၂၀၁၉-၂၀ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးအတွက် အုပ်စုအဆင့် မဲခွဲမှုတွေကို ပြင်သစ်နိုင်ငံ မိုနာကို မြို့မှာ ယမန်နေ့က ကျင်းပသွားခဲ့ပါတယ်။မဲခွဲမှုတွေအရ ဂျာမန်ကလပ် ဒေါ့မွန် အသင်းဟာ အုပ်စုF မှာ ဘာစီလိုနာ၊ အင်တာမီလန်၊ ဆလားဗီးယားပရက်ဂ် တို့နဲ့ အတူကျရောက်နေပါတယ်။

ဥရောပရဲ့ ထိပ်သီးစာရင်းဝင် အသင်းကြီး ၃ သင်းပါဝင်နေသလို ယမန်နှစ် ချက် ပြည်တွင်းလိဂ် ချန်ပီယံ အသင်းပါ ပါဝင်နေလို့ အုပ်စုကျပ် တခုအဖြစ်သတ်မှတ်လို့ရနေတာဖြစ်ပါတယ်။ဒေါ့မွန် အသင်းခေါင်းဆောင် မာကိုရူးစ်ကတော့ ဒီအနေအထားကို လက်သင့်ခံနေပြီး ဘာစီလိုနာ နဲ့ ရင်ဆိုင်ရမှာကို နှစ်သက်မိတ်လို့ ဆိုပါတယ်။

ဘာစီလိုနာ အသင်းဟာ ချန်ပီယံလိဂ်အောင်မြင်မှုကြီးနဲ့ ကာလတခုကြာဝေးကွာနေခဲ့လို့ နောက်ပိုင်းနှစ်တွေမှာ ဦးစားပေးရည်မှန်းချက်အဖြစ် ကြိုးစားနေခဲ့တာဖြစ်ပေမယ့် နောက်ဆုံး လေးနှစ်အတွင်း ဖိုင်နယ်အဆင့်ကို မရောက်ထားဖူးသေးတာဖြစ်ပါတယ်။

မာကိုရူးစ်ကတော့ သူနဲ့ အသင်းဖော်တွေဟာ အဆိုပါ လာလီဂါ ချန်ပီယံကြီးနဲ့ ရင်ဆိုင်ရမယ့် ပွဲကို မစောင့်နိုင်အောင်ဖြစ်နေပြီးလို့ ဆိုသွားခဲ့ပါတယ်။UEFA ရဲ့တရားဝင် ဝက်ဘ်ဆိုက်ဒ်နဲ့ အင်တာဗျူးမှာ မာကိုရူးစ်က-

” ကျွန်တော်တို့ အသင်းသား အချို့ဟာ ဒီနေ့ နံနက် စာကို အတူစားသောက်ခဲ့ကြပြီး မဲခွဲပွဲမှာ ဘာစီလိုနာ နဲ့ အတူကျရောက် ချင်တဲ့ အကြောင်းကို ပြောဆိုခဲ့ကြပါသေးတယ်။အခုတော့ တကယ်ကို ဖြစ်သွားခဲ့ပါပြီ။ဒီအုပ်စုဟာ အတော်လေးခက်ခဲတယ်ဆိုတာတော့ အမြင်သာကြီးပဲဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ မကြာသေးမီ နှစ်များ အတွင်း မရင်ဆိုင် ခဲ့ရဖူးတဲ့ ပြိုင်ဘက်တွေနဲ့ ဆုံတွေ့နေတာဖြစ်ပါတယ်။ဘာစီလိုနာနဲ့ ရင်ဆိုင်ရမယ့် ပွဲကတော့ ကျွန်တော်တို့ အသင်းသားတွေ ပရိသတ်တွေ အတွက် ပါတီပွဲဆန်တဲ့ ပတ်ဝန်းကျင် အခြေအနေ တခုဖြစ်လာစေပါလိမ့်မယ်။ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က အုပ်စုကိုကျော်လွှားနိုင်ဖို့ဖြစ်ပြီး ကိုယ့်ရဲ့ အရည်အသွေးကို ကိုယ်ယုံပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

ဒီရာသီမှာ နည်းပြကွန်တီကို ခန့်အပ်ထားပြီး အားဖြည့်မှုတွေပြုလုပ်ထားတဲ့ အင်တာအသင်းကတော့ ဘာစီလိုနာ နဲ့ ၂နှစ်ဆက် ဆုံတွေ့နေတာဖြစ်ပါတယ်။ယမန်နှစ် အုပ်စုအဆင့်မှာတော့ အင်တာတို့ ဟာတတိယနေရာသာရခဲ့ပါတယ်။

ဒါပေမယ့် ဒုဥက္ကဌ ဖြစ်သူ ဇနက်တီကတော့ နည်းပြသစ်ကွန်တီရဲ့ ဦးဆောင်မှုနဲ့ အတူ အုပ်စုအဆင့်ကနေ တက်လှမ်းနိုင်ရေးမျှော်လင့်ချက် ထမြောက်အောင်မြင်နိုင်မယ် လို့ ခံစားနေရပုံပါပဲ။ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဇနက်တီ က –

” ဘာစီလိုနာ အသင်းဟာချန်ပီယံလိဂ်ရဲ့ အဓိက ဇာတ်ဆောင်အဖြစ်ရှိနေခဲ့တာကြာပြီဖြစ်ပါတယ်။သူတို့ဟာ သာမန်ထက် ထူးခြားကောင်းမွန်တဲ့ ကစားသမားတွေကို လည်း ပိုင်ဆိုင်ထားပါတယ်။ဒါပေမယ့် အုပ်စုတွင်းက အခြား၂သင်းကလည်းတောင့်တင်းတဲ့ ပြိုင်ဘက်တွေဖြစ်ပါတယ်။

ကျွန်တော်တို့ က ကိုယ့်ရဲ့ တနေရာစာအတွက် ကြိုးစားမှာဖြစ်ပြီး ဘာတွေ ဖြစ်လာမလဲဆိုတာ ကွင်းထဲမှာမြင်ရမှာဖြစ်ပါတယ်။ကျွန်တော်တို့ဟာကောင်းကောင်းဖွဲ့စည်းတည်ဆောက်ထားတဲ့ အသင်းဖြစ်ပြီး အတွေ့အကြုံရှိတဲ့ကစားသမားကောင်းတွေလည်း အားဖြည့်ထားပါတယ်။

၁၆သင်းအဆင့်ကို ရောက်ဖို့ အုပ်စုတွင်းရလဒ်တွေကောင်းဖို့ အဖြစ်မနေရည်မှန်းချက်ထား ကြိုးစားရတော့မှာဖြစ်ပါတယ်။အကောင်းဆုံးလုပ်နိုင်စရာတွေလည်းရှိပါတယ်။အသင်းကောင်းတွေနဲ့ ဆုံတွေ့နေပေမယ့်လည်း ကျွန်တော်တို့က အင်တာအသင်းဖြစ်ပါတယ်။

လက်ချီ အသင်းကို ၄-၀ ဂိုးနဲ့ အနိုင်ရတဲ့ ပွဲမှာဆိုရင် ကျွန်တော်တို့ အသင်းသားတွေဟာ ကိုယ့်ရဲ့ ပွဲဖြစ်လာအောင်လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ဒါဟာအရေးကြီးပြီး နည်းပြကလည်း သူတို့ရဲ့ ကြိုးစားမှုကို ကျေနပ်အားရနေပါတယ်။

အားလုံးကတော့ မျှော်လင့်ချက်တွေ နဲ့စောင်ကြည့်နေကြတယ်ဆိုတာကို လည်းသူက နားလည်ပါတယ်။သူဟာ မှန်ကန်သင့်တော်တဲ့ စိတ်ဓာတ်မျိုး ယူဆောင်လာပေးထားပါတယ်။ကွန်တီဟာဘောလုံး အားကစားနဲ့ အသက်ရှင်သူဖြစ်ပြီးသူ့ရဲ့ စိတ်အားထက်သန်မှုနဲ့ အနိုင်လိုစိတ်တွေကို အသင်းသားတွေကို ကူးစက်စေထားပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

SPORTS MYANMAR

Unicode