Sanchez

အလက်ဆစ် ဆန်းချက် ကတော့ စီးရီးအေ ကလပ် အင်တာ မီလန် အသင်း ဆီ ရာသီကုန် အထိ အငှား ပြောင်းရွှေ့ ခဲ့ပြီ ဖြစ်ပါတယ် ။ ဒါဟာ အာဆင်နယ် ကနေ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ လာခဲ့ အပြီး လပေါင်း ၂၀ ခန့်သာ ကြာမြင့်ချိန် မှာ ဖြစ်လာ ခဲ့တာ ဖြစ်ပြီး ချီလီ သား ရဲ့ အိုးထရက်ဖိုဒ့် ကျရှုံးမှု တွေကို သိသာ မြင်သာ စေခဲ့ ပါတယ် ။ အာဆင်နယ် ဂန္ထ၀င် အီယန်ရိုက် ကတော့ ဆန်းချက် ကို လက်လွှတ် ရမှု အတွက် အာဆင်နယ် ပရိသတ်တွေ ၀မ်းနည်းနေမှာ မဟုတ်ဘူးလို့ ဆိုသွားခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ ဆန်းချက် ကို မန်စီးတီး လက်ထဲ ကနေ ဖြတ်ခေါ် ခဲ့ပြီး ပရီးမီးယားလိဂ် ရဲ့ လုပ်ခ အများဆုံး ကစား သမား ဖြစ်လာ စေခဲ့ ပါတယ် ။ ဒါပေမယ့် ချီလီ သား ဟာ ယူနိုက်တက် ကို ရောက်လာတဲ့ လ ၂၀ အတွင်း ပွဲ အနည်းငယ် သာ ကစားခဲ့ ရသလို သွင်းဂိုးလည်း အလွန် နည်းခဲ့ ပါတယ် ။

ဒါ့အပြင် ဆန်းချက် ရဲ့ လုပ်ခ များပြားမှု ဟာ အသင်း အတွင်း မတည်ငြိမ်မှု တွေ ကို ဖြစ်စေ ခဲ့ပြီး လုပ်ခ လစာ တိုးမြှင့် တောင်းဆိုလိုသူ တွေ ပေါ်ပေါက် လာခဲ့ ပါတယ် ။ ဒါကြောင့် ဆိုးရှား ဟာ ဆန်းချက် ကို အသင်း ကနေ ထွက်ခွာ စေဖို့ လုပ်ဆောင် လာခဲ့ ရပါတော့တယ် ။

ဆန်းချက် ဟာ ယူနိုက်တက် ကို အလုံးစုံ ကျရှုံး တဲ့ အပြောင်းအရွှေ့ တစ်ခု ဖြစ်စေခဲ့ ပါတယ် ။ အင်တာ ကို အငှားချ ထားစဉ် မှာ လည်း ဆန်းချက် ရဲ့ တစ်ပတ် လုပ် ပေါင် ၄ သိန်း ရဲ့ ၄၀% ကို ယူနိုက်တက် ဘက်က ပေးချေ နေရဦးမှာ ဖြစ်တာကြောင့် မိအေး ၂ ခါ နာ အဖြစ်မျိုး နဲ့ ကြုံတွေ့ ရဦးမှာ ပဲဖြစ် ပါတယ် ။ ရာသီ အကုန် မှာ အပြီးသတ် ၀ယ်ယူ ခွင့် ကိုတော့ ယူနိုက်တက် ဘက်က ငြင်းပယ် ခဲ့ပြီး ဆန်းချက် အနေနဲ့ စီးရီးအေ မှာ ခြေစွမ်းပြန်ပြပြီး ဈေးတက် လာဖို့ မျှော်လင့် နေတယ် လို့ မန်ချက်စတာ ညနေခင်း သတင်းစာ က ရေးသား ဖော်ပြ သွားခဲ့ ပါတယ် ။

ဒီလိုမျိုး အကျိုး အမြတ် ရနိုင် စရာ နည်းလမ်း မရှိပေမယ့် ယူနိုက်တက် ကတော့ ဆန်းချက် ကို လက်လွှတ် ဖို့ ဆုံးဖြတ် ခဲ့ ပါတယ် ။ အဓိက အကြောင်း အရင်း ကတော့ ပေါလ် ပေါ့ဘာ ကြောင့် ပါပဲ ။ ပြင်သစ်သား ဟာ လုပ်ခ လစာ ကိစ္စ တွေ နဲ့ စာချုပ်သက်တမ်း တိုးဖို့ ကို မတင်မကျ လုပ်နေပြီး ယူနိုက်တက် တာဝန် ရှိသူတွေ ကို အကြပ်ရိုက် စေခဲ့ ပါတယ် ။

လက်ရှိ ယူနိုက်တက် ကွင်းလယ် မှာ ပေါ့ဘာ ဟာ စွမ်းဆောင်ရည် အကောင်းဆုံး ကစား သမား အဖြစ် ရှိနေ ခဲ့ပြီး အခြား ကစား သမားတွေ အပေါ် မှာ လည်း သြဇာ သက်ရောက် နိုင်မှု ရှိနေ ခဲ့ ပါတယ် ။ ဒီလို အချိန် မှာ ဆန်းချက် ရဲ့ လစာများပြား လွန်းမှု ဟာ ပေါ့ဘာ အတွက် မြက်ခင်းစိမ်းပေါ် က ကစားပွဲတွေ ထက် ပိုပြီး တွေးတော စဉ်းစား ရမယ့် အရာ ဖြစ်လာခဲ့ ပါတယ် ။

ဆိုးရှား ဟာ ပေါ့ဘာ ကို အသင်းမှာ ဆက်လက် ထိန်းသိမ်းထား ဖို့ စိတ်ပိုင်း ဖြတ်ထားပြီး ပြင်သစ်သား ကို အခွင့် အရေး အလေးပေးမှု တွေ ပြုလုပ်သွား ဖို့ ရည်ရွယ် ထားတယ် လို့ ကြားသိရ ပါတယ် ။ ဒါ့အပြင် ဆိုးရှား ဟာ ဖယ်လေနီ ၊ ဟာရဲရား ၊ ဆန်းချက် တို့လို သက်ကြီး ကစား သမားတွေ ကို ရှင်းထုတ် ပြီး ငယ်ရွယ် တဲ့ ကစား သမားတွေ ၊ အကယ်ဒမီ ထွက်တွေ နဲ့ ပြန်လည် တည်ဆောက်ဖို့ လည်း စိတ်ကူး ထားသူ တစ်ယောက် ဖြစ်ခဲ့ ပါတယ် ။

ဒါကြောင့် လူကာကူ မရှိတော့ ချိန် မှာ အလက်ဆစ် ဆန်းချက် ကို ထပ်မံ စွန့်လွှတ် ခဲ့တာ ဖြစ်ပြီး အစားထိုး ကစား သမား ကိုလည်း ၀ယ်ယူခြင်း မပြုခဲ့ ပါဘူး ။ လစ်လပ် သွားတဲ့ တိုက်စစ်မှုး နေရာ ကို မာရှယ် ၊ ရက်ဖိုဒ့် တို့ လက်ထဲ လွှဲအပ် ခဲ့သလို အရန် နေရာ အတွက်လည်း အကယ်ဒမီ ထွက် ကစား သမား မေဆင် ဂရင်းဝုဒ် ကို ပေးအပ် ခဲ့ ပါတယ် ။

ကွင်းလယ် မှာလည်း အန်ဒရေ ပါရဲရား ၊ တော်မီနေး တို့လို လူငယ်တွေ ကို နေရာ ပိုမို ပေးခဲ့ပြီး အသက် အရွယ် အရ အကျပိုင်း ကို ရောက်လာတဲ့ နီမန်ဂျာ မာတစ် ကို အရန် ခုံမှာ ထိုင်ခိုင်း ထားခဲ့ ပါတယ် ။ ဒါဟာ ဆိုးရှား တည်ဆောက် နေတဲ့ ယူနိုက်တက် အသင်းပါပဲ ။ ရလဒ်တွေ ကတော့ ပရိသတ် အကြိုက် ဖြစ်ချင် မှ ဖြစ်ပါလိမ့်မယ် ။ ဒါပေမယ့် ယူနိုက်တက် ဟာ နောက် လာမယ့် ၄-၅ နှစ် အတွက် ကြိုတင် ပြင်ဆင်ပြီး တည်ဆောက် နေခဲ့ တာပါ ။

ဒါ ဟာ အလက်ဆစ် ဆန်းချက် ကို ဘာကြောင့် ရောင်းထုတ် ခဲ့သလဲ ဆိုတာ အဖြေ တွေ ထဲ က တစ်ခု ပါပဲ ။ လစာ ကြီးမားလွန်းတာ ၊ ဆန်းချက် ကြောင့် အသင်း အတွင်း စည်းလုံးမှု ယိုယွင်းလာတာ ၊ အသက် အရွယ်ကြီး မြင့် လာတာ တွေ ဟာ ချီလီ သား ကို အိုးထရက်ဖိုဒ့် ကနေ လွင့်စင်သွား စေခဲ့တဲ့ အကြောင်း အရင်းတွေ ပါပဲ ။ ဆန်းချက် ဟာ အီတလီ မှာ အောင်မြင်ကောင်း အောင်မြင် နိုင် ပါတယ် ။ ဒါပေမယ့် ဆိုးရှား ရဲ့ ဒိုင်ယာရီ ထဲ မှာတော့ ဆန်းချက် ဆိုတဲ့ အမည်ပါတဲ့ စာရွက်တွေ သိပ် ရှိမှာ မဟုတ်တော့ ပါဘူး ။

SPORTS MYANMAR