ချယ်လ်ဆီး အသင်း ဟာ ယခုနှစ် ဘောလုံး ရာသီ အတွက် ကစားသမားသစ် ခေါ်ယူခွင့် အပိတ် ခံထား ရတာကြောင့် အကယ်ဒမီ ထွက် လူငယ် ကစားသမား တွေနဲ့ အငှား က ပြန်ရောက် လာတဲ့ လူငယ် ခြေတက် တွေကို အသုံးပြု နေရပါတယ် ။ လက်ရှိ မှာ အသင်း ရဲ့ ဂန္တဝင် ကွင်းလယ်လူ ဖရန့် လမ်းပတ် ကို ၄င်းတို့ရဲ့ နည်းပြသစ် ခေါ်ယူ ခန့်အပ် ထားတာကြောင့် ချယ်လ်ဆီး တို့ ဖရန့် အပေါ် အချိန် အတိုင်းအတာ တခု ပေးဖို့ လိုနေပါတယ် ။

လမ်းပတ် ဟာလည်း လူငယ် ခြေတက် တွေကို နေရာ ပေးတတ်တာကြောင့် တမ်မီ အေဘရာဟမ် ၊ မေဆင်မောင့် အစရှိတဲ့ လူငယ် တွေ နေရာ ရလာတာ ကို တွေ့ရပါတယ် ။ ဒါ့အပြင် ၄င်းတို့ဟာ လမ်းပတ် ရဲ့ ယုံကြည်မှု တွေကို ကြိုးစားမှု ၊ အကောင်းဆုံး ခြေစွမ်း တွေနဲ့ ပေးဆပ် နေကြပါတယ် ။ လက်ရှိ ချယ်လ်ဆီး အသင်း ရဲ့ ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး တွေကို အေဘရာဟမ် နဲ့ မေဆင်မောင့် တို့က သွင်းယူ ခဲ့တာ ကို ကြည့်ခြင်းဖြင့် လူငယ် တွေရဲ့ ခြေစွမ်း လည်း မသေးဘူး ဆိုတာ မြင်တွေ့ ရမှာ ဖြစ်ပါတယ် ။

ထို့အပြင် ဟတ်ဒ်ဆန် အိုဒွိုင်း ၊ ရူဘင် လော့ဖ်တပ်စ်ချိခ် တို့ဟာလည်း ဒဏ်ရာ ကနေ အပြီး မသက်သာ သေးတာကြောင့် ၄င်းတို့ကိုလည်း မကြာခင် ချယ်လ်ဆီး အသင်း မှာ ပြန်ကစား တာကို မြင်တွေ့ ရတော့မှာ ဖြစ်ပါတယ် ။ ချယ်လ်ဆီး ကစားသမား ဟောင်း ပေါလ် အီလီယော့တ် ကတော့ မေဆင်မောင့် နဲ့ ဟတ်ဒ်ဆန် အိုဒွိုင်း တို့ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ သူ့ကို စိတ်လှုပ်ရှားစေဆုံး ကစားသမား တွေ ဖြစ်ကြောင်း ပြောဆို ခဲ့ပါတယ် ။

Football London နဲ့ အင်တာဗျူး မှာ အီလီယော့တ် က ” မေဆင်မောင့် ဟာ ဒီရာသီ မှာ အထူး တိုးတက် လာပါတယ် ။ ဒါဘီ မှာတုန်းက သူ့ရဲ့ ခြေစွမ်း နဲ့ ပတ်သက်ပြီး သတင်းကောင်း တွေ ၊ ချီးမွမ်းမှု တွေကို ကျွန်တော် ကြားမိပါသေးတယ် ။ နောက်ပြီး ချယ်လ်ဆီး အသင်း ဟာ ဟတ်ဒ်ဆန် အိုဒွိုင်း ကိုလည်း ပိုင်ဆိုင် ထားပါသေးတဟ် ။ သူဟာ ထိပ်တန်း အဆင့် ကစားသမား ဖြစ်ပါတယ် ။ ”

” ဘိုင်ယန်မြူးနစ် ဖက်က သူ့လို ကစားသမား တယောက် ကို သန်း ၄၀ ပေးပြီး ချဉ်းကပ်တယ် ဆိုတာ သူ ဘယ်လောက် အထိ စွမ်းရည် ရှိပြီးသား ကစားသမား တယောက်လဲ ဆိုတာ မြင်သာ စေပါတယ် ။ ဒါတောင် သူ့ရဲ့ အကောင်းဆုံး ပုံစံ က မရောက်လာသေးပါဘူး ။ ဖရန့် ဟာ သူတို့ရဲ့ အကောင်းဆုံး ပုံစံ တွေကို ထုတ်ပေးပါလိမ့်မယ် ။ ဟတ်ဒ်ဆန် အိုဒွိုင်း နဲ့ မေဆင်မောင့် ဟာ ချယ်လ်ဆီး ရဲ့ အနာဂတ် ကို ကိုယ်စားပြုပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ဆက်လက်ပြီး အီလီယော့တ် က လူငယ် ကစားသမား အများစု နဲ့ ရှေ့ဆက် ရမှာ ဖြစ်လို့ လက်ရှိ နည်းပြ ဖရန့် လမ်းပတ် ဟာ ချယ်လ်ဆီး အသင်း ကို ကိုင်တွယ်ဖို့ အသင့်လျော်ဆုံး ဖြစ်ကြောင်း ထောက်ခံ ပြောဆို ခဲ့ပါတယ် ။

အီလီယော့တ် က ” ဖရန့် ချယ်လ်ဆီး နည်းပြ ရာထူး ကို လက်ခံ လိုက်လို့ ကျွန်တော် အရမ်း ဝမ်းမြောက် မိပါတယ် ။ လူတွေက သူဟာ နည်းပြ အတွေ့အကြုံ မရှိသေးဘူး လို့ ဝေဖန် ကြပါတယ် ။ ဒါပေမယ့် တချိန်ချိန် မှာ ဒီလို အတွေ့အကြုံ တွေက ကိုယ့်ဆီကို ရောက်လာမှာပဲ မဟုတ်လား ? မန်နေဂျာ တယောက် အနေနဲ့ ဖရန့် ဟာ ချယ်လ်ဆီး လူငယ် တွေကို နေရာ ပေးနေပါတယ် ။ သူဟာ ချယ်လ်ဆီး အတွက် ပြီးပြည့်စုံ တဲ့ မန်နေဂျာ တယောက် ဖြစ်ပါတယ် ။ ”

” ဒီ အလုပ် ဟာ ဖရန့် နဲ့ လိုက်ဖက်မှု ရှိပါတယ် ။ သူဟာ ဒီကလပ် နဲ့ ဒီ ကလပ် ရဲ့ DNA ကို သိထားပြီးသားပါ ။ အခုဆို သူဟာ တမ်မီ အေဘရာဟမ် နဲ့ မေဆင်မောင့် တို့ကို စင်တင် ပေးထားပါပြီ ။ ဖရန့် ဟာ ကြမ်းတမ်း တဲ့ ဘောလုံး ရာသီ တခု ပြီးရင် သူ့ အသင်း ရဲ့ ကစားသမား တွေ အပေါ် ကာကွယ်မှု ပေးတတ်ပါတယ် ။ ချီးကျူးမှု တွေ ၊ အပေါင်း လက္ခဏာ ဆောင်တဲ့ အချက် တွေကို ထုတ်နုတ် ပေးတတ်ပါတယ် ။ ”

” သူဟာလည်း ချယ်လ်ဆီး ရဲ့ အနာဂတ် မန်နေဂျာ ဖြစ်ပါတယ် ။ ချယ်လ်ဆီး ကို ကိုင်တွယ် နိုင်ဖို့ အတွက် အောင်မြင်မှု တွေနဲ့ အနိုင် ရလဒ် တွေ ရအောင် စွမ်းဆောင် နိုင်ဖို့ လိုတယ် ဆိုတာ ကျွန်တော် သိပါတယ် ။ ဒါပေမယ့် ဖရန့် ဟာ အရင် နည်းပြ တွေထက် အချိန် ပိုပေးခံ ရမှာပါ ။ ဖရန့် ဟာ ထိပ်တန်း မန်နေဂျာ တယောက် ဖြစ်လာမှာ သေချာပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR