ချယ်လ်ဆီး အသင်း ရဲ့ ဆယ်ကျော်သက် လူငယ် တောင်ပံ ကစားသမား ဟတ်ဒ်ဆန် အိုဒွိုင်း ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကုန်မှာ ရခဲ့တဲ့ ခြေကျင်းဝတ် ဒဏ်ရာ ကြောင့် ကာလရှည် အနားယူ နေခဲ့ရာ အခု အခါမှာတော့ ဒဏ်ရာ က ပြန်လည် သက်သာ လာပြီး အသင်း နဲ့ အတူ လေ့ကျင့်မှု တွေ ပြန်လည် ပြုလုပ် နေပြီ ဖြစ်ပါတယ် ။

အိုဒွိုင်း ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ အတွင်းမှာ ချယ်လ်ဆီး အတွက် ကစားခွင့် တချို့ ရရှိ ခဲ့ပြီး ထို အတောအတွင်း မှာပဲ သူ့ရဲ့ ပင်ကို စွမ်းရည်ကောင်း တွေကို ထုတ်ပြ နိုင်ခဲ့ပါတယ် ။ ထို့ အတွက်ကြောင့် ဂျာမန် ထိပ်သီး ဘိုင်ယန်မြူးနစ် အသင်း ဟာ ၄င်းကို ခေါ်ယူဖို့ အကြိမ်ကြိမ် ချဉ်းကပ် ခဲ့ပါတယ် ။ အိုဒွိုင်း ဖက်ကလည်း ထို ကမ်းလှမ်းမှု တွေကြောင့် ချယ်လ်ဆီး အသင်း နဲ့ စာချုပ်သစ် မှာ လက်မှတ် ရေးထိုးဖို့ အကြိမ်ကြိမ် တွန့်ဆုတ် ခဲ့ရပါတယ် ။

နောက်ပိုင်း သတင်း တွေ အရတော့ အိုဒွိုင်း ကို ချယ်လ်ဆီး အသင်း ဟာ များပြားလှတဲ့ တပတ် လုပ်ခ ပေါင် ၁၈၀၀၀၀ ပေးပြီး ကမ်းလှမ်း ထားပါတယ် ။ လောလောဆယ် မှာတော့ လူငယ် တွေကို နေရာ ပေးနေတဲ့ ဖရန့် လမ်းပတ် လက်အောက် မှာ အိုဒွိုင်း ရဲ့ ခြေစွမ်း ဘယ် အတိုင်းအတာ အထိ ရှိလာ နိုင်မလဲ ဆိုတာ စောင့်ကြည့် ရမှာ ဖြစ်ပါတယ် ။

ယခုနှစ် ရာသီ အိုဒွိုင်း ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး ချယ်လ်ဆီး နောက်ခံလူဟောင်း မယ်လ်ချော့တ် က ” ပုံမှန် ခြေစွမ်း ရနေတဲ့ အချိန် အိုဒွိုင်း ဟာ ခံစစ် ကစားသမား တယောက် ကို ကောင်းကောင်း ဒုက္ခ ပေးနိုင်စွမ်း ရှိပါတယ် ။ မနှစ် က ပုံစံ အတိုင်းသာ သူ ပြန်လာ နိုင်မယ် ဆိုရင် အနာဂတ် မှာ သူဟာ ချယ်လ်ဆီး အသင်း ရဲ့ အားအထားရဆုံး လူငယ် ကစားသမား တယောက် ဖြစ်လာနိုင် ပါတယ် ။ ”

” ကျွန်တော် ဟာ အိုဒွိုင်း ကို နှစ်သက်ပါတယ် ။ ပြီးခဲ့တဲ့ ရာသီ က အရေးကြီးတဲ့ အချိန် မှာ သူ ဒဏ်ရာ ရသွား ခဲ့တော့ ကျွန်တော် အရမ်း ဝမ်းနည်း ခဲ့ရပါတယ် ။ ဟာဇတ် က ဘယ်တောင်ပံ မှာ ၊ သူက ညာတောင်ပံ မှာ ကိုယ့် တာဝန် ကိုယ်ယူပြီး ကစား နေခဲ့တာ တွေ့ရတော့ ဒါဟာ ချယ်လ်ဆီး အတွက် တကယ် ကို ပြီးပြည့်စုံ တဲ့ တောင်ပံ ၂ဖက် လို့ စိတ်ထဲက ယူဆ ခဲ့မိပါတယ် ။ အိုဒွိုင်း ဘောလုံး ရနေချိန် မှာ သူဟာ ပြိုင်ဖက် ကစားသမား တွေကို တယောက်ချင်း ကျော်ဖြတ် နိုင်ပါတယ် ။ ”

” အခုဆို ပူလီဆစ် ဟာ ဟာဇတ် လို ချယ်လ်ဆီး ပရိသတ် တွေရဲ့ အချစ်တော် ကစားသမား ဖြစ်လာအောင် လုပ်ရပါတော့မယ် ။ အိုဒွိုင်း သာ ပြန်ကစား ပေးနိုင်မယ် ဆိုရင် သူဟာ အရင် ကထက် ၂ဆ ပိုပြီး ကြိုးစား ပေးရပါမယ် ။ ပါးနပ်မှု ရှိဖို့လည်း လိုလာမှာ ဖြစ်သလို ၊ အခက်အခဲ တွေ ၊ ဖိအားဒဏ် တွေကိုလည်း ကြံ့ကြံ့ခံ နိုင်ဖို့ လိုလာပါမယ် ။ လူတချို့ ဟာ သူ့ အကြောင်း ကို သေသေချာချာ မသိသေးတာကြောင့် ဝေဖန်မှု တချို့ ဒဏ်ကနေ လွတ်နိုင်ပါတယ် ။ ”

” အိုဒွိုင်း ဟာ အင်္ဂလန် လက်ရွေးစင် အသင်း မှာလည်း ကစား ခဲ့ဖူးပါပြီ ။ သူဟာ နိုင်ငံ အဆင့် ကစားသမား တယောက် ဖြစ်နေပါပြီ ။ ခြေစွမ်း ကလည်း ထပ်ပြီး မြင့်တက် လာဖို့ပဲ ရှိတာကြောင့် သူ ဘာကြောင့် ချယ်လ်ဆီး ကနေ ထွက်ခွာဖို့ စဉ်းစား နေရတာလဲ ဆိုတာ ကျွန်တော် နားလည် မိပါတယ် ။ ခင်ဗျား ဟာ လူငယ် ကစားသမား တယောက် ဖြစ်ပြီး အကယ်ဒမီ က အသင်း နဲ့ အတူ အောင်မြင် ထားခဲ့ဖူးတဲ့ သူ တယောက် ၊ အတွေ့အကြုံ နည်းနည်းလည်း ရှိတာတဲ့ အပြင် ကစားဖို့ အသင့် ဖြစ်နေတဲ့ အနေအထား မှာ နည်းပြ က ပွဲထွက်ခွင့် မပေးရင် ဘာပဲ ပြောပြော စိတ်ပျက် မိမှာပါ ။ ”

” အိုဒွိုင်း ဟာ လက်ရွေးစင် အသင်း မှာလည်း အရွေးခံ ခဲ့ရပြီးပြီ ။ ဘိုင်ယန်မြူးနစ် လို အသင်းကြီး တသင်း ကလည်း လိုလိုလားလား နဲ့ ပွဲထွက်ခွင့် တွေ ပေးမယ် ဆိုတဲ့ မက်လုံး နဲ့ ကမ်းလှမ်း လာတယ် ၊ သူ့ကိုယ်သူလည်း မေးခွန်း ထုတ်ခဲ့ပါလိမ့်မယ် ၊ ငါ ဘာကြောင့် ချယ်လ်ဆီး အသင်း မှာ ဆက်နေရမှာလဲ ပေါ့ ။ အဲ့ဒီ အတွက် ကျွန်တော် သူ့ရဲ့ စိတ်ကို နားလည် မိပါတယ် ။ ချယ်လ်ဆီး ကနေ ထွက်ခွာဖို့ စဉ်းစား မိတဲ့ အတွက် ချယ်လ်ဆီး ပရိသတ် တွေဟာ အိုဒွိုင်း အပေါ် စိတ်ပျက် ခဲ့မယ် ဆိုတာလည်း ကျွန်တော် ခံစား မိပါတယ် ။ ”

” ဒါပေမယ့် ကျွန်တော် ကိုယ်တိုင် လည်း ဘောလုံးသမား တယောက် ဖြစ်ခဲ့ဖူးပါတယ် ။ ဘယ် ဘောလုံးသမား မှ ကိုယ် ကိုယ်တိုင် ကစားခွင့် မရပဲ သူများ ကစားတာ ကို ထိုင်မကြည့်ချင်ပါဘူး ။ ကလပ် တသင်း အတွက် ပွဲထွက် ကစားဖို့ ကိုယ့်မှာ အရည်အချင်း ရှိတယ် ဆိုရင် ကစားခွင့် ရကို ရသင့်ပါတယ် ။ ဒါမှမဟုတ် အိုဒွိုင်း ဟာ သူ့ရဲ့ အခြေအနေ တချို့ ကို ကိုင်တွယ် ဆုံးဖြတ် ရာမှာ လိုအပ်ချက် တွေ ရှိနေသေးလို့လည်း ဖြစ်နိုင်ပါတယ် ။ ဒါဟာ ငွေရေးကြေးရေး အပိုင်းနဲ့ နည်းနည်း သက်ဆိုင် သွားပါပြီ ။ ”

” သူ ကိုယ်တိုင် ကတော့ သူ့မှာ ပင်ကိုယ် စွမ်းရည်ကောင်း တွေ ရှိနေတယ် ဆိုတာ သိနေပါတယ် ။ ကလပ် အသင်း ကတော့ သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး ကိုင်တွယ် နေတယ် ဆိုတာ ကျွန်တော် တို့ အပြည့်အဝ မသိရပါဘူး ။ ဒါပေမယ့် အရေးကြီးဆုံး အရာ က သူဟာ ချယ်လ်ဆီး အသင်းသား ဖြစ်နေဆဲပါပဲ ။ သူ့ အနေနဲ့ ဒဏ်ရာ ကနေ အမြန်ဆုံး ပြန်လာပြီး ချယ်လ်ဆီး အသင်း နဲ့ အတူ ဆက်လက် တောက်ပ ဖို့ ကျွန်တော် မျှော်လင့် မိပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR