မနေ့ညက ဒွန်ကမ်ရဲ့ အေးဂျင့် ဖြစ်သူ ထုတ်ပြန်လိုက်တဲ့ တရားဝင် ကြေငြာချက်ကြောင့် ၊ လီဗာပူး နဲ့ ပတ်သက်တဲ့ အသိုင်းအ၀ိုင်း တစ်ခုလုံး လှုပ်လှုပ်သဲသဲ ဖြစ်သွားခဲ့ကြတာပါ။

ဂျရတ် ရဲ့ ညီဝမ်းကွဲ ဖြစ်သူ ဒွန်ကမ်ဟာ လီဗာပူးကို ပြောင်းလာတာ တစ်နှစ် အကြာမှာပဲ ၊ လစာ နည်းလို့ ဆိုတဲ့ အကြောင်းပြချက်ကို အခြေခံကာ ၊ အသင်းပြောင်းဖို့ ကြိုးစားလာခဲ့ရာကနေ ၊ အေးဂျင့် ဖြစ်သူ ရူဘီ က ကလပ် အသင်းနဲ့ အားကစား ဒါရိုတ်တာ မိုက်ကယ် အက်ဒ်ဝပ် ကို တိုက်ခိုက်တဲ့ စကားလုံးတွေ ထုတ်ဖော်ရေးသားလာခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ကြေငြာချက်မှာတော့ –

“ ဒွန်ကမ် ရဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်လာတာ တော်တော်လေး ကြာနေခဲ့ ပါပြီ။ ဒီကနေ့မှာတော့ လီဗာပူး အားကစား ဒါရိုတ်တာ မိုက်ကယ် အက်ဒ်ဝပ် ရဲ့ ပြောဆိုသွားတဲ့ ပုံစံက လုံးဝကို လက်ခံနိုင် စရာ မရှိပါဘူး။
ပြီးခဲ့တဲ့ ဘောလုံးရာသီ မတိုင်ခင် ကတည်းက ကျနော်ဟာ လီဗာပူး အကယ်ဒမီ ဒါရိုတ်တာ အင်ဂလက် သရုတ်နဲ့ တွေ့ခဲ့သလို ၊ သူ ကိုယ်တိုင် ကလဲ ဒွန်ကမ်ဟာ လီဗာပူးမှာ ပျော်ရွှင်မှု မရှိတော့ဘူး ဆိုတာ လက်ခံခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒွန်ကမ် အတွက် ကမ်းလှမ်းမှုတွေ ရှိရင် ခေါ်လာခဲ့ဖို့ ကျနော့်ကို သေချာ မှာလိုက်တာပါ။

စီနီယာ ပွဲထွက် ကစားခွင့် တစ်ပွဲမှ မရသေးတဲ့ ဘောလုံး သမား တစ်ယောက်ကို ဘယ်လို ကလပ်မျိုးက ဈေးကြီးပေးပြီး ခေါ်မှာလဲ။ ဒါကြောင့်မို့ ကျနော်တို့ မျှော်လင့်ထားတာက တစ်ရာသီ အငှားထွက်ကစားမယ် ၊ အဲဒီ စာချုပ်မှာလဲ ပေါင် 1.5 သန်း နဲ့ အပြီးသတ် ခေါ်ယူနိုင်ခွင့် သဘောတူညီမှုပါ ထည့်သွင်း ပေးမယ်ပေါ့။
ဒါဆိုရင် လီဗာပူး အတွက်လဲ လုံလောက်မယ် ထင်ပါတယ်။ ဒါပေမယ့် မိုက်ကယ် အက်ဒ်ဝပ် ကတော့ အဲဒီ အဆိုကို ပယ်ချသွားခဲ့တယ်ဗျ။
ဒါနဲ့ ကျနော် တို့ ဘက်ကလဲ ဒွန်ကမ်သာ တစ်ဖက် အသင်းမှာ စီနီယာ ပွဲထွက် ကစားခွင့် 5 ပွဲ ကျော်တာနဲ့ ပြောင်းရွှေ့ကြေးလဲ မြင့်မယ် ၊ ပြန်လည် ရောင်းချခဲ့ရင်လဲ % နဲ့ ပြန်ပြီး ထပ်ပေးဦးမယ်လို့ ကမ်းလှမ်းခဲ့တာတောင် ၊ အက်ဒ်ဝပ်က ယုံကြည်မှု မရှိဘူး ဆိုပြီး ပယ်ချသွားခဲ့ပြန်တယ်လေ။

သေချာပေါက် ပြောနိုင်တာ တစ်ခုက သူဟာ လီဗာပူး အတွက် ဘယ်တော့မှ ပြန်ပြီး ကစားပေးတော့မှာ မဟုတ်ပါဘူး ၊ အထူးသဖြင့် အခုလို လစာ ပမာဏ နည်းနည်းလေး ရတဲ့ အနေအထားနဲ့ ဘယ်လိုမှ ပြန်ကစားပေးမှာ မဟုတ်ပါဘူး” လို့ ထုတ်ဖော် ရေးသားသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ကြေငြာချက်ကို ဒွန်ကမ် ကလဲ သူ့ရဲ့ Wall ပေါ်မှာ ပြန်ရှဲ လိုက်ချိန်မှာတော့ လီဗာပူး ပရိသတ်တွေဟာ ကစားသမားကိုရော ၊ အေးဂျင့် ဖြစ်သူကိုပါ ပြင်းပြင်း ထန်ထန် ဝေဖန်လာခဲ့ကြတာပါ။

ထိပ်ဆုံးကနေ ရှေ့ထွက်လာခဲ့တဲ့ သူကတော့ ဂန္တ၀င် ကစားသမားကြီး ကာရေဂါ ဖြစ်ပြီး ၊ ဒွန်ကမ် ရဲ့ မိသားစု ကိုရော ၊ ကစားသမားကိုပါ ကောင်းကောင်း သိထားကြောင်း ၊ ဒီအရွယ်နဲ့ ရာသီအကြို ပြင်ဆင်မှုတွေမှာ ပွဲထွက် ကစားရရင်ပဲ ကျေနပ်သင့်တယ်လို့ ထင်ကြောင်း ၊ အေးဂျင့် ရူဘီ အနေနဲ့ အဲဒီလိုမျိုး အကြံအညဏ်ကိုသာ ပေးသင့်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

အဲဒီ အချိန်မှာ ဒွန်ကမ်ရဲ့ အေးဂျင့် ရူဘီ က “ ကာရေဂါ ခင်ဗျား အနေနဲ့ လူတွေကို ဘယ်လို တံတွေး နဲ့ ထွေးရတယ် ဆိုတာ ကိုရော အကြံအညဏ် မပေးချင်ဘူးလား” ဆိုပြီး ပြန်ရွဲ့ရေး ရာကနေ လီဗာပူး ပရိသတ်တွေကလဲ ထဲထဲဝင်ဝင်အထိ ပါဝင်လာခဲ့ပြန်ပါတယ်။

ကာရေဂါကလဲ သူ့ရဲ့ လုပ်ရပ်အတွက် တောင်းပန်ပြီးသား ဖြစ်ကြောင်း ၊ ဒွန်ကမ် အနေနဲ့လဲ လီဗာပူး က ကန် မထုတ်ခံရမီ ၊ ဒီအေးဂျင့် ကို ကန်ထုတ်သင့်နေပြီလို့ ပြတ်ပြတ်သားသား ပြောဆိုသွားခဲ့ ပါတယ်။

တစ်ဆက်တည်းမှာပဲ လီဗာပူး ပရိသတ်တွေ ကလဲ ရူဘီ ရဲ့ အွန်လိုင်းမှာ လိင်ပိုင်းဆိုင်ရာ ခွဲခြား ဆက်ဆံတဲ့ ပို့စ်တွေ ရေးသားထားခဲ့မှုတွေ ပြန်လည် ဖော်ထုတ်ခဲ့သလို ၊ လီဗာပူး အသင်းခေါင်းဆောင် ဟန်ဒါဆင် ကိုလဲ ဘာအောင်မြင်မှုမှ ရမယ့် ကစားသမားမျိုး မဟုတ်ဘူးလို့ ပြောဆိုခဲ့တဲ့ အကြောင်းတွေလဲ ထပ်မံ ထွက်ပေါ်လာခဲ့ပါတယ်။

အဲဒီလို အကြောင်းအရာတွေ ပေါ်ပေါက်လာချိန်မှာတော့ ရူဘီဟာ သူ့ရဲ့ Twitter အကောင့်ကိုပါ ဖျက်သိမ်းသွားခဲ့ပြီး ၊ ကိုယ်ယောင်ဖျောက်လျှက် ရှိနေပါတယ်။

ဒွန်ကမ် ကတော့ ကာရေဂါ က ပြောဆိုလိုက်ပြီး နောက်ပိုင်း ၊ သူ Share ထားတဲ့ ရူဘီ ရဲ့ စတေး တပ်ကိုလဲ ပြန်လည် ပယ်ဖျက်သွားခဲ့ပါတယ်။