ယာဂန်ကလော့ က လီဗာပူးရဲ့ ချန်ပီယံလိဂ် draw ဟာ တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ဆိုလိုက်ပါတယ်။ ဒီရာသီမှာ ဥရောပဖလားကို ကာကွယ်သွားရမယ့် လီဗာပူး ဟာ မနေ့ညက မိုနာကိုမှာ ပြုလုပ်ခဲ့တဲ့ မဲခွဲပွဲမှာတော့ အုပ်စု E မှာ နာပိုလီ ၊ ဂန့် ၊ ရက်ဘူးဆဲလ်ဘတ် တို့နဲ့ တစ်အုပ်စုတည်း ကျနေခဲ့ပါတယ်။

လီဗာပူးရဲ့ ချန်ပီယံလိဂ် အုပ်စုနဲ့ ပက်သက်ပြီး ကလော့က “နာပိုလီ ထပ်တွေ့ပြန်ပါပြီ! ကျွန်တော်တို့ နာပိုလီနဲ့ ဘယ်နှစ်ကြိမ်လောက် ကစားခဲ့ပြီးပြီးလဲ ဆိုတာ မသိတော့ပါဘူး။ ဒါပေမယ့် သူတို့ဟာ အရမ်းကို အတွေ့အကြုံ ရှိတဲ့ အသင်းဆိုတာတော့ အမှန်ပါပဲ။ ကျွန်တော့်အနေနဲ့ အခုဆိုရင် ဂန့် ဆဲလ်ဘတ် တို့ကို အနီးကပ် စောင့်ကြည့်သွားဖို့ လိုအပ်နေပါပြီ။ ဒါပေမယ့် သူတို့ဟာ နုပျိုတယ်။ စိတ်လှုပ်ရှားဖို့ကောင်းတယ်။ လန်းဆန်းတက်ကြွနေတဲ့ အသင်းဆိုတာ ကျွန်တော် သိထားပြီးသားပါ။ ဒါ့ကြောင့် ဒီအုပ်စုဟာ အရမ်းကို စိတ်လှုပ်ရှား စရာ ကောင်းမှာပါ။ ရာနှုန်းပြည့် ဖြစ်ပါတယ်။ ကျွန်တော် ဂန့် ၊ ဆဲဘတ် တို့နဲ့ မရင်ဆိုင်ဖူးဘူးလို့ ထင်ပါတယ်။ ဒါ့ကြောင့် စိတ်ဝင်စားဖို့ ကောင်းမှာပါ။ ချန်ပီယံလိဂ်ဟာ အမြဲတမ်း ဒီလိုပဲ ဖြစ်ပါတယ်။ လွယ်ကူတဲ့ အုပ်စုဆိုတာ မရှိပါဘူး။ ဘယ်အုပ်စုမှာမဆို ကျွန်တော်တို့ ရှောင်ပုန်းနေလို့ မရပါဘူး။

ကျွန်တော်တို့ နောက်တဆင့်ကို တက်ရောက်ဖို့ အတွက် အစွမ်းကုန် ကြိုးစား သွားရမှာပါ။ ကျွန်တော်တို့ ဒီိလိုပွဲတွေ ကစားဖို့ အတွက် အမြဲ အားခဲထားပါတယ်။ ကျွန်တော်တို့ အခုဆိုရင် ပြိုင်ဘက်တွေ ရသွားပါပြီ။ လေ့ကျင့်ရေးကွင်း ကနေ ထွက်ထွက်လာချင်း ဂန့်နဲ့ ကစားရတာ ဘယ်လိုလဲ ဆိုတာ ကျွန်တော် ဒီဗို့အိုရီဂီကို မေးခဲ့ပါသေးတယ်။ ကျွန်တော်တို့ ဒီသုံးသင်းစလုံးရဲ့ အနေအထားကို လေ့လာသုံးသပ်မှုတွေ လုပ်သွားမှာပါ။ ဒါပေမယ့် သူတို့ဟာ ပြီးခဲ့တဲ့ ရာသီက အရမ်းကောင်းတဲ့ နှစ်တစ်နှစ် ကို ပိုင်ဆိုင်ခဲ့တယ် ဆိုတာ ကျွန်တော် သိပါတယ်။ အမှန်ပါပဲ။ ဆဲဘတ်ဟာ နာဘီ ဆာဒီယို တို့လို ကစားသမားသစ်တွေ မွေးထုတ်ရာမှာ နာမည်ကျော်ပါတယ်။ သူတို့ဟာ ကစားသမားကောင်းတွေ အများကြီး ရှာဖွေ ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒါဟာ စိတ်ဝင်စားစရာ ကောင်းမှာပါ။” လို့ ဆိုသွားပါတယ်။

နာပိုလီ ဟာ တကယ့်ကို ကောင်းတဲ့ အသင်းပါ။ သူတို့နဲ့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပွဲဟာ ကျွန်တော်တို့ အကောင်းဆုံး ကစား နိုင်ခဲ့တဲ့ ပွဲတွေထဲက တစ်ပွဲ ပါပဲ။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ အရမ်းကို မာကျောလွန်းလို့ပါ။ ပြီးတော့ တန်ပြန်တိုက်စစ် အရမ်းကောင်းတဲ့ သူတို့ကို ဂိုးလုံးဝ ပေးလို့မရတဲ့ အနေအထားလည်း ဖြစ်ခဲ့ပါတယ်။ သူတို့ရဲ့ ကစားပုံက ရှင်းလင်းပြီး တကယ်ကောင်းပါတယ်။ ရာသီကြိုမှာတုန်းက ကျွန်တော်တို့ သူတို့ကို ၅-၀ နဲ့ ဒပ်ဗလင်မှာ နိုင်ခဲ့တဲ့ အချိန်မှာ ကျွန်တော် ဒီရလဒ်ကို သိပ်စိတ်မ၀င်စား ခဲ့ပါဘူး။ အခုဆိုရင် ဒီနှစ် ရာသီကြိုမှာ ကျွန်တော်တို့ ၃-၀ နဲ့ ရှုံးခဲ့ပါတယ်။ ဒါကလည်း သိပ်ပြီး စိတ်ဝင်စားဖို့ မကောင်းပါဘူး။ ဒါပေမယ့် သူတို့ ဘယ်လောက် ကောင်းသလဲဆိုတာကိုတော့ တွေ့ခဲ့ ရမှာပါ။

သူတို့ဟာ ပြီးပြည့်စုံတဲ့ အသင်း မဟုတ်သလို ကျွန်တော်တို့လည်း ဒီလိုပါပဲ။ ဒါပေမယ့် သူတို့ဟာ တကယ်ကောင်းတဲ့ အသင်းပါ။ ကာလိုဟာ တကယ့်ကို အတွေ့အကြုံ ကြွယ်ဝတဲ့ နည်းပြ ဖြစ်ပြီး ဒီပြိုင်ပွဲမှာ ဆုဖလားတွေ ရခဲ့ဖူးပါတယ်။ သူတို့ ပြီးခဲ့တဲ့ နှစ်က အုပ်စုကနေ ထွက်ခွာ ခဲ့ရပေမယ့် နောက်တဆင့် အတွက် အတော် နီးစပ်ခဲ့ပါတယ်။ အလီဟာ နောက်ဆုံးစက္ကန့်မှာ ကြီးကြယ်တဲ့ ကာကွယ်မှု လုပ်နိုင်ခဲ့လို့ပါ။ ဒါ့ကြောင့် သူတို့ ဒါကို မှတ်မိနေမှာပါ။ ဒါဟာ အရမ်းကို ခံစားချက်တွေ ပြင်းထန် နေမှာပါ။ သေချပါတယ်။

အခြားနှစ်သင်းနဲ့ ပက်သက်ပြီးတော့ လူတွေဟာ သူတို့ဟာ ဒီအုပ်စုနဲ့ အဖြည့်ခံ အသင်းတွေလို့ ပြောနေကြမယ် ဆိုတာ ကျွန်တော် သိပါတယ်။ ဒီလို မဟုတ်ပါဘူး။ ဂန့်အတွက် ဘယ်လိုလဲ ဆိုတာ ကျွန်တော် မသိပေမယ့် ဆဲဘတ် ချန်ပီယံလိဂ်ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ဖို့ ကာလရှည် တိုက်ပွဲဝင် ခဲ့တဲ့ အသင်းပါ။ ဒါ့ကြောင့် သူတို့ အစွမ်းကုန် တိုက်ပွဲဝင်သွား မှာပါ။ သူတို့မှာ ပရိတ်သတ် ၃သောင်းဆံ့ ကွင်းရှိပြီး သူတို့ဟာ ဒီပွဲတွေ အတွက် ကာလရှည် စောင့်ဆိုင်း နေခဲ့ရတာပါ။ ဒီလို အုပ်စု ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအတွက် ပြင်ဆင်ရတာပေါ့။” လို့ ဆိုလိုက် ပါတယ်။

SM