တော့တင်ဟမ် အသင်းရဲ့ကွင်းလယ်လူ လူးကပ်စ်မော်ရာ က မြောက်လန်ဒန်ဒါဘီပွဲမှာ အာဆင်နယ် နောက်ခံလူ ​ဒေးဗစ်လူးဝဇ် နဲ့ သူငယ်ချင်း ဆက်ဆံရေးကို ခဏ ဘေးဖယ်ထားပြီး အမ်းမရိတ်မှာ အနိုင် သုံးမှတ်ရဖို့ အစွမ်းကုန် ကြိုးစား ကစားသွားမယ်လို့ ဆိုပါတယ်။

တော့တင်ဟမ် အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အိမ်ကွင်းမှာ နယူးကာဆယ် အသင်းကို တစ်ဂိုး ဂိုးမရှိ နဲ့ ရှုံးနိမ့် သွားခဲ့ပြီး ဒီရာသီ ပထမဆုံး ရှုံးပွဲ နဲ့ ကြုံ တွေ့သွားခဲ့ရပါတယ် ။ တော့တင်ဟမ် အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ( ၃ ) အပြီးမှာ တစ်ပွဲနိုင် ၊ တစ်ပွဲသရေ ၊ တစ်ပွဲရှုံးနဲ့ အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည် နေပါတယ် ။

ယခု တစ်ပတ်မှာတော့ တော့တင်ဟမ် အသင်းဟာ အမ်းမရိတ် ကွင်းမှာ ခါးသီးလှတဲ့ မြို့ခံ ပြိုင်ဘက် အာဆင်နယ် အသင်းနဲ့ ကစားရမှာလည်း ဖြစ်ပါတယ် ။ မြောက်လန်ဒန်ဒါဘီပွဲ မတိုင်မှီ မော်ရာ က သူငယ်ချင်း ဒေးဗစ်လူးဝဇ်နဲ့ အိမ်ချင်း နီးသွားတဲ့အတွက် ဝမ်းသာမိကြောင်းနဲ့ အာဆင်နယ် အသင်းကို အနိုင်ကစားဖို့ ယုံကြည်မှု အပြည့်ရှိနေကြောင်း ကြွေးကြော် သွားခဲ့ပါတယ် ။

မော်ရာ က Standard Sport နဲ့ အင်တာဗျူးမှာ ” ဒေးဗစ်(လူးဝဇ် ) က အတွေ့အကြုံရင့် ကစားသမား တစ်ဦးပါ။ ခက်ခဲတဲ့ အခြေအနေတွေကို ဘယ်လို ကျော်ဖြတ် ရမလဲ ဆိုတာ ကောင်းကောင်း သိသူပါ။ဒီထက်ပိုကောင်းတဲ့ ပုံစံနဲ့ သူ ပြန်လာနိုင် ပါလိမ့်မယ်။”

” သူ အာဆင်နယ် အသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ အတွက် ကျနော့် အိမ်နဲ့ ပိုနီး သွားခဲ့ပါပြီ ။ ချဲလ်ဆီး အသင်းမှာ တုန်းကထက် သူ ကျနော် အိမ်လာလည်ဖို့ ပိုမို လွယ်ကူ သွားတာပေါ့ဗျာ။အရင်တုန်းက ကျနော့် အိမ်နဲ့ သူ့အိမ်က အရမ်း ဝေးပါတယ်။”

” တနင်္ဂနွေနေ့ ပွဲကျရင်တော့ သူက ကျနော့် ပြိုင်ဘက်ပါပဲ ။ ကျနော့် အသင်း အနိုင် သုံးမှတ် ရဖို့ အကောင်းဆုံး ကြိုးစား ကစား သွားမှာပါ ။ ကွင်းထဲမှာတော့ ကျနော်တို့ နှစ်ယောက်ရဲ့သူငယ်ချင်း ဆက်ဆံရေးကို ဘေးဖယ် ထားမှာပါ။ ပြိုင်ဘက်က ဘယ်သူ ဖြစ်ဖြစ် ကျနော်ကတော့ ကိုယ့်အလုပ်ကိုအကောင်းဆုံး လုပ်ဆောင်ပြီး အနိုင်သုံးမှတ်ရဖို့ ကြိုးစား သွားမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ်။

အာဆင်နယ် နဲ့ တော့တင်ဟမ် အသင်းတို့ဟာ မနှစ်က သုံးကြိမ်အထိ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး တစ်ပွဲ စီ အနိုင်ရခဲ့ကာ တစ်ပွဲ သရေရလဒ် ထွက်ပေါ် ခဲ့ပါတယ် ။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက အမ်းမရိတ်ကွင်းမှာ ကစားခဲ့စဉ်တုန်း က အာဆင်နယ် အသင်းဟာ တော့တင်ဟမ် အသင်းကို လေးဂိုး နှစ်ဂိုး နဲ့ ဂိုး ပြတ် အနိုင် ရထားပါတယ် ။

အာဆင်နယ် နဲ့ တော့တင်ဟမ် တို့ရဲ့ မြောက်လန်ဒန် ဒါဘီ ပွဲကို အင်္ဂလန် ဒိုင်လူကြီး မာတင် အက်ကင်ဆန် က တာဝန်ယူ ကိုင်တွယ် သွားမှာပါ ။ အက်ကင်ဆန် ဟာ မြောက်လန်ဒန် ဒါဘီပွဲကို လေးကြိမ်တိုင်တိုင် တာဝန်ယူခဲ့ပြီး တော့တင်ဟမ် အသင်းက တစ်ကြိမ်အနိုင်ရထားပြီး သုံးကြိမ် သရေကျထားပါတယ်။

SPORTS MYANMAR