နည်းပြ ဂါရက်ဆောက်ဂိတ်ဟာ မန်ချက်စတာယူနိုက်တက် ညာနောက်ခံလူ အာရွန်ဝမ်ဘစ်ဆာကာကို အင်္ဂလန် လက်ရွေးစင် အသင်းမှာ နေရာ တစ်နေရာနဲ့ ထိုက်တန်မှု ရှိတယ် ဆိုတာ ပြသဖို့ အတွက် အခွင့်အရေး ပေးဖို့ စိတ်အား ထက်သန် နေပါတယ်။

ယူနိုက်တက်ရဲ့ ၀မ်ဘစ်ဆာကာ ဟာ ဘူဂေးရီးယား ၊ ကိုဆိုဗို တို့နဲ့ ကစားရမယ့် အင်္ဂလန် ရဲ့ လာမည့် ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ်တွေ အတွက် နည်းပြ ဂါရက်ဆောက်ဂိတ် ရဲ့ ပထမဦးဆုံး အကြိမ် ရွေးချယ်ခြင်း ခံခဲ့ ရပါတယ်။ အသက် ၂၁ နှစ် အရွယ် ၀မ်ဘစ်ဆာကာ ဟာ အဆိုပါ ခြေစစ်ပွဲစဉ်တွေ အတွက် မန်စီးတီးရဲ့ ကိုင်းဝေါ်ကာကို ကျော်ကာ ရွေးချယ် ခံခဲ့ရပြီး ယူနိုက်တက် ကြယ်ပွင့်ဟာ ညာနောက်ခံလူ နေရာ အတွက် ကီရန်ထရစ်ပီးယား နဲ့ ထရန် အလက်ဇန်းဒါး အာနိုး တို့နဲ့ ပူးပေါင်း နိုင်ခဲ့ ပါတယ်။

မန်စီးတီး စတား ကိုင်းဝေါ်ကာ ကို ချန်လှပ်ကာ ၀မ်ဘစ်ဆာကာ ကို ရွေးချယ် ခဲ့တဲ့ ဆုံးဖြတ်ချက် ကို နည်းပြ ဂါရက် ဆောက်ဂိတ် က “ကျွန်တော်တို့ ပြီးခဲ့တဲ့ နှစ်ကတည်းက ၀မ်ဘစ်ဆာကာ ကို အနီးကပ် စောင့်ကြည့် လေ့လာ နေခဲ့တာ ဖြစ်ပြီး သူဟာ အရမ်းကို ကောင်းမွန် လှတဲ့ ဘောလုံး ရာသီ တစ်ခုကို ပိုင်ဆိုင် နိုင်ခဲ့တယ်လို့ ကျွန်တော်တို့ ယူဆ ခဲ့ကြ ပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ သူ့ကို ယူ ၂၁ အုပ်စု မှာသာ ဆက်ရှိ စေဖို့ အလို ရှိခဲ့ပါတယ်။ သူဟာ အဲဒီမှာ ကောင်းစွာ အထိုင်ကျ ခဲ့ကာ အသင်းကြီး တစ်သင်းဆီကို လျှင်လျှင်မြန်မြန်ပဲ ပြောင်းရွေ့ နိုင်ခဲ့ ပါတယ်။ ကျွန်တော်တို့ သူနဲ့ ထရန် အလက်ဇန်းဒါးအာနိုး တို့ကို လူငယ်ခြေတက်တွေကို အထူး စောင့်ကြည့် နေခဲ့ပြီး ဒါဟာ ကိုင်းဝေါ်ကာ ကျွန်တော်တို့နဲ့ အတူ ပါမလာတဲ့ အကြောင်းရင်း ဖြစ်ပါတယ်။

ကျွန်တော်တို့ ကီရန် ထရစ်ပီးယား ကို ဒီအုပ်စုထဲ ပြန်လည် ထည့်သွင်း ချင်ခဲ့ပါတယ်။ သူဟာ ကြီးမားတဲ့ အပြောင်းအရွေ့ အဖြစ် အက်သလက်တီကို မက်ဒရစ်ကို ပြောင်းရွေ့ နိုင်ခဲ့ပြီး လူတော်တော် များများ သူ့အပေါ် စောင့်ကြည့်ခြင်း ခံနေရ ပါတယ်။

ကျွန်တော်တို့ နေရာ တော်တော် များများ မှာ အတွေ့အကြုံပိုင်း အားနည်း နေပေမယ့် ကျွန်တော်တို့ အနေနဲ့ အသင်း တစ်သင်း အနေနဲ့ ပြောင်းလဲမှုတွေ အမြဲ လုပ်နေရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုးတက်မှု ရှိတဲ့ ၂ နှစ်တာ ကာလကို ပိုင်ဆိုင် ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရပ်တန့် နေလို့ မရပါဘူး။ ကာလရှည် စီမံကိန်း အတွက် ကျွန်တော်တို့ လူငယ် ကစားသမား တွေကို စတင် ပေါင်းစပ် သွားဖို့ လိုအပ် ပါတယ်။” လို့ ဆိုလိုက် ပါတယ်။

ဆောက်ဂိတ်ဟာ ဒီရာသီ လက်စတာ နဲ့ ချဲလ်ဆီး တို့မှာ အထူး ခြေစွမ်းပြ နေတဲ့ ဂျိမ်းစ်မက်ဒီဆင် နဲ့ မေဆင်မောင့် တို့ကိုလည်း အသီးသီး ခေါ်ယူ ခဲ့ပါသေးတယ်။

အင်္ဂလန်ရဲ့ လူစာရင်း

ဂိုး – တွန်ဟီတန် ၊ နစ်ပုတ် ၊ ဂျော်ဒန်ပစ်ဖို့ဒ်

နောက်တန်း – အလက်ဇန်းဒါးအာနိုး ၊ ဘန်ချီဝဲလ် ၊ ဂျိုးဂိုးမက်ဇ် ၊ မိုက်ကယ်ကိန်း ၊ ဟယ်ရီမက်ဂွိုင်းယား ၊ တိုင်ရွန်မင့် ၊ ဒန်နီရို့စ် ၊ ထရစ်ပီးယား ၊ ဘစ်ဆာကာ

ကွင်းလယ် – ဘာကာလေ ၊ ဟန်ဒါဆန် ၊ မက်ဒီဆင် ၊ မောင့် ၊ အောက်စလိတ်ချိန်ဘာလိန် ၊ ရိုက်စ် ၊ ဟယ်ရီဝင့်

တိုက်စစ် – ဟယ်ရီကိန်း ၊ ဂျယ်စီလင်ဂတ် ၊ ဆန်ချို ၊ စတားလင်း ၊ ရပ်ဖို့ဒ် ၊ ကာလမ်ဝယ်ဆင်