အဲဗာတန်၊ နယူးကာဆယ်၊စပါး အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ အင်္ဂလန် ကွင်းလယ်ကစားသမားဟောင်းကြီး ဂတ်စကွိုင်းနီကမန်စီးတီး အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကြီးကို ၃နှစ် ဆက် ရယူသွားလိမ့်မယ် လို့ ဟောကိန်းထုတ်လိုက်ပါတယ်။ဒါ့အပြင် မြို့ခံပြိုင်ဘက် ယူနိုက်တက် အသင်းကလည်း အာဆင်နယ်နဲ့ ချဲဆီးလ်တို့ကို ကျော်ပြီးချန်ပီယံလိဂ်ဝင်ခွင့် ရသွားလိမ့်မယ် လို့ သူက ဆိုသွားခဲ့ပါတယ်။

တိုက်စစ် မှူး ဟောင်းတဦးဖြစ်တဲ့ ဆိုးလ်ရှားကို နည်းပြသစ် အဖြစ် ခန့်အပ်ထားတဲ့ ယူနိုက်တက် အသင်းဟာ ယမန်နှစ်ရာသီ ပရီးမီးယားလိဂ်မှာ အဆင့်၆ နေရာသာရခဲ့လို့ ယူရိုပါလိဂ်ပြိုင်ပွဲသာဆင်နွှဲရတော့မှာဖြစ်ပါတယ်။အခုရာသီသစ်မှာလည်း ၃ပွဲကစားထားအပြီး ၄မှတ်သာရထားသေးပေမယ့် ဂတ်စ်ကွိုင်းန်က အခုလို ခန့်မှန်းလိုက်တာ ဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဟာ နွေရာသီဈေးကွက် အတွင်း မှာ ငွေကြေး အလုံး အရင်း သုံးစွဲပြီး ဘစ်ဆာကာ၊ မက်ဂွိုင်းယား၊ ဒန်နီရယ်ဂျိန်းစ် တို့ကို ခေါ်ယူထားခဲ့ပေမယ့် ရလဒ်တွေ ထင်သလောက်တော့ ကောင်းမွန်နေခဲ့ခြင်း မရှိထားသေးတာဖြစ်ပါတယ်။ယမန်နှစ်က ချန်ပီယံဆုအတွက် မန်စီးတီး အသင်းကို နောက်ဆုံး အချိန်အထိ ဖိအားပေးနိုင်ခဲ့တဲ့ လီဗာပူးတို့ကတော့အင်အားတောင့်တင်းနေဆဲဖြစ်ပြီး ၃ပွဲကစားအပြီး ၃ပွဲလုံးအနိုင်ရတဲ့ တခုတည်းသောအသင်းအဖြစ် အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။

ဒါပေမယ့် နည်းပြ ကြီး ဂွာဒီယိုလာရဲ့ ဦးဆောင်မှုနဲ့ အတူ မန်စီးတီး အသင်းကပဲ၃ နှစ်ဆက် ရယူသွားနိုင်မယ်လို့ ဂတ်စကွိုင်းနီက ယုံကြည်နေတာဖြစ်ပါတယ်။ဟာနန်ဒက်စ် ၊ ကန်ဆယ်လို အစရှိတဲ့ ကစားသမား သစ် တွေရဲ့ စွမ်းအားနဲ့ အတူ ရှိရင်းစွဲ ကစားသမားကောင်းတွေကြောင့် အခုလိုဖြစ်နိုင်မယ်လို့ လည်းသူက ယူဆနေတာဖြစ်ပါတယ်။

သူ့ရဲ့ အသင်းဟောင်းတသင်းဖြစ်ပြီး ယမန်နှစ်က ချန်ပီယံ လိဂ်ဖိုင်နယ် အထိရောက်ရှိခဲ့တဲ့ စပါးအသင်းကတော့ ယမန်နှစ် လိဂ်ရပ်တည်မှု ထက် တဆင့်မြင့်တဲ့ တတိယနေရာမှာ ရပ်တည်သွားနိုင်မယ်လို့ ဂတ်စ်ကွိုင်းနီကယုံကြည်နေပါတယ်။မန်ချက်စတာညနေခင်း သတင်းစာနဲ့ အင်တာဗျူး မှာ ဂတ်စ်ကွိုင်းနီက-

” မန်စီးတီး အသင်း မှာ ကွင်းအတွင်းနေရာတိုင်း အတွက် အစားထိုးနိုင်မယ့် ကစားသမားတွေ ရှိနေတာဖြစ်ပါတယ်။စပါး နည်းပြကြီး ပိုချက်တီနို အနေနဲ့ ကတော့ လာမယ့် အပြောင်း အရွှေ့ဈေးကွက် အတွင်း ကစားသမားတွေ ထပ်ခေါ်ဖို့ လိုပါသေးတယ်။

လီဗာပူး အသင်းကတော့ အရင်လိုကောင်းကောင်းကြီး အင်အား တောင့်တင်းနေဆဲ ဖြစ်ပါတယ်။ဒါပေမယ့် မန်စီးတီးအသင်းကို ရပ်တန့် နိုင်မယ့်သူတဦးတယောက်မှ ကျွန်တော်မမြင်မိပါဘူး။မန်စီးတီးအသင်းဟာ ဝယ်ယူအားဖြည့်မှုတွေဆက်လုပ်နေဦးမှာဖြစ်ပြီး ကြောက်စရာတောင် ကောင်းပါတယ်။

 

 

ကျွန်တော်ထင်ပါတယ်၊ မန်စီးတီး၊ လီဗာပူး ၊ စပါး နဲ့ယူနိုက်တက် အသင်းတွေကပဲ ထိပ်ဆုံး လေးသင်း နေရာတွေကို ရရှိသွားကြ ပါလိမ့်မယ်။အာဆင်နယ်အသင်းကလည်း ကောင်းမွန်တဲ့ ဘောလုံး ကစားပုံနဲ့ အတူ ကစားနေတယ် လို့လည်းကျွန်တော်ယူဆပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

SM