ့ဘူး ၊ နောင်တချိန် မှာ နေရာ မရခဲ့ဘူး ဆိုရင် ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲ လို့ ပြောချင်ပါတယ် ။ လူငယ် ကစားသမား တွေပဲ ဖြစ်ဖြစ် ၊ စီနီယာ ကစားသမား တွေပဲ ဖြစ်ဖြစ် အကုန်လုံး ဟာ တန်းတူ ကြီးမားတဲ့ အခွင့်အရေး တွေကို ပိုင်ဆိုင် ထားကြပါတယ် ။ ”

” ဖရန့် ဟာ ယူ ၂၃ ပွဲစဉ် တွေကို လာရောက် အားပေး ခဲ့တာ ကို ကျွန်တော် တွေ့ခဲ့ပါတယ် ။ ဒီ လူငယ် တွေကို အသုံးလိုနိုင်တယ် ဆိုတာ သူသိနေပါပြီးသားပါ ။ ကျွန်တော် တို့ဟာ အေဂျက်ဇ် အသင်း ရဲ့ လမ်းစဉ် အတိုင်း သွားနေပြီ လို့ ထင်ပါတယ် ။ ဒီနှစ် အတွက်တော့ ချယ်လ်ဆီး ဟာ မနှစ်က အေဂျက်ဇ် လို ဖြစ်နေပါပြီ ။ လက်ရှိ အချိန် မှာ သူတို့ဟာ ကစားသမား တွေကို ထပ်ခေါ် လို့ မရတာကြောင့် လုပ်လို့ ရတာက လူငယ် တွေကို စင်တင် ပေးဖို့ပါ ။ ”

” အကယ်၍ ဥရောပ ဝင်ခွင့် တခုခု နဲ့ ဒီရာသီ ကို သိမ်းနိုင် ခဲ့မယ် ဆိုရင် ဒါဟာ သူတို့ အတွက် ကြီးမားတဲ့ အောင်မြင်မှု ဖြစ်နိုင်ပါတယ် ။ အခု အချိန် ချယ်လ်ဆီး အသင်း ဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဆုကို စိန်ခေါ် နိုင်မလား မေးရင် ပေါလွန်းတယ် လို့ ထင်ပါတယ် ။ သူတို့ဟာ လူငယ် ကစားသမား တွေကို ဆက်လက် ပျိုးထောင်မယ် ၊ အင်္ဂလန် ပြည်တွင်း က လူငယ် ခြေတက် တွေကို ခေါ်ဖို့ ကြိုးစား သွားမယ် လို့ ယူဆ မိပါတယ် ။ ”

” ပြည်တွင်း ကစားသမား တွေကို ခေါ်ယူ ပျိုးထောင် ပေးတာကိုက အောင်မြင်ခြင်း တမျိုး ပါပဲ ။ ချယ်လ်ဆီး လူငယ် ကစားသမား တွေဟာ ပြည်တွင်း လူငယ် ပြိုင်ပွဲ တွေမှာ အရမ်း အောင်မြင် ခဲ့ကြတယ် ဆိုတာ ခင်ဗျား တို့လည်း သိမှာပါ ။ ဒါပေမယ့် တကယ့် အောင်မြင်မှု အကြီးစား က အခုအခါ စီနီယာ အသင်း အတွက် ကစားခွင့် ရနေခြင်း ဖြစ်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR